အညာစစ်တွင်း ခရီးသည် (ခရီးသွားဆောင်းပါး)

အညာစစ်တွင်း ခရီးသည် (ခရီးသွားဆောင်းပါး)

ရေးသားသူ - သျှား

ခရီးမထွက်တာကြာပြီဖြစ်တဲ့ စာရေးသူဟာ တော်လှန်ရေးကာလ အညာဒေသက မြင်ကွင်းတွေကို ကြည့်ရှုဖို့ ရန်ကုန်ကနေ မကွေးတိုင်း၊ မြိုင်မြို့ဘက်ကို ခရီးထွက်လာခဲ့ပါတယ်။

အောင်မင်္ဂလာကားကြီးကွင်းက စထွက်ထွက်ချင်း ဂိတ်အပြင်ဘက်မှာ စစ်ဝတ်စုံနဲ့ စစ်သားတချို့တွေ့ရပါတယ်။ အုတ်နဲ့ဆောက်ထားကာ ပစ္စည်းပေးနိုင်ရုံလောက် အပေါက်လေးဖောက်ထားတဲ့ အဆောက်အဦထဲမှာ စစ်သားတဦး ထိုင်နေပြီး ကားစပါယ်ယာက အဲ့ဒီစစ်သားဆီသွားကာ ခရီးသည်ဦးရေနဲ့ အချက်အလက်ပေးရပါတယ်။

အညာဒေသကို ခရီးထွက်မယ်ဆိုတော့ စာရေးသူအတွက် စွန့်စားခန်းတခုလိုပါပဲ။ သွားရာလမ်းတလျှောက်မှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်သလို  မီဒီယာတွေပေါ်မှာ အမြဲတွေ့နေရတဲ့အညာဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်လို့ စစ်ကြောင်းတွေ ဝင်ထွက်နေတာကြောင့် အချိန်မရွေး ကိုယ်တိုင် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ 

အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

ရန်ကုန်ကနေ ပခုက္ကူထိအရောက်ကို စစ်ကောင်စီဂိတ် ၈ ဂိတ်ခန့်တွေ့ရပြီး အထွေအထူး အစစ်အဆေး မရှိပေမယ့် ပခုက္ကူကနေ မြိုင်ကြားမှာ စစ်ကောင်စီဂိတ် ၁၅ ခုခန့်ရှိတာကို သတိထားမိပါတယ်။ ဂိတ်‌ရောက်တိုင်း ကားပေါ်ကဆင်းကာ မှတ်ပုံတင်၊ ထောက်ခံစာ၊ ကိုဗစ်ဆေးစာရွက်ပြရပြီး ဂိတ်တချို့ကတော့ ဖုန်းထဲက ဓာတ်ပုံတွေကအစ စစ်ဆေးပါတယ်။ လူတိုင်းမဟုတ်ဘဲ သူတို့မသင်္ကာတဲ့သူလောက်သာ ရွေးစစ်တာကိုလည်း တွေ့ခဲ့ရပါတယ်။

လမ်းခရီးတလျှောက်လုံးက ကားလမ်းမကြီးပေါ်မှာ စာရေးသူတို့ ကားတစီးသာရှိပြီး ရံဖန်ရံခါမှ တခြားကား ၂ စီးခန့်သာတွေ့ရတာကြောင့် လမ်းမကြီးက ပုံမှန်ထပ်  ပိုခြောက်ကပ်နေပါတယ်။ ခရီးမထွက်ဖြစ်တာကြာပြီမို့ စစ်ဒဏ်တွေကြောင့် လမ်းမကြီးက ခြောက်ကပ်သွားတာလား၊ အကြောင်းတိုက်ဆိုင်လို့ ကားအသွားလာနည်းတဲ့နေ့နဲ့ ကြုံရတာလားဆိုပြီးတော့လည်း အတွေးပိုခဲ့ပါသေးပါတယ်။

ခရီးတလျှောက်လုံး စစ်ကောင်စီဂိတ်တွေချည်း တွေ့ခဲ့ရပြီး မြိုင်မြို့အဝင်ကစကာ PDF ဂိတ်တခု စတင်တွေ့ရပါတယ်။  အရပ်ဝတ်နဲ့ သေနတ်တလက်လွယ်ကာ ကားပေါ်တက် မှတ်ပုံတင်စစ်တာ စတင်ကြုံလာရပါတယ်။

ခရီးစဉ်တခုလုံးမှာ စိတ်အလှုပ်ရှားဆုံးကတော့ PDF စစ်ဆေးရေးဂိတ်တွေကို စတွေ့ချိန်ပါပဲ။ စစ်ကောင်စီဂိတ်တွေကို ဖြတ်သန်းချိန်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ခဲ့ပေမယ့် PDF ဂိတ်ကိုရောက်ချိန်မှာတော့ စစ်ဒဏ်ခံစားနေရတဲ့ အညာဒေသကို ပထမဆုံးအကြိမ်တွေ့ရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်လှုပ်ရှားပြီး စကားပြောတဲ့အခါ ရွာနာမည်တွေမှားပြောမိလို့ ဟာသဖြစ်ခဲ့ရပါသေးတယ်။

စစ်ဆေးရေးဂိတ်တွေကို ကားပေါ်ကနေ လှမ်းကြည့်လိုက်တော့ လူငယ်ပိုင်းအရွယ် ရဲဘော်တွေက သွပ်မိုး၊ ထရံကာ ဆောက်ထားတဲ့ ဇရပ်တွေ၊ အမိုးတခုထဲသာ သွပ်မိုးပြီး ဘေးအကာမရှိဘဲ ဆောက်ထားတဲ့ ဇရပ်တွေမှာ လက်နက်ကိုယ်စီနဲ့ ထိုင်နေကြပြီး ဖြတ်သန်းသွားတဲ့ ခရီးသွားကားတွေကို ၂ ယောက်တတွဲ ကားပေါ် တက်စစ်သူကစစ်၊ ကုန်ကားတွေကိုတော့ ဇရပ်ရှေ့ရပ်ခိုင်းပြီး စစ်ဆေးသူက စစ်ဆေးနဲ့ တာဝန်ကိုယ်စီ အလှည့်ကျယူရင်း အလုပ်ရှုပ်နေကြပါတယ်။

PDF စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းပြီးလို့ ကားလမ်းမကြီးပေါ်ကတဆင့် ကျေးရွာလမ်းတွေထဲ ချိုးဝင်လာပြန်တော့လည်း ရွာတရွာရဲ့ အစနဲ့အဆုံးမှာ ကျေးရွာ စစ်ဆေးရေးဂိတ်လေးတွေ ထားရှိကြပြီး တချို့ဂိတ်တွေမှာ လူငယ် ၅ ယောက်ခန့်၊ တချို့ဂိတ်တွေမှာဆိုရင် လူကြီးပိုင်းတွေ ရှိကြပါတယ်။

ဒီနေရာမှာ သတိထားမိတာက အညာဒေသကို စဝင်ရင် မလွှဲမသွေ တွေ့ရမှာကတော့ စစ်ရှောင်ပြည်သူတွေပါပဲ။ သူတို့နဲ့အတူ ပူးတွဲတွေ့ရမှာကတော့ ကျေးရွာကာကွယ်ရေး ရဲဘော်လူငယ်လေးတွေပါ။

စာရေးသူတို့ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာကို ဖြတ်သန်းသွားတော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကြောင့် ကျေးရွာ ၃ ရွာလောက်က ပြည်သူထောင်ဂဏန်းကျော် နီးစပ်ရာရွာတွေကို စစ်ရှောင်ပြေး တိမ်းရှောင်နေကြတာနဲ့ ကြုံရပါသေးတယ်။ စာရေးသူတို့ ဖြတ်သွားတဲ့ရွာမှာတော့ စစ်ရှောင် ရာဂဏန်းနီးပါး ရောက်ရှိနေကြတာတွေ့ခဲ့ရပါတယ်။ 

ကျေးရွာစာသင်ကျောင်းဝန်းထဲမှာ ဆိုင်ကယ် အစီး ၃၀ခန့်ရှိပြီး ဆိုင်ကယ်နောက်ထိုင်ခုံပေါ်မှာ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေကို ပီနံအိတ်နဲ့ထည့်ပြီးထုတ်ထားတဲ့ အဝတ်ထုပ်တွေကို ကြိုးနဲ့သိုင်းကာချည်ထားကြပါတယ်။ 

 

စစ်ရှောင်ပြည်သူတွေကတော့ စာသင်ကျောင်းခန်းရှေ့က လျှောက်လမ်းတွေမှာ ထိုင်သူကထိုင်၊ တိုင်မှီပြီး အိပ်သူက အိပ်၊ ကလေးတွေကတော့ ‌ဖုန်တွေပေနေတဲ့ အင်္ကျီလေးတွေနဲ့ ကျောင်းဝန်းထဲက သစ်ပင်ရိပ်အောက်မှာ ဆော့နေကြပါတယ်။

စစ်ရှောင်တွေကို ပထမဆုံးအကြိမ် မြင်ရတာမို့ ထူးဆန်းစွာ လိုက်ကြည့်နေချိန် ပိုပြီးထူးဆန်းစွာတွေ့လိုက်ရတာကတော့ စစ်ရှောင်တွေဘေးကင်းစွာ သွားနိုင်ဖို့ ဝေါ်ကီတော်ကီကိုင်ကာ လမ်းကြောရှင်းပြီး တာဝန်ယူပေးနေတဲ့ အသက် ၁၂ နှစ်အရွယ် ကျေးရွာစေတနာ့ဝန်ထမ်း လူငယ်လေးတွေပါပဲ။

စေတနာ့ဝန်ထမ်းလို့ ခေါ်ရတာကတော့ စာရေးသူ အဆိုပါရွာထဲကိုဝင်ပြီး စတွေ့ချိန် အသက်မပြည့်သေးတဲ့ PDF ရဲဘော်လို့ထင်မိလို့ လာခေါ်တဲ့ရဲဘော်ကို မေးကြည့်တော့မှ အဲ့ဒီကလေးတွေဟာ ရဲဘော်မဟုတ်ဘဲ စစ်ရှောင်တွေ နေရာထိုင်ခင်း အဆင်ပြေဖို့ ကျေးရွာအတွက် လုပ်အား ပါဝင်ကူညီပေးနေတဲ့ ကလေးတွေလို့ သိလိုက်ရပါတယ်။

စစ်ကြောင်းက ရိက္ခာပို့ဖို့ မြိုင်ဘက်ကို ကားတန်းထွက်လာတယ်လို့ သတင်းကြားကတည်းက ကားတန်းဝင်နိုင်တဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ကားရှိသူက ကားပေါ်ကို အထုပ်အပိုးနဲ့နီးစပ်ရာ အိမ်က ရွာသားတွေကို ခေါ်ပြီး ရှောင်ပြေးကြတယ်။ အများစုကတော့ ဆိုင်ကယ်ပေါ် အထုပ်ပိုးတင်ကာ စစ်ရှောင်ကြပါတယ်။

အဲ့ဒီလိုပြေးလွှားနေကြတဲ့ထဲမှာ ထူးထူးခြားခြားတွေ့ရတာက အထုပ်ပိုးတင်ပြီး စစ်ရှောင်ပြေးသမျှ ဆိုင်ကယ် မောင်းသူတွေဟာ အမျိုးသမီးတွေက အများစုပါ။ တချို့ဆိုင်ကယ်တွေမှာတော့ မောင်းတဲ့ အမျိုးသမီးက ကျောပိုးအိတ်ကိုလွယ်ကာ နောက်ထိုင်ခုံမှာ အသက် ၇၀ကျော် အဖွားအိုကိုတင်ထားကြတယ်။ 

တချို့ဆို ဆိုင်ကယ်ရှေ့မှာ ပီနံအိတ်ထုပ်ကိုခွ၊ နောက်ခုံမှာ အထုပ်တထုပ်တင်၊ ကျောမှာလည်း တထုပ်ပိုးနဲ့ မောင်းနေတာကို တွေ့ရပါတယ်။ 

အမျိုးသားတွေကရော ဘယ်လို ဘယ်နေရာကို စစ်ရှောင်ကြလဲ၊ မရှောင်ဘဲ ကျေးရွာလုံခြုံရေးအတွက် ကျန်ခဲ့ကြလားဆိုတာကို တွေးမိရင်း လိုရာခရီးကို ရှေ့ဆက်သွားခဲ့တယ်။

 

နောက်ထပ်ရွာတရွာအရောက်မှာတော့ လမ်းရှင်း‌လင်းရေး ကူညီပေးနေတဲ့ လူငယ်လေး ၂ ယောက်ကိုတွေ့ရပါတယ်။ စစ်ကြောင်းလာနိုင်ချေ အများဆုံးဖြစ်နေတဲ့လမ်းမို့ အသွားလာပိတ်ကြောင်း၊ ရှေ့ဆက်သွားလို့ မရကြောင်း လာသမျှစစ်ရှောင်တွေကို သူတို့က ရှင်းပြတယ်။ ပြီးတော့ စစ်ရှောင်တွေကို လမ်းကြောင်းလွှဲပေးနေပြီး လက်ထဲမှာကိုင်ထားတဲ့ စကားပြောစက်ကနေလည်း လမ်းကြောင်းအခြေနေကို အဆက်မပြတ် စုံစမ်းနေပါတယ်။

လူငယ်လေး ၂ယောက်ဟာ လက်ထဲမှာ စကားပြောစက်တလုံးစီ ကိုင်ထားပြီး သင်္ဘောသားအင်္ကျီလို့  အလွယ်‌ခေါ်ကြတဲ့ ချည်သားအင်္ကျီခေါင်းစွပ် ခပ်နွမ်းနွမ်းလေးနဲ့ အားကစားဘောင်းဘီအတိုကို ဝတ်ထားကြတယ်။ ခြေညှပ်ဖိနပ်စီးထားပြီး ခန္ဓာကိုယ်မှာလည်း ချွေးတွေ၊ ဖုံတွေနဲ့ ပေနေကာ တနေ့လုံး အဆိုပါနေရာကနေ လမ်းရှင်းပေးနေရဟန်တူပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စာရေးသူတို့လို တားမြစ်ထားတဲ့လမ်းကို မဖြစ်မနေသွားရမယ့် လူတွေကတော့ ကိုယ့်သဘောနဲ့ကိုယ်သွားခွင့်မရှိဘဲ လမ်းရှင်းပေးနေတဲ့ လူငယ်တွေကို အကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းရတယ်။ သူတို့က အဖွဲ့အချင်းချင်း စက်ပေါက်ပြီး သွားခွင့်တောင်း အကြောင်းကြားပြီးမှ ထွက်ခွာခွင့်ရပါတယ်။

“--ရွာ ဘုန်းကြီးကျောင်းလမ်းက သွားလို့ရသေးလား၊ ဒီမှာ ဆိုင်ကယ် ၂ စီး ကားတစီး လွှတ်ဖို့ရှိလို့၊ အကြောင်းပြန်ဦး”

ခဏကြာတော့ တဖက်လူက သွားလို့ရကြောင်း အကြောင်းပြန်လာချိန်မှာတော့ စစ်ကြောင်းရောက်နေတဲ့နေရာ၊ အန္တရာယ်များတဲ့လမ်း၊ မသွားရမယ့်လမ်းတွေကို သေချာမှာပြီး သွားခွင့်ပြုလို့ ခရီးဆက်ထွက်ခဲ့ကြရပါတယ်။

ခရီးဆက်ထွက်လာပေမယ့် စာရေးသူစိတ်ထဲ လိုက်ပါလာတာကတော့ လုပ်အားပေး လမ်းပြလူငယ်လေးတွေပါပဲ။ အလွန်ဆုံးရှိလှ ၁၄ နှစ်၊ ၁၅ နှစ်အရွယ်လေးတွေက နေပူကြီးထဲမှာ အားကျိုးမာန်တက်နဲ့ လမ်းလုံခြုံရေးလုပ်အားပေးနေကြတဲ့မြင်ကွင်းက စာရေးသူကို စိတ်မကောင်းဖြစ်စေပါတယ်။

ပုံမှန်ဆို အဖြူအစိမ်းနဲ့ ကျောင်းတက်နေရမယ့်အရွယ်၊ ဂိမ်းဆိုင်မှာ ဆော့ကစားနေရမယ့် အရွယ်၊ မိဘဂရုစိုက်မှုနဲ့ နေနေရမယ့် လူငယ်လေးတွေက အသက်အရွယ်မျိုးစုံသော ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နေပူထဲမှာ စကားပြောစက် ကိုယ်စီနဲ့ ဂရုစိုက်ပေးနေကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ထိန်းမှုဓလေ့အရ ကိုယ်ပိုင်ဆုံးဖြတ်ချက်ထက် လူကြီးမိဘတွေရဲ့ ဆုံးဖြတ်မှု၊ အုပ်ထိန်းမှုနဲ့ပဲ နေနေရတဲ့အရွယ်မှာ စကားပြောစက်ကိုယ်စီကိုင်ကာ အများပြည်သူ အန္တရာယ်ကင်းမယ့် လမ်းကို ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်တိုင်လမ်းညွှန်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူကြီးတွေလို လှုပ်ရှားနေကြတာကိုလည်း မြင်ခဲ့ရပါတယ်။

အဆိုးထဲက အကောင်းကတော့ စာရေးသူတို့ အဲ့ဒီအရွယ်တုန်းက မိဘဂရုစိုက်မှု၊ စိတ်မချမှုအောက်မှာ နေခဲ့ရပြီး ကိစ္စတခုကို ကိုယ်တိုင်လုပ်ဆောင်ဖို့ ခက်ခဲသလို၊ လူကြီးတွေရဲ့ ယုံကြည်မှုရဖို့လည်း ခက်ခဲခဲ့ပေမယ့် အခုလူငယ်တွေကတော့ သူတို့ရဲ့မိဘတွေ၊ ကျေးရွာလူကြီးတွေဆီက လေးစားမှု ယုံကြည်မှုတွေ ရရှိထားပုံပါပဲ။

ဖခင်နဲ့ မိခင်ဖြစ်သူလို့ထင်ရတဲ့ အသက်ကြီးပိုင်းအရွယ် အမျိုးသားနဲ့ အမျိုးသမီးတဦးက အိမ်ထဲက ဝါးကုလားထိုင်ပေါ်မှာ ရေနွေးကြမ်းသောက်ကာ ထိုင်နေရင်း လမ်းရှင်းပေးနေတဲ့ လူငယ် ၂ ယောက်ကို ပြုံးပြီး ထိုင်ကြည့်နေကာ ကလေးတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ဂုဏ်ယူနေတဲ့ ဟန်လည်းပေါ်နေပါတယ်။

အဲ့ဒီရွာကနေ ၃ နာရီလောက် ဆိုင်ကယ်ဆက်မောင်းပြီးနောက်မှာတော့ စာရေးသူတို့နေရမယ့်ရွာကို ရောက်ခဲ့ပါတယ်။ တရွာလုံးက စစ်ရှောင်နေကြလို့ ရွာထဲမှာ စစ်ကြောင်းကာဖို့ PDF အဖွဲ့တွေသာ ကျန်ခဲ့ပါတယ်။ ဒါ့ကြောင့် စာရေးသူစာ ရွာကိုရောက်ရောက်ချင်း စစ်ရှောင်ရမယ့် အခြေအနေဖြစ်လာတယ်။ ပြီးတော့ အထုပ်အပိုး အသင့်ပြင်ထားဖို့နဲ့ စစ်ရှောင်ရမယ်ဆို လာခေါ်ဖို့ပါ လုပ်ထားကြပါတယ်။ 

နောက်တနေ့မိုးလင်းတော့ ဖုန်းလိုင်းတွေပြတ်နေတာကြောင့် စစ်ကြောင်းအခြေအနေ သိရဖို့ ရွာထဲက မုန့်ဆိုင်တခုကိုသွားကာ စစ်ကြောင်းသတင်းနားစွင့်ကြပြီး မုန့်ဆိုင်မသွားဖြစ်တဲ့ရက်တွေမှာတော့ စကားပြောစက်ရှိတဲ့ အဖွဲ့ဆီကိုသွားကာ စစ်ကြောင်းအခြေအနေကို မေးရပါတယ်။

စာရေးသူတို့ နေရတဲ့ အိမ်လေးကတော့ ဝါးခင်း ထရံကာ သပ်ကယ်မိုးအိမ်လေးဖြစ်ပြီး အိမ်အနောက်ဘက်မှာလည်း တာလပတ်နဲ့ ရေကန်တခုလုပ်ထားပြီး ရေကားတစီးကို ၂ သောင်းနဲ့ ဝယ်သုံးရကာ မီးအတွက်ကတော့ ဆိုလာကိုသာ အားထားရပါတယ်။

အိမ်ရှေ့ မြေသားလမ်းမကြီးမှာတော့ အထုပ်ပိုးတွေ ဆိုင်ကယ်ပေါ်တင်ကာ မြောက်ကနေ တောင်ကိုသွားတဲ့ စစ်ရှောင်တွေ၊ တောင်ကနေ မြောက်ကိုသွားတဲ့ စစ်ရှောင်တွေနဲ့ စည်ကားနေပြီး ဘယ်ဘက်ကိုသွားရင် လုံခြုံမလဲ မသိပေမယ့် စစ်ကြောင်းရှိတယ်လို့ ကြားရုံနဲ့ စိတ်လုံခြုံရာဆီပြေးနေတဲ့ ပြည်သူတွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိတယ်။ 

ဒေသခံရဲဘော်တွေဆီက သိရတာကတော့ အဲ့ဒီလို စစ်ရှောင်ပြေးနေကြတဲ့ ပြည်သူတွေထဲက တချို့ဟာ စစ်ကြောင်းနဲ့ ၁၀ ရွာလောက်အကွာက ရွာတွေလည်း ပါဝင်ပြီး ရှောင်စရာမလိုပေမယ့် သူတို့ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အကြောက်တရားတွေကြောင့် စစ်တပ်စစ်ကြောင်းလာတယ်လို့ ကြားရရုံနဲ့တင် အကြောက်လွန်ပြီး ပြေးနေကြတာလို့ ဆိုပါတယ်။

၃ ရက်လောက်အကြာ စစ်ကြောင်းမလာနိုင်တော့ဘူးလို့ စိတ်ချရတဲ့ အချိန်မှာတော့ ရွာသားတချို့ နေရပ်ပြန်လာကြတယ်။ တချို့ကဝောာ့ မိတ်ဆွေ၊ ဆွေမျိုးတွေရှိရာ ဒေသကို စစ်ရှောင်ရင်း အပြီး ပြောင်းရွှေ့သွားကြတယ်လို့ နယ်ခံတွေဆီကတဆင့် ပြန်ကြားခဲ့ရပါသေးတယ်။

အညာဒေသမှာ အခုလို စိတ်ပူပန်မှုတွေနဲ့ အထုပ်ပိုးအမြဲပြင်ပြီး နေနေရတဲ့ ပြည်သူတွေ ဘယ်လောက်တောင်ရှိ နေပြီလဲ၊ နေရပ်ကို အပြီးစွန့်ခွာသွားတဲ့ ပြည်သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ၊ လူ မရှိတော့တဲ့ အိမ်ပျက်ကြီးတွေ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ စာရေးသူဟာ အညာခရီးကို ရှေ့ဆက်နေပါသေးတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #ခရီးသွားဆောင်းပါး #အညာ #ခရီးသည် #စစ်ရှောင် #ကာကွယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10