အင်းတော်မှာ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ပြီး၊ အမျိုးသား ၂ ဦးကိုပါဖမ်းသွား

အင်းတော်မှာ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ပြီး၊ အမျိုးသား ၂ ဦးကိုပါဖမ်းသွား

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ တုံတော်ကျေးရွာနဲ့ အောင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်စီးခဲ့ပြီး၊ အမျိုးသား ၂ ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၃၀ ရက် မနေ့ကမနက်ပိုင်းကစလို့ နန့်သာရွာမှာအခြေပြုပြီး ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ဟာ တုံတော်ကျေးရွာကို မီးရှို့ပြီးနောက် အောင်ကုန်းကျေးရွာကိုပါ မီးဆက်ရှို့ခဲ့တယ်လို့ Indaw Revolution -IR တာဝန်ရှိသူက ပြောပါတယ်။


"အဲဒီစစ်ကောင်စီတပ်က နန့်သာကို အထိုင်ချပြီး ရွာစဥ်လှည့် စစ်ကြောင်းထိုးနေတာ။ သူတို့ တုံတော်ကိုရောက်တဲ့အချိန် စာသင်ကျောင်းနဲ့ကျောင်းနားကအိမ်တွေကို မီးရှို့သွားတယ်။ အောင်ကုန်းမှာလည်း ထပ်ရှို့သွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အကြောင်းမဲ့ရွာထဲဝင်လာပြီး ရှို့သွားတာ။ ညနေပိုင်းမှာတော့ သူတို့အထိုင်ချတဲ့နေရာ ပြန်သွားတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကမီးရှို့လို့ တုံတော်ရွာက နေအိမ် ၅ လုံး၊ အောင်ကုန်းရွာက နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သလို တုံတော်ရွာကို စစ်ကြောင်းဝင်ချိန် လမ်းမှာတွေ့တဲ့ တုံတော်ရွာသား အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ခုလို စစ်တပ်က နေအိမ်တွေကိုမီးရှို့လို့ တုံတော်နဲ့ အောင်ကုန်းကျေးရွာက ဒေသခံ ၁၀၀၀ ဝန်းကျင်က ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တုံတော်ရွာနဲ့ အောင်ကုန်းကျေးရွာဟာ ၃ မိုင်ခန့် ကွာဝေးပြီး အင်းတော်မြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နဲ့ ၇ ရက်တွေမှာလည်း နန့်သာရွာနဲ့ မော်တိတ်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ၂ ရက်ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးသွားသလို KIA ပူးပေါင်းတပ်ဘက်က ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - အောင်ကုန်းရွာကို စစ်တပ်က မီးရှို့စဥ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10