အညာမြေတော်လှန်ရေးအတွက်ပါ ထောက်ပံ့မယ့် ဒေါနတောင်တန်းပေါ်က တော်လှန်သစ်ပင် နှစ်သောင်းစိုက် ကမ်ပိန်း

အညာမြေတော်လှန်ရေးအတွက်ပါ ထောက်ပံ့မယ့် ဒေါနတောင်တန်းပေါ်က တော်လှန်သစ်ပင် နှစ်သောင်းစိုက် ကမ်ပိန်း

ဒေါနတောင်တန်းတနေရာဖြစ်တဲ့ KNU/KNLA ထိန်းချုပ်ဒေသတခုမှာ စိုက်ပျိုးမယ့် တော်လှန်သစ်ပင် Campaign တခုကို ပြုလုပ်နေတယ်လို့ CDM သစ်တောအုပ်ကြီး ကိုနေရဲက မြေလတ်အသံကိုပြောပါတယ်။

တော်လှန်သစ်ပင် ကမ်ပိန်းမှာ သစ်ပင် ၂၀၀၀၀ စိုက်ပျိုးဖို့ ရည်ရွယ်ပြီး ပျိုးထားတဲ့ ပျိုးပင်တပင်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေတာဖြစ်ပြီး ရောင်းရငွေများထဲက ဒေါနစစ်ကြောင်းအတွက် ၄၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းစစ်ဒေသ အညာနဲ့ မကွေးအတွက် ၃၀ ရာခိုင်နှုန်း၊ CDM ၁၀ ရာခိုင်နှုန်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် ၁၀ ရာခိုင်နှုန်း ပျိုးဥယျာဥ်အတွက် ၁၀ ရာခိုင်နှုန်းစီ အသုံးပြုမယ်လို့ သူက ဆိုပါတယ်။

“Campaign လေးက ရိုးရှင်းပါတယ် ပြည်တွင်းပြင်ပက အလှူရှင်တွေက တစ်ပင်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့လှူ၊ ကျနော်တို့က ဒေသအကျိုးပြုအတွက် စိုက်ပေါ့နော်၊ ရလာတဲ့ ရန်ပုံငွေကို ကျွန်တော်တို့ ဒေါနစစ်ကြောင်းအတွက်သာ မကပဲ အညာဒေသ၊ မကွေးဒေသအတွက် MOD နဲ့ ချိတ်ဆက်ပြီး 30% ပေးပို့သွားမှာပါ ခင်ဗျ။” လို့ ကိုနေရဲ ကပြောပါတယ်။

ပြည်သူလူထုဝယ်ယူထောက်ပံ့လိုက်တဲ့ တော်လှန်သစ်ပင်တွေကိုတော့ နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းများအထိမ်းအမှတ်အဖြစ် KNU/KNLA  အတွက် ဧက ၂၀ နဲ့ ပြည်သူပိုင် ဧက ၂၀ စိုက်ပျိုးနေပြီး အခြား ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံ လမ်းဘေးဝဲယာတွေမှာလည်း ယခုနှစ် မိုးရာသီ ဇွန်မှာ စိုက်ပျိုးနေပြီလို့ ဆိုပါတယ်။

“ကျနော်တို့ကို တော်လှန်နေထိုင်ခွင့် ပေးထားတဲ့ ဒီဒေသအတွက် တော်လှန်ရေးကာလမှာ ပြန်လည်ကျေးဇူးဆပ်ချင်တဲ့အတွက် ခေတ်အဆက်ဆက်က ကျဆုံးသွားရတဲ့ သူရဲကောင်းတွေကို ကိုယ်စားပြုတဲ့ Revolution Forest လေးတစ်ခု ဖန်တီးမယ်ဆိုတဲ့ အတွေးနဲ့ လုပ်ဖြစ်ခဲ့တာပါ။” လို့ ကိုနေရဲ ကထပ်မံပြောပါတယ်။

ပျိုးပင်တွေထဲမှာ ကျွန်းပင် ၁၅၀၀၀၊ သစ်မာအမျိုးအစားတွေဖြစ်တဲ့ သစ်ပိတောက်၊ မဟော်ဂနီ၊ တမလန်း၊ ပျဥ်းကတိုး ၅၀၀၀ ပျိုးထားပြီး လက်ရှိအချိန်ထိ ကမ်ပိန်းရဲ့ လျာထားချက် ၁၂ ရာခိုင်နှုန်းကျော်ကျော်သာ ရှိသေးတဲ့ ပျိုးပင်ပေါင်း ၂၄၀၀ ကိုသာ ရောင်းချရသေးတယ်လို့ ဆိုပါတယ်။

တော်လှန်သစ်ပင်ကမ်ပိန်းကို ဇွန်လ ၅ ရက်နေ့က ဇူလိုင်လ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး Htout Phoet ထောက်ပို့ ပေ့ချ်ကနေ မြန်မာ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊  USA ငွေကြေးတွေနဲ့လည်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ 


စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ဒေါနတောင်တန်း #အညာမြေ #သစ်ပင်စိုက် #Campaign #ထောက်ပို့ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10