အင်းတော်မှာ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဒဏ်ချမှတ်ခံရ

အင်းတော်မှာ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဒဏ်ချမှတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးကို အင်းတော်မြို့နယ် စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်ပြီး ဒါဟာ အင်းတော်ဒေသမှာ ပထမဆုံး သေဒဏ်အမိန့်ချမှတ်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၈ ရက်က အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ က၊ ၅၂ က၊ ၅၂ ခ စတဲ့ ပုဒ်မတွေနဲ့  ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ PDF တွေနဲ့ဆက်နွယ်တယ်လို့ စွပ်စွဲထားပေမယ့် ဒေသခံတွေကတော့ အဆိုပါ ပြည်သူ ၄ ဦးဟာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။

“တဦးက ကားမောင်းတာ၊ ကျနော် သိသလောက်တော့ PDF တွေနဲ့ အဆက်စပ်မရှိဘူး၊ ၂ ဦးက ထီးချိုင့်ကနေ ခရီးသွားရင်း အင်းတော်မြို့ထဲမှာ ဖမ်းခံလိုက်ရတာ၊ ကသာခရိုင်မှာဆို အင်းတော်က အဆိုးဆုံးဖြစ်နေတယ်၊ ထောင်နှစ်ရှည်ချတာရော၊ ပုဒ်မကြီးတွေ တပ်တာရော၊ နယ်စပ်ဒေသမို့ အဖမ်းအဆီး ပိုကြမ်းပြီး ပိုတင်းကြပ်နေတာ။”လို့ Indaw Revolution - IR အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်းတော်မြို့၊ ရေတွင်းကုန်းရပ်ကွက်က အောင်ကျော်ကျော်၊ ထီးချိုင့်မြို့က ကိုကျော်စွာဝင်း၊ မမြင့်မြင့်အေးတို့ကို အခုနှစ် ဇွန်လမှာ ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနား - မုံရွာ ခရီးသည်ယာဉ်မောင်း ကိုဇော်မျိုးထွန်း ကိုတော့ ဧပြီလမှာ ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီနောက် ဖမ်းဆီးပြီး ၄ လနီးပါးအကြာမှာပဲ  ခုလို သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ 

ဩဂုတ် ၁၇ ရက်ကလည်း အင်းတော်ဘူတာမှာ အရက်သောက်နေရင်း ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကမ်းနီရွာသား ကိုအောင်ဇော်ဦးနဲ့ ကိုတင်မြင့်တို့  ၂ ဦးကို ဖမ်းဆီးပြီး ၆ လအကြာမှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #အမိန့်ချ #သေဒဏ် #သတင်း #စစ်ခုံရုံး #စွပ်စွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10