သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ထန်းပင်ထန်းလက်တွေပေါများလှတဲ့ အညာမှာ စစ်မီးတွေကြောင့် အရင်လို ထန်းတောတွေ ဝေဝေဆာဆာ မတွေ့ရတော့သလို ထန်းလက်ကို မှီခိုပြီး စားဝတ်နေရေးဖြေရှင်းနေရတဲ့ ထန်းခေါက်တောင်း ရက်လုပ်သူတွေလည်း အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကို ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတွေ ပြုလုပ်တဲ့အခါမှာ ထန်းပင်ရဲ့ ပင်စည်ကို အကာအကွယ်အနေနဲ့ အသုံးပြုကြသလို စစ်ရှောင်တဲတွေဆောက်လုပ်ရာမှာလည်း အမိုးအကာအနေနဲ့ ထန်းလက်ကိုသာ အဓိကထား အသုံးပြုနေကြရတာပါ။
ဒါ့အပြင် နေအိမ်တွေ ဆောက်လုပ်ချိန် ပင်စည်ကို အိမ်တိုင်အဖြစ် အသုံးပြုတာ၊ လယ်ယာမြေချဲ့ထွင်ချိန် ထန်းပင်တွေကို ခုတ်လှဲတာ၊ အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာ ထန်းပင်ကို ထင်းမီးအဖြစ် အသုံးပြုတာ စတာတွေကြောင့် ထန်းပင်တွေလျော့နည်းလာသလို စစ်ကောင်စီစခန်းနဲ့ နီးတဲ့ ထန်းပင်တွေကိုလည်း အသုံးမပြုရဲကြတာကြောင့် ကုန်ကြမ်းရှားလာတယ်လို့ ထန်းခေါက်ဖာလုပ်ငန်းကို အနှစ် ၂၀ ကျော် လုပ်ကိုင်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက ကျေးရွာတွေမှာ ထန်းခေါက်တောင်း၊ ထန်းခေါက်ဖာတွေကို ရက်လုပ်ကြပြီး ကျေးရွာ ၁ ရွာမှာ ထန်းခေါက်ဖာနဲ့ တောင်းရက်လုပ်တဲ့အိမ်ဟာ ၅ အိမ်ထက်မနည်းရှိတယ်လို့ သိရပါတယ်။
ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ ဝင်ငွေပိုရတဲ့ အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာကြတဲ့အတွက် ထန်းတက်သမားလည်း ရှားပါးလာသလို ထန်းလက်တွေကိုလည်း ရွာနဲ့ဝေးတဲ့နေရာတွေမှာ ခုတ်ယူရတာကြောင့် အလုပ်သမားခနဲ့ သယ်ယူစရိတ် ပိုကုန်ကျတယ်လို့ ဆိုပါတယ်။
ထန်းခေါက်တောင်း ရက်လုပ်ချိန်မှာလည်း ထန်းလက်ကနေ ထန်းလျှော်ပြားတွေရဖို့ အချိန် ၁ ရက်ပေးကာ ပြင်ဆင်ရပြီး တောင်း ၁ လုံးပြီးစီးဖို့ကိုတော့ ၃ ရက်လောက် အချိန်ပေးရကာ ရက်လုပ်သူ ၂ ဦးရှိတဲ့ အိမ်မှာဆိုရင် ၃ ရက်ကို တောင်း ၁၀ လုံးခန့် ပြီးတယ်လို့ ဆိုပါတယ်။
ထန်းခေါက်တောင်းတွေကို နွားချေးသယ်ဖို့၊ ကြက်သွန်ပျိုးပင်ထည့်ဖို့၊ သီးနှံကောက်ဖို့၊ စပါးထည့်ဖို့၊ ကွမ်းခြံတွေမှာ မြေဆွေးထည့်ဖို့ စတာတွေအတွက် အမြင့် ၆ လက်မကနေ ၁ ပေခွဲထိရှိတဲ့ တောင်းအရွယ်အစား မျိုးစုံကို ရက်လုပ်ကြရပါတယ်။
ထန်းလျှော် ၁၀၀ ကို တောင်းအကြီး ၆ လုံးခန့် ရက်လုပ်လို့ရပြီး ရောင်းချချိန်မှာလည်း တောင်း ၁ လုံးကို ၅,၀၀၀ ဈေးရကာ ၆ လုံးရောင်းရမှ ၂၀,၀၀၀ ခန့်သာ အမြတ်ကျန်တာကြောင့် စားဝတ်နေရေး လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ထန်းခေါက်ဖာ ရက်လုပ်တဲ့ လုပ်ငန်းတခုနဲ့တင် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်သလို သားသမီးတွေကိုပါ ကျောင်းထားပေးနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးတွေကို ကျောင်းထုတ်လိုက်ရတဲ့ထိ ဝင်ငွေကြပ်တည်းလာတယ်လို့ ထန်းခေါက်ဖာလုပ်ငန်းကို အနှစ် ၂၀ကျော် လုပ်ကိုင်နေတဲ့ အမျိုးသမီးက ပြောပါတယ်။
ထန်းလက်ကို ထန်းခေါက်ဖာ၊ ထန်းခေါက်တောင်းတွေအပြင် ထန်းလက်ကုလားထိုင် ပြုလုပ်ရာမှာလည်း အသုံးပြုကြပြီး ကုလားထိုင်ပြုလုပ်သူ မိသားစုတွေမှာလည်း အလားတူ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်မြေပြင်ဖြစ်လာတဲ့ အညာဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ကုန်ဈေးနှုန်းကြောင့် လယ်ယာလုပ်ငန်း ကြပ်တည်းလာမှု စတာတွေ ကြုံတွေ့နေရသလို စီးပွားရေးသမားတွေရဲ့ သစ်အလွန်ကျွံ ထုတ်လုပ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
သတင်း - ကျော်စွာ၊ စာတည်း - ချယ်ရီ၊ တည်းဖြတ် - ဈာန်မြင့်
#မြေလတ်အသံ
#အညာ #ထန်းတော #ထန်းလက် #ထန်းပင် #ထန်းခေါက်ဖာ
Share Share Share