အညာမြေက အုတ်ဂူနီများ (ဆောင်းပါး)

အညာမြေက အုတ်ဂူနီများ (ဆောင်းပါး)

အညာမြေလို့ ပြောလိုက်တာနဲ့ ထန်းပင်၊ ထနောင်းပင်တွေ ဝေဆာနေတဲ့ လမ်းမကြီးတွေ၊ နွားလှည်းသံ တကျွီကျွီ၊ ကျေးငှက်အော်သံ တစာစာနဲ့ ရာသီတိုင်း အလွမ်းဓာတ်တွေ လွှမ်းခြုံနေတတ်တဲ့ ဒေသတခု၊ နွေရာသီဆို ခြောက်သွေ့ ပူပြင်းလွန်းပြီး နွားအုပ်၊ ဆိတ်အုပ်တွေကြောင့် ဖုန်လုံးတွေနဲ့ ပြည့်နေတဲ့ လမ်းရိုင်းတွေရှိရာဒေသ၊ ဆောင်းရာသီဆို မြူတွေဆိုင်းပြီး အရိုးစိမ့်နေအောင် ချမ်းတဲ့ဒေသတခု။ 

အခုဆိုရင် အညာမြေရယ်လို့ ပြောလိုက်တာနဲ့ ပြေးမြင်မိကြတာက မီးလောင်ပြင်တွေ၊ ပြီးတော့ လက်နက်ကိုင် တော်လှန်ရေးကြာတာနဲ့အမျှ ပိုမိုမြင်လာရတဲ့ အုတ်ဂူနီနီတွေပါ။ 

အညာဒေသ ကျေးရွာတခုရဲ့ သင်္ချိုင်းမြေက အုတ်ဂူတွေကြားထဲမှာ စီတန်းနေရာယူထားတဲ့ အနီရောင်အုတ်ဂူ ၃ လုံးဟာ အထင်းသားပါ။ အုတ်ဂူတလုံးရဲ့ ဘေးပတ်လည်မှာ ခါးလည်လောက်ရှိတဲ့ ကွန်ကရစ်တိုင် ၈ တိုင် စိုက်ထားပြီး တတိုင်နဲ့ တတိုင်ကိုလည်း သံကြိုးတွေနဲ့ ချိတ်ကာ ခြံဝန်းပုံစံ ကာရံလို့ထားပါတယ်။ သူရဲ့ဘေးမှာ ရှိတဲ့ အုတ်ဂူ ၂ လုံးကတော့ တွဲလျက်ဆောက်ထားပြီး အဲ့ဒီအုတ်ဂူတွေကိုလည်း သံကြိုးတွေခတ်ကာ ခြံဝန်းပုံစံ လုပ်ထားတာပါ။ 

ထိပ်ဆုံးအုတ်ဂူမှာတော့ ခွပ်ဒေါင်းအလံတခုကို ရိုက်နှိပ်ထားကာ အဲ့ဒီ အောက်ဘက်မှာတော့ “၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ဖိုးချမ်း အသက် ( ၃၀ ) နှစ်” ဆိုပြီး ရေးသားထားပါတယ်။ ကပ်လျက်က အုတ်ဂူနီ ၂ လုံးမှာလည်း ထို့နည်းတူပဲ အုတ်ဂူပိုင်ရှင်တွေရဲ့  နာမည်တွေကို ကမ္ဗည်းစာတန်း ရေးထိုးထားပါတယ်။  

ကိုဖိုးချမ်းတို့လို အုတ်ဂူနီတွေကို အညာမြေမှာရှိတဲ့ ကျေးရွာတိုင်းက ရွာသင်္ချိုင်းတွေ၊ လယ်ကန်သင်းရိုးတွေ၊ ရွာချင်းဆက်လမ်းမတွေ၊ ရွာနား အဝေးပြေးလမ်းမကြီးဘေးက ကွင်းပြင်တွေ၊ စာသင်ကျောင်း ပရဝုဏ်တွေထဲမှာ တွေ့နိုင်ပြီး အဲ့ဒီအနီရောင် အုတ်ဂူတွေဟာ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အာဇာနည်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုတဲ့ ပြယုဂ်တခုလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ အုတ်ဂူကို ဆေးခြယ်ကြတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အလံကို ကိုယ်စားပြုပြီး အနီရောင် ဒါမှမဟုတ် အဖြူနဲ့ အနီစပ်ကြား ခြယ်ကြတာဖြစ်သလို အာဇာနည်သူရဲကောင်း တွေလို့ သတ်မှတ်တဲ့အတွက် အနီရောင်ခြယ်ကြတာဖြစ်တယ်လို့ အညာမြေ ရဲဘော်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။ 

မြန်မာစာနဲ့ ဘွဲ့ရထားတဲ့ ကိုဖိုးချမ်းဟာ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ ဝမ်ပေါင်-ယမ်စီကုမ္ပဏီမှာ ယန္တရားပိုင်းဆိုင်ရာကားတွေကို မောင်းနှင်ရတဲ့ ဝန်ထမ်းတဦးပါ။  

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ စတင်လာချိန်မှာတော့ ဝမ်ပေါင်-ယမ်စီမှာလည်း သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းတွေအကုန် CDM ပြုလုပ်ဖို့ လှုံ့ဆော်သံတွေ ထွက်လာခဲ့ပါတယ်။ အဲ့ဒီလို ဦးဆောင်လှုံ့ဆော်သူတွေထဲမှာ ကိုဖိုးချမ်းလည်း ပါဝင်ခဲ့ပြီး ကိုယ်တိုင်လည်း CDM ပြုလုပ်ကာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွ ပါဝင်ခဲ့ပါတယ်။ 

ကိုဖိုးချမ်းရဲ့ အဖေဖြစ်သူ ဦးဝင်း*က ၈၈ တော်လှန်ရေးကာလမှာ ကျေးရွာသပိတ်ဦးဆောင်သူအဖြစ် လှုပ်ရှားခဲ့သူပါ။ အဖေ့သွေးအပြည့်ပါတဲ့ ကိုဖိုးချမ်းကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ကျရာကဏ္ဍကပါဝင်ရင်း သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းလာချိန်မှာတော့ ဆန္ဒပြပြည်သူတွေ အန္တရာယ်ကင်းဖို့ ကင်းထောက်တာဝန်ကို ယူခဲ့ပါတယ်။  

“အဖေတို့၊ အမေတို့ နိုင်အောင် မတိုက်ခဲ့တဲ့ ၈၈ က တော်လှန်ရေးကို သားတို့လက်ထက်မှာ အနိုင်တိုက်မယ် ဆိုပြီးတော့ ကြိမ်းဝါးသွားသေးတယ်။” လို့ ကိုဖိုးချမ်းရဲ့ တော်လှန်ရေးအပေါ်ခံယူချက်ကို ဦးဝင်းက ပြန်ပြောပြပါတယ်။

၂၀၂၁ မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းနဲ့ မုံရွာ-ပုသိမ်လမ်းဆုံရာ ၃ လမ်း ဂွဆုံမှာ ပြုလုပ်တဲ့ အထိုင်သပိတ်မှာလည်း ကိုဖိုးချမ်းတယောက် ကင်းထောက်တာဝန် ယူခဲ့ပါတယ်။ 

ကိုဖိုးချမ်းက မုံရွာ နမခက ထွက်လာမယ့် စစ်ကားတွေကို ကင်းထောက်ဖို့ အထိုင်သပိတ်နဲ့ မီတာ ၁၀၀ လောက်သာဝေးတဲ့ “အနောက်မြောက်တိုင်းမြို့တော် မုံရွာ” ဆိုတဲ့ ဆိုင်းဘုတ်နားမှာ နေရာယူထားပါတယ်။ အဖေဖြစ်သူ ဦးဝင်းကတော့ ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီကထွက်လာမယ့် စစ်ကားတွေကို စောင့်ကြည့်ဖို့ ဆားလင်းကြီးဘက်ခြမ်းက ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီနားမှာ ကင်းထောက်နေခဲ့တာပါ။ 

မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာတော့ မုံရွာ နမခထဲကနေ သပိတ်ဖြိုခွင်းဖို့ထွက်လာတဲ့ စစ်ကောင်စီကားတန်း တွေဟာ ကိုဖိုးချမ်း ကင်းထောက် တာဝန်ယူထားတဲ့လမ်းပိုင်းကို ရောက်လာကြပါတယ်။ ကိုဖိုးချမ်းအပါအဝင် လုံခြုံရေးတာဝန်ယူထားတဲ့ ရဲဘော်တွေက ဆန္ဒပြပြည်သူတွေ ပြေးချိန်ရအောင် တာယာကွင်းတွေ မီးရှို့တာ၊ သစ်တုံး ကျောက်တုံးတွေနဲ့ လမ်းမကို ပိတ်ဆို့တာတွေလုပ်ပြီး အချိန်ဆွဲပေးနေကြပါတယ်။ 

အဲ့ဒီလိုလုပ်နေရင်းကနေ သေနတ်သံတွေ ထွက်လာတာကြောင့် ကိုဖိုးချမ်းတို့အဖွဲ့တွေဟာ လူစုခွဲပြီး ကျည်လွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။ ကျည်ဆန်တွေကြားကနေ လူအုပ်လိုက်ကြီး ပြေးလွှားနေချိန်မှာပဲ စစ်ကောင်စီဘက်က ပစ်တဲ့ကျည်ဆန်တတောင့်က ကိုဖိုးချမ်းရဲ့နောက်ကျောကို ထိမှန်ခဲ့ပါတယ်။

ကိုဖိုးချမ်းတို့ဘက်ခြမ်းမှာ ပစ်ခတ်ခံရချိန် ဦးဝင်းတို့ရှိနေတဲ့ ဆားလင်းကြီးဘက်ခြမ်းမှာလည်း ပစ်ခတ်သံတွေ ကြားလာရတာကြောင့် ဦးဝင်းတို့ကလူစုခွဲပြီး အိမ်ကိုပြန်နေခဲ့တာပါ။ ကိုဖိုးချမ်းရှိတဲ့ နေရာနဲ့ ဦးဝင်းနဲ့က ၄ မိုင်လောက် ဝေးတာကြောင့် တဖက်နဲ့တဖက်က ပစ်ခတ်သံတွေ မကြားရဘဲ ဖုန်းကတဆင့်သာ ပစ်ခတ်မှုတွေရှိကြောင်း သိကြရတာပါ။ 

ဦးဝင်းလည်း သားဖြစ်သူရှိနေတဲ့ သပိတ်စစ်ကြောင်းက ရဲဘော်တွေကို ဖုန်းဆက်ပြီး သူတို့ဘက်ခြမ်းမှာ သေနတ်တွေပစ်နေကြောင်း၊ လူစုခွဲပြီး ပြန်ဆုတ်နေကြပြီဖြစ်ကြောင်း အသိပေးကာ သတိပေးစကားတွေ ပြောပြီး ဖုန်းချခဲ့ပါတယ်။ 

ဦးဝင်းတယောက် အိမ်ပြန်နေတဲ့ လမ်းတဝက် အရောက်မှာတော့ ဇနီးဖြစ်သူဆီက ဖုန်းဝင်လာကာ သားဖြစ်သူ ကျည်ထိထားကြောင်း အကြောင်းကြားလာခဲ့ပါတယ်။ ကနဦး ကျည်ရှပ်ထိတယ်လို့ ကြားတာကြောင့် အသက်အန္တရာယ် မစိုးရိမ်ခဲ့ပေမယ့် နာရီဝက်အကြာမှာတော့ သပိတ်ရဲဘော်တဦးဆီက နောက်ထပ် ဖုန်းတလုံးဝင်လာကာ သားဖြစ်သူ ကျဆုံးကြောင်း အသိပေးလာခဲ့ပါတယ်။ 

”ဘယ်ဘတ်ရင်အုံမှန်တာဆိုတော့ ကလီစာတွေ အဆုတ်တွေမှန်မှာပေါ့၊ တကယ့်ချက်ကောင်းကို ပစ်တာ၊ မီးရှို့နေချိန် နောက်ကျောကနေ လှမ်းပစ်လိုက်တာ။ နောက်ကျောကနေမှန်ပြီး ရင်ဘတ်ကိုပွင့်ပြီး ဖုန်းပါ ပွင့်ထွက်သွားတာ။” လို့ သားဖြစ်သူ ကျည်ထိမှန်ခဲ့ပုံကို ဦးဝင်းက ပြန်ပြောပြပါတယ်။ 

ကိုဖိုးချမ်းဟာ ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းနယ်စပ်တဝိုက်မှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ရဲဘော်ဖြစ်သလို ရွာမှာလည်း ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ အုတ်ဂူအနီတလုံးပါ။ 

ဦးဝင်းတို့ရွာမှာ အခုလက်ရှိ သားဖြစ်သူရဲ့ အုတ်ဂူအပါအဝင် အုတ်ဂူအနီ ၃ လုံးရှိပြီး ဘေးနားက ကျေးရွာတွေမှာလည်း အနီရောင်ခြယ်ထားတဲ့ အုတ်ဂူနီ ၈ လုံးရှိပါတယ် ။ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းထိုး သတ်ဖြတ်တာခံလိုက်ရတဲ့ ပြည်သူတွေရဲ့ အဖြူရောင် အုတ်ဂူ ၁၁ လုံးလည်း အဲဒီရွာမှာ ရှိပါသေးတယ်။ 

ပထမဆုံး ကျဆုံးတဲ့ရဲဘော်ဖြစ်သလို ရပ်ရွာကလည်း လေးစားရတဲ့ လူငယ်တယောက်ဖြစ်တာကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွာနားမှာ ၁ မိုင်ခွဲခန့်ရှည်တဲ့ မြေသားလမ်းကို ဖိုးချမ်းလမ်းဆိုပြီး နာမည်တပ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

ဦးဝင်းကတော့ သားဖြစ်သူ ကျဆုံးတာဟာ တော်လှန်ရေးအတွက် ဂုဏ်ယူရတဲ့ ပေးဆပ်မှုဖြစ်တာကြောင့် မျက်ရည်မကျဘဲ စိတ်တင်းထားနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို မီးရှို့တာတွေ မြင်ရင်တော့ မျက်ရည်ကျမိတယ်လို့ သူက အခုလိုပြောပါတယ်။ 

“ကိုယ့်သားသမီးတုန်းက မျက်ရည်ထိန်းနိုင်ပေမယ့် ပတ်ဝန်းကျင်ကလူတွေရဲ့ ထိခိုက်နစ်နာတာတွေ၊ စားဝတ်နေရေးတွေ ပြေးလွှားကြတာတွေဆိုရင် အတော်ခံစားရတယ်၊ ရင်ထဲမှာ အတော်မချိဘူး။”

သူ့သားဟာ သူများတွေ လက်နက်မကိုင်ခင်ကတည်းက လေသေနတ်လုပ်ကာ တော်လှန်ရေးလုပ်ဖို့ စိတ်ကူး ရှိနေတာကြောင့် အခုလို မကျဆုံးရင်တောင် PDF ရဲဘော်အနေနဲ့ ကျဆုံးမှာပဲလို့ ဦးဝင်းက ပြောပါတယ်။ 

အုတ်ဂူပေါ်မှာ ကျဆုံးရဲဘော်တွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့ ကျဆုံးရဲဘော်ရဲ့ နာမည်၊ အသက်နဲ့ ကျဆုံးခဲ့တဲ့ရက်စွဲ၊ ကျဆုံးခဲ့တဲ့ တိုက်ပွဲတွေကို ကမ္ဗည်းရေးထိုးလေ့ရှိကြပေမယ့် ဘာကမ္ဗည်းမှတ်တမ်းမှ မရေးဘဲထားရှိတဲ့ အာဇာနည် အုတ်ဂူနီတွေလည်း ရှိပြီး အဲ့ဒီလို အုတ်ဂူတွေထဲက တလုံးကို ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတရွာမှာ တွေ့နိုင်ပါတယ်။ 

အဲ့ဒီအမည်မရှိတဲ့ အုတ်ဂူနီဟာ လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလမှာဖြစ်ခဲ့တဲ့ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စခန်းသိမ်းပွဲမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၉ က ဒုတပ်ရင်းမှူး ကိုဖိုးသားကြီးရဲ့ အုတ်ဂူဖြစ်ပါတယ်။ 

မြေပြင်စစ်ရေးအခြေအနေ၊ နယ်မြေလုံခြုံရေးအခြေအနေအပြင် ရဲဘော်တွေမှာလည်း စိုးရိမ်စိတ်တွေရှိတာ ကြောင့် ကမ္ဗည်းမှတ်တမ်းမထိုးသေးဘဲထားတာလို့ တပ်ရင်းရဲ့ ရဲဘော်တွေက ပြောပြကြပါတယ်။ 

၂၀၂၂၊ ၄ လပိုင်း ၈ ရက်က ကိုဖိုးသားကြီး ဦးဆောင်ပြီး ဘုတလင်မြို့နယ်ထဲက ကူတော်ရွာရဲစခန်းကို စခန်းသိမ်းပွဲဆင်နွှဲခဲ့ကြပါတယ်။ အဲ့ဒီအချိန်က လက်နက်ရယ်လို့ မယ်မယ်ရရ မရှိကြသေးဘဲ စခန်းသိမ်းပွဲဆင်နွှဲတဲ့ ရဲဘော်အားလုံးပေါင်းမှ မောင်းပြန် ၁၅ လက်သာပါပြီး အများစုက လက်လုပ်ရှော့ဂန်းတွေ၊ အချိုရည်ဘူးအခွံနဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းတွေသာ ပါဝင်ခဲ့တာပါ။ 

“ရန်သူနဲ့ ကျနော်တို့မှာက လက်နက်အင်အား မလောက်ဘူးဗျ၊ မမျှဘူးပေါ့။ မမျှတတဲ့အနေထားမှာ ဘာလိုလဲဆိုတော့ ခေါင်းဆောင်မှုအားတရပ်လိုတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် တပ်ရင်းက 2IC (second-in-commander) တယောက်အနေနဲ့  အရှေ့ကနေ ရွပ်ရွပ်ချွံချွံပါဝင်ပြီးတော့ တိုက်ပွဲဝင်တယ်ဆိုရင် နောက်ကနေပြီးတော့ ရဲဘော်တွေကလည်း သူတို့မှာ ဘာပဲကိုင်ထားရ၊ ကိုင်ထားရ ရှေ့မှာ သူတို့ယုံကြည်ရတဲ့ လေးစားရတဲ့ သူတို့အားကိုးရတဲ့ အကိုကြီးတယောက်ရှိတယ်ဆိုတဲ့ စိတ်နဲ့ ဒီတိုက်ပွဲကရခဲ့တာလို့ ပြောလို့ရတယ်ဗျ။” လို့ ရွှေဘိုခရိုင် တပ်ရင်း ၉ ရဲ့ ရဲဘော်နေညိုက ပြောပါတယ်။ 

လက်နက်အင်အား မမျှပေမယ့် စိတ်ဓာတ်နဲ့တိုက်ခဲ့တဲ့ အဲဒီနေ့ပွဲမှာ ကာကွယ်ရေးတပ်တွေဘက်က ကူတော်ရွာထဲက စခန်းတချို့ကို စီးနင်းထားနိုင်ခဲ့သလို နောက်ဆုံးလက်ကျန်စခန်းတခုကို သိမ်းဖို့ပဲကျန်တော့တဲ့ထိ အသာစီး ရခဲ့ကြပါတယ်။ 

နောက်ဆုံးစခန်းကို သိမ်းနိုင်ဖို့ ကိုဖိုးသားကြီး ဦးဆောင်ပြီး ကျားတက်ထိုးချိန် ကတုတ်ကျင်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတဦး ပစ်လိုက်တဲ့ လက်ပစ်ဗုံးက ကိုဖိုးသားကြီးရဲ့ ဘေးနားကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီဗုံးစတွေက ကိုဖိုးသားကြီးရဲ့ မေးစေ့အထက်ပိုင်းကနေ ဦးခေါင်းထဲထိ ထိမှန်ခဲ့တာကြောင့် နေရာမှာတင် ကျဆုံးခဲ့ရပါတယ်။ 

ကိုဖိုးသားကြီး ကျဆုံးပြီး နာရီပိုင်းအကြာမှာတော့ ကူတော်ရွာစခန်းကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ဘန်ကာတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

“ကျနော်တို့ဘက်က တော်တော်ကို အသာစီးရနေပြီပေါ့။ ထွက်ပြေးတဲ့သူကလည်း ထွက်ပြေးနေပြီ၊ စစ်ကောင်စီရဲ့ ဘက်ကလည်းလေ။ အဲ့မှာ ကျနော်တို့ကနေပြီးတော့ ကျားတက်ထိုးပြီးတော့ ဝင်စီးဖို့ပဲရှိတော့တာပေါ့။ အဲ့မှာ ကတုတ်ကျင်းထဲမှာရှိနေသေးတဲ့ စကစဘက်က တယောက်ကနေပြီးတော့ လက်ပစ်ဗုံးနဲ့ထုလိုက်တာ။”လို့ ကိုဖိုးသားကြီး ကျဆုံးခဲ့ပုံကို ရဲဘော်တဦးက ပြန်ပြောပြပါတယ်။ 

ကိုဖိုးသားကြီးဟာ ရွှေဘိုခရိုင်တပ်ရင်း ၉ ရဲ့ ရာထူးကြီးပိုင်းထဲမှာ ပထမဆုံးကျဆုံးခဲ့တဲ့ ရဲဘော်ဖြစ်ပြီး သင်္ဂြိုဟ်တဲ့နေ့မှာလည်း နာရေးအခမ်းအနား သတင်းပေါက်ကြားတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတာကိုခံခဲ့ရကာ သတ်မှတ်ချိန်ထပ်စောပြီး သင်္ဂြိုဟ်ခဲ့ရပါတယ်။ 

အဲ့ဒီကူတော်စခန်းသိမ်းပွဲမှာ ရွှေဘိုခရိုင် တပ်ရင်း ၉ က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်။ အခုလက်ရှိ တပ်ရင်းမှာ ဒုတပ်ရင်းမှူး ၃ ဦးအပါအဝင် ရဲဘော် အယောက် ၂၀ ကျဆုံးထားတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၉ က တပ်ဖွဲ့ဝင်ရဲဘော်တွေက ပြောပါတယ်။ 

ကိုဖိုးသားကြီးရဲ့ အုတ်ဂူနီဟာ သူ့ရဲ့ဇာတိရွာမှာ ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ အုတ်ဂူနီဖြစ်ပြီး အခုဆိုရင် ရွာမှာ အုတ်ဂူနီ ၆ လုံး ရှိနေပါပြီ။ 

ကလေး ၂ ယောက်အဖေဖြစ်တဲ့ ကိုဖိုးသားကြီးဟာ သူ မကျဆုံးခင်ရက်ပိုင်းကမှ ဇနီးဖြစ်သူ မမွန်* နဲ့ တိုင်ပင်ကာ သားလေးကို ရှင်ပြုပေးဖို့ စီစဥ်ထားကြတာပါ။  

ခင်ပွန်းဖြစ်သူက ရုတ်တရက်ကျဆုံးသွားတဲ့အတွက် သားလေးကို ရှင်ပြုပေးမယ့်အစီစဥ်ကို အခုအချိန်ထိ အကောင်အထည်မဖော်နိုင်သေးဘဲ ရွှေ့ဆိုင်းထားရတယ်လို့ မမွန်က ပြောပါတယ်။ 

ခင်ပွန်းဖြစ်သူမရှိတော့ပေမယ့် မမွန်ကတော့  သားနဲ့သမီးကိုလည်း ထိန်းကျောင်းရင်း ခင်ပွန်းဖြစ်သူ စိတ်အားထက်သန်ခဲ့တဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေပါတယ်။ အခုလက်ရှိ ခင်ပွန်းဖြစ်သူပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်း ၉ ရဲ့ ထောက်ပို့ရေးပိုင်းကို တတ်နိုင်သလောက် ကူညီနေပြီး ခင်ပွန်းကို သတိရတိုင်း တော်လှန်ရေးလုပ်ငန်းတွေကို ပိုအားစိုက်ပြီး လုပ်ဖြစ်တယ်လို့ လက်ရှိ သူမ ဖြတ်သန်းနေပုံကို အခုလို ပြောပြပါတယ်။ 

“တန်ဖိုးရှိတဲ့လူသားတယောက် ဆုံးရှုံးရတာဆို အများအတွက်နစ်နာသလို အမတို့မိသားစုအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတပါး ပေးဆပ်လိုက်ရတာ။ အဲ့ဒါတွေ ပေးရတာနဲ့တန်တဲ့ တနိုင်ငံလုံးအတွက် ဒီမိုကရေစီကတော့ တကယ်ရချင်တယ်။ မိသားစုအတွက် ဘာမှ ပြန်လုပ်မပေးနိုင်ရင်နေပါစေ၊ ဒါလေးနိုင်သွားရင် အောင်သွားရင် အမတို့က ကျေနပ်ပြီ။ အမ အဖြစ်ချင်ဆုံးဆန္ဒ။” 

တချို့ဒေသတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် အုတ်ဂူနီ မဆောက်လုပ်ရဘဲ မြှုပ်နှံလိုက်ရတဲ့ ရဲဘော်တွေ၊ ရှေ့တန်းမှာပဲ မြေစာပုံလေးနဲ့ သင်္ဂြိုဟ်လိုက်ရတဲ့ ရဲဘော်တွေလည်း ရှိနေပြီး ဇာတိရပ်ဝေးမှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုတော့ မိသားစုရဲ့ဆန္ဒအရ ကျဆုံးခဲ့တဲ့နေရာနဲ့ နီးစပ်တဲ့ကျေးရွာတွေမှာ မြှုပ်နှံလိုက်ရတာတွေလည်း ရှိကြပါတယ်။ 

အညာမြေက ရွာတိုင်းနီးပါးမှာ ၁ ရွာကို အနည်းဆုံး အုတ်ဂူနီ ၂ လုံးကနေ ၆ လုံးထိ တွေ့ရတတ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၉ ရဲဘော်က အညာမြေရဲ့ အခြေအနေကို ပြောပြပါတယ်။  

လူထုဆက်ဆံရေး လုပ်ငန်းတွေနဲ့ ခရီးထွက်တိုင်း ပြည်သူတွေကို တော်လှန်ရေးကာလအတွင်း အပြောင်းအလဲတွေနဲ့ တော်လှန်ရေးကာလအတွင်း ဘာတွေရရှိလိုက်လဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းချိန် “အုတ်ဂူနီတွေ လက်ညှိုးထိုးမလွဲရှိတယ်” ဆိုတဲ့ အဖြေကို အမြဲကြားရတတ်တယ်လို့ ရွှေဘို ခရိုင်တပ်ရင်း ၉ ရဲ့ ရဲဘော် နေညိုက ပြောပါတယ်။ 

ကိုဖိုးချမ်းရဲ့ အဖေဖြစ်သူ ဦးဝင်းကတော့ အညာမြေမှာ အာဇာနည်အုတ်ဂူနီတွေပေါလာပုံဟာ အရင်က အညာမှာ အနီရောင်ရယ်လို့ အများကြီးမြင်ချင်ရင် နွေရာသီ လက်ပံပွင့်ချိန်ကိုသာ စောင့်ကြရပြီး အခုချိန်မှာတော့ အနီရောင်အုတ်ဂူတွေကြောင့် အညာမြေက ရာသီတိုင်း ရဲရဲနီနေတယ်လို့ နှိုင်းယှဥ်ပြပါတယ်။

ရွှေဘို ခရိုင်တပ်ရင်း ၉ ရဲ့ ရဲဘော် အရိုးတံကတော့ တော်လှန်ရေးကာလအတွင်း အညာမြေရဲ့ ပြောင်းလဲလာပုံကို အခုလိုမှတ်ချက်ပြုပါတယ်။

 “အညာမြေရဲ့ ပြယုဂ်ဆိုရင်တော့ ခုချိန်မှာ အုတ်ဂူနီတွေလို့ပဲ လက်ညှိုးထိုးပြရမှာ”

#မြေလတ်အသံ

#ဆောင်းပါး #အညာ #အုတ်ဂူ #ကျဆုံးရဲဘော် #တော်လှန်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10