အင်းတော်မှာ PDF စစ်တိုင်းထောက်ပို့တာဝန်ခံကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

အင်းတော်မှာ PDF စစ်တိုင်းထောက်ပို့တာဝန်ခံကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ PDF တွေကို ထောက်ပို့ပေးနေတဲ့ စစ်တိုင်းထောက်ပို့တာဝန်ခံတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ အသတ်ခံရသူနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ 

အသတ်ခံရသူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မြောက်ပိုင်းတိုင်းစစ်ဒေသ ထောက်ပို့တာဝန်ခံ ဦးသိန်းဇော်(ခ)ဦးရောကတ် ၄၁ နှစ်ဖြစ်ပြီး သူ့ကို ဩဂုတ် ၁၂ ရက် မနက်မှာ အင်းတော်မြို့ပေါ်ကို ချိန်းထားသူတဦးနဲ့သွားရောက်တွေ့ချိန် မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်(သံလမ်းဂိတ်)မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ 

အဖမ်းခံရပြီး ၂ လနီးပါးအကြာ အောက်တိုဘာ ၆ ရက် ည ၆ နာရီကျော်မှာ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကောလင်းဒေသခံတဦးဖြစ်တဲ့ ဦးသိန်းဇော်ဦးကို တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ပြီး ကမ်းနီကျေးရွာအနီးမှာ အလောင်းကိုစွန့်ပစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

"ကမ်းနီရွာနားမှာ စကစစွန့်ပစ်ခဲ့တဲ့အလောင်းကို သေချာစစ်ကြည့်လိုက်တော့ ကိုသိန်းဇော်ဦးဖြစ်နေတယ်။ သူ့က လက်ပြန်ကြိုးတုတ်ခံရပြီးတော့ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ" လို့ ဦးသိန်းဇော်ဦးနဲ့ နီးစပ်သူ PDF ရဲဘော်တဦးက ပြောပါတယ်။

ဦးသိန်းဇော်ဦး ဖမ်းဆီးခံနေရချိန်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ၎င်းဟာတော်လှန်ရေးကို သစ္စာဖောက်ပြီး စစ်တပ်နဲ့ပူးပေါင်းသွားပြီးဖြစ်သလို သူအသတ်ခံရပြီးချိန်မှာလည်း ၎င်းဟာအင်းတော်မြို့မရဲစခန်းထဲမှာပဲ အေးအေးဆေးဆေးရှိနေသေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်နေဆဲဖြစ်တယ်လို့ အထက်ပါ PDF ရဲဘော်က ပြောပါတယ်။

"စကစက ဒီလိုဝါဒဖြန့်ပြောဆိုနေကြပေမယ့် အပြင်မှာတော့ ကိုသိန်းဇော်ဦးအလောင်းကို သင်္ဂြိုဟ်လိုက်ပြီ" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးသိန်းဇော်ဦးဟာ စစ်ကောင်စီတပ်က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ပြောဆိုဆက်ဆံတတ်သူတဦးဖြစ်ပြီး သူဖမ်းဆီးခံရချိန်မှာတော့ သူဆက်ဆံသလိုမျိုးမဟုတ်ဘဲ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကိုတွေ့မြင်ရတော့ စိတ်မကောင်းဖြစ်နေရတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောဆိုနေကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #PDF #ထောက်ပို့ #စစ်တိုင်းထောက်ပို့ #စစ်တပ် #ဖမ်းဆီး #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10