အညာမှာ ခေါင်းပဲစားတယ်ဆိုတဲ့ ကျားဘီလူးစစ်ကြောင်းက PDF တွေကိုရှောင်နေကြောင်း ကာကွယ်ရေးအဖွဲ့တွေပြော

အညာမှာ ခေါင်းပဲစားတယ်ဆိုတဲ့ ကျားဘီလူးစစ်ကြောင်းက PDF တွေကိုရှောင်နေကြောင်း ကာကွယ်ရေးအဖွဲ့တွေပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ အထိုင်ချတပ်စွဲကာ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုး၊ ပြည်သူတွေကို ဖမ်းဆီးခေါင်းဖြတ်၊ ဗိုက်ဖောက်သတ်နေတဲ့ စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းဟာ အခုအခါမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်မတွေ့အောင် တိမ်းရှောင်နေကြတယ်လို့ ပုလဲနဲ့ ယင်းမာပင်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

အခုရက်ပိုင်း ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်းထဲကိုပါ ရောက်လာတဲ့အခါ စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးဖော်ဆောင်မှုတွေကို တောက်လျှောက်ဖော်ဆောင်လာတဲ့အတွက် စစ်ကောင်စီရဲ့ကျားဘီလူးစစ်ကြောင်းဟာ အရင်ကလို ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်တာမျိုး မလုပ်တော့သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကိုလည်း ရှောင်တိမ်းသွားနေကြတယ်လို့ ဆိုပါတယ်။ 

"၁၀၂၇ စစ်ဆင်ရေးက စစ်ကိုင်းတိုင်းအထိ ပျံ့နှံ့လာတာ။ စစ်ကိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တွန်းပြီး တိုက်ပွဲတွေတောက်လျှောက် ဖော်ဆောင်လာတာ။ အရင်ကဆို ရွာစဉ်တလျှောက် မီးရှို့ခေါင်းဖြတ်သတ်နေတဲ့ ကျားဘီလူးစစ်ကြောင်းက အခုဆိုရွာတွေကို ကွင်းပြီးသွားနေတာ" လို့ ယင်းမာပင် PDF တပ်ဖွဲ့၀င်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က အောက်တိုဘာ ၃၀ ရက်မှာ တကြိမ်၊ နိုဝင်ဘာ ၁ ရက်မှာ တကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျားဘီလူးစစ်ကြောင်းက စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပြင်းထန်လာတဲ့အတွက် အညာဒေသက စစ်ကောင်စီရဲ့ တပ်ရင်းတချို့ကို ရှမ်းမြောက်ဘက်စစ်ဆင်ရေးမှာ စစ်အင်အားဖြည့်တင်းတာတွေကို စစ်ကောင်စီက လုပ်ဆောင်နေပါတယ်။ 

ဒါကြောင့် ကျားဘီလူးစစ်ကြောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးကို ပို့ခံရမှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ဝေးရာနေရာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ယင်းမာပင်မြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၄ ရက်က ယင်းမာပင်နဲ့ ပုလဲနယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးရာမှာ သဲကုန်းကျေးရွာက PDF ရဲဘော်ကို ခေါင်းဖြတ်သတ်ခဲ့သလို ဒေသခံ ၆ ဦးကို သတ်ဖြတ်ရာမှာလည်း ရှားပင်သားအနှစ် တင်းပုတ်နဲ့ ရိုက်သတ်ခဲ့တဲ့ ကျားဘီလူးစစ်ကြောင်းဖြစ်ပါတယ်။ 

အင်အား ၂၀၀ ခန့်ပါ ကျားဘီလူးစစ်ကြောင်းက သတ်ဖြတ်မှုတွေပြုလုပ်ပြီးနောက် "ကျားဘီလူး စစ်ကြောင်း၊ ခေါင်းပဲစားတယ်" စာတွေ ရေးသားထားသလို ဖြတ်ထားခဲ့တဲ့ ဦးခေါင်းတွေနဲ့ နဖူးပေါ်မှာလည်း ကျားဘီလူးစစ်ကြောင်းလို့ ရေးသားတာတွေ လုပ်တတ်ပါတယ်။ 

စက်တင်ဘာ ၂၆ ရက်မှာလည်း ကျားဘီလူးစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာမှာ အမျိုးသား ၃ ဦးကို ခေါင်းဖြတ်သတ်ခဲ့ပါသေးတယ်။ 

အဲ့ဒီလို ခေါင်းဖြတ်သတ်ခဲ့ရာမှာ ကျေးရွာလမ်းပေါ်က ထိုင်ခုံ ၂ လုံးပေါ်မှာ အမျိုးသား ၂ ဦးရဲ့  ဦးခေါင်း ၂ လုံးကို တင်ထားခဲ့ပြီး ကျန်တလုံးကိုတော့ ခြံစည်းရိုးပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ခြံစည်းရိုးပေါ်မှာ တင်ထားတဲ့ အမျိုးသားဦးခေါင်းရဲ့ နဖူးမှာ “ကျားဘီလူးစစ်ကြောင်း” လို့ ရေးထိုးခဲ့ပါသေးတယ်။

ဒါ့အပြင် အသတ်ခံထားရသူတွေရဲ့ ခြေလက်တွေကို ဖြတ်တောက်ထားတာ၊ ဗိုက်ဖောက်ထားပြီး ဗိုက်ထဲကို ဖြတ်ထားတဲ့လက်ချောင်း ထိုးထည့်ထားတာ စတာတွေကို ကျားဘီလူးစစ်ကြောင်းက လုပ်တဲ့အတွက် အညာ ဒေသမှာ နာမည်ကြီးတဲ့စစ်ကြောင်းတခုလည်းဖြစ်ပါတယ်။ 

အခုနှစ်ဆန်းပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်တာ၊ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ခေါင်းဖြတ်သတ်တာ၊ အစုလိုက်အပြုံလိုက်သတ်တာတွေလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းဟာလည်း ကယားပြည်နယ်စစ်ဆင်ရေးကို အပို့ခံရပြီးတဲ့နောက် တိုက်ပွဲမှာ သေဆုံးတာ၊ အရှင်ဖမ်းမိတာတွေ ဖြစ်ခဲ့ပါတယ်။ 

လက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်းမှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီး အခုလက်ရှိတွင် ကောလင်းမြို့လယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ကောင်စီတပ်စွဲထားတဲ့ အထက်တန်းကျောင်းနဲ့ မြို့မရဲစခန်းတွေကို တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေ‌ဆီက သိရပါတယ်။

ပုံစာ -  ကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းမှ ခြိမ်းခြောက်ရေးသားခဲ့မှုအား တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #၁၀၂၇စစ်ဆင်ရေး #ကျားဘီလူးစစ်ကြောင်း #ယင်းမာပင် #ပုလဲ #စစ်ကောင်စီ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10