အညာသူများ ပြောသည့် စစ်ခွေးဋီကာ (ဆောင်းပါး)

အညာသူများ ပြောသည့် စစ်ခွေးဋီကာ (ဆောင်းပါး)

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူ ခဲ့သည်။ ယခုဆိုလျှင် စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းခဲ့သည့် ၃ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၌ “ခွေး”“ခွေးကြောင်း” ဟူသော စကားလုံးများကို တွင်တွင်ကျယ်ကျယ် သုံးလာကြသည်။

အညာပြည်သူများသည် အာဏာသိမ်းမှုဖြစ်ပြီး ဆန္ဒပြစဉ်ကာလတွေက စစ်တပ်ကို “ခွေး” ဟူ၍ လုံးလုံးလျားလျားကြီး မခေါ်ခဲ့ကြသေး။ ဆန္ဒပြစဉ်အခါက “ရဲနဲ့စစ်သား ဘယ်သူ့သား၊ ခွေးသား” ဟူ၍ သာ ခေါ်ခဲ့ကြသေးသည်။ 

သို့သော် နောက်ပိုင်းကာလများတွင် ၎င်းတို့၏ လုပ်ရပ်များ ရက်စက်ဆိုးရွားကြမ်းတမ်းလာခြင်းကြောင့် စစ်ခွေး၊ ရဲခွေး၊ ခွေးစစ်ကြောင်းဟု ခေါ်ရာကနေ ခွေး၊ ခွေးကြောင်းဟူ၍သာ အဆင့်ဆင့်ပြောင်းလဲ ခေါ် ဆိုခဲ့ကြခြင်းဖြစ်သည်။ 

ခွေး၊ ခွေးကြောင်းဟု ဆိုလိုက်လျှင် တိရစ္ဆာန်ခွေးကို ရည်ရွယ်ခြင်းမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်လိုက်တပ်ဖွဲ့ဝင်များနှင့် စစ်တပ်စစ်ကြောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ကလေးအစ လူကြီးအဆုံးအားလုံး နားလည်ပြီးဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ၎င်း၏နောက်လိုက်တပ်ဖွဲ့များသည် လူစင်စစ် ဖြစ်ပါလျက် မည်သည့်အတွက်ကြောင့် ခွေးဟုခေါ်နေခြင်းဖြစ်ကြောင်းနှင့် အညာသူများပြောပြသည့် စစ်ခွေးများ အကြောင်းကို ရေးသားလိုက်ရပါသည်။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ဒေါ်ခင်ဝင်း(အမည်လွှဲ)တို့၏ ရွာမြောက်ဘက်သို့  ၂၀၂၂ မေလထဲ၌ စစ်ကောင်စီ၏ စစ်ကြောင်းတကြောင်းသည် ဖြည်းဖြည်းခြင်း ချဉ်းကပ်၍လာသည်။ ယခင်ကလည်း ရွာထဲသို့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ်ဖြတ်သွားဖူးသည်။ ဘာမျှမလုပ်ဘဲ သူ့လမ်းသူသွားခဲ့ကြသည်။ 

သို့သော် တခြားမြို့နယ်များ၌ စစ်တပ်၏ ရမ်းကားမှုများကို ကြားနေရခြင်းကြောင့် ယခုတကြိမ်မှာတော့ ဒေါ်ခင်ဝင်းအပါအဝင် ရွာသူရွာသားများအားလုံး၏ စိတ်ထဲ၌ ‘ကိုယ့်အိမ်ကိုယ်နေလို့ မဖြစ်ဘူး’ ဆိုသည့် အတွေးက ကိုယ်စီရှိနေကြသည်။ 

ထို့ကြောင့် ဒေါ်ခင်ဝင်းသည် အသက် ၈၅ နှစ်အရွယ် အဖေဖြစ်သူအပါအဝင် အသက်ကြီးသူ ၃ ဦးကို ရွာအနီးရှိ သနပ်ခါးခြံထဲသို့ ကြိုတင်ရွှေ့ပြောင်းထားလိုက်သည်။ ရွာသားများကတော့ စစ်ကြောင်းသတင်းကို နားစွင့်ကာ ရွာထဲ၌သာ နေကြသည်။ 

စစ်ကြောင်းသည် ရွာမြောက်ဘက်မှ ဝင်လာသည်ဟုဆိုသဖြင့် အသက် ၅၀ အရွယ် ဒေါ်ခင်ဝင်းသည် ရွာအရှေ့ဘက်သို့ ထွက်ကာ စစ်ကြောင်းအခြေအနေကို ထွက်ကြည့်သည်။ ယင်းအချိန်မှာပင် စစ်သားများနှင့် တည့်တည့် တိုးလေတော့သည်။ 

မြိုင်မြို့ထဲက ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒေါ်ခင်ဝင်းတို့နေထိုင်ရာ ကျေးရွာသို့ အင်အား ၂၀ ခန့်စီ အဖွဲ့များခွဲကာ ရွာကိုဝိုင်းလိုက်ကြခြင်းဖြစ်သည်။  

သူသည် ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် စစ်သားများက သူတို့ကိုမြင်သည်နှင့် သေနတ်ပစ်ဖောက်ပြီး ‘မပြေးနဲ့’ ဟု အသံပြုကာ တားဆီးသည်။ 

ဒေါ်ခင်ဝင်းသည် သေနတ်သံကြားလိုက်ရသည့်အခါ ကြောက်လန့်သွားပြီး ရှေ့ဆက်မပြေးတော့ဘဲ ရပ်နေလိုက်သည်။ သူနှင့်အတူ ယောင်းမတော်စပ်သူနှင့် ကလေးအမေတယောက်လည်း အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ 

သေနတ်နှင့် ဓားများကိုင်ထားသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်က သူတို့ကို ရွာအပြင်ဘက် ကွက်သစ်ထဲရှိ အိမ်တလုံးသို့ခေါ်သွားသည်။ ဖမ်းမိထားသည့်ရွာသားအားလုံးကို ယင်းနေရာတွင် ထိုင်ခိုင်းထားခြင်းဖြစ်သည်။ 

လူငယ်၊ လူလတ်ပိုင်းများ ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း လွတ်အောင်မပြေးနိုင်သည့် ရွာခံ ၃၀ ကျော် အဖမ်းခံလိုက်ရသည်။ အသက် ၂ နှစ်မှ ၅ နှစ်အရွယ် ကလေးများအပါအဝင် အသက် ၈၀ ကျော်အဖိုး၊ အဖွားအထိ အရွယ်စုံပါဝင်သည်။ အဆိုပါအိမ်ထဲတွင် သနပ်ခါးခြံထဲပို့ထားသည့် သူ့အဖေနှင့် ညီမတို့ သားအမိကိုပါ တွေ့လိုက်ရသည်။ 

တယောက်တည်းအဖမ်းခံရစဉ်က ကြောက်စိတ်ဝင်မိသော်လည်း လူအများနှင့်အတူ စုပေါင်းအဖမ်းခံရသည့် အခါမှာတော့ ဒေါ်ခင်ဝင်းတယောက် စိတ်သက်သာရာ ရသွားသည်။ စစ်သားတွေက ဘာတွေများလုပ်မလဲဟု တွေးနေချိန်မှာပဲ

“သိချင်တာတော့ မေးမှာနော်၊ ခင်ဗျားတို့ အမျိုးသမီးတွေကို ကျန်တာဘာမှ အန္တရာယ်မပေးဘူး” ဟု စစ်သားတဦးက ဆိုသည်။ 

“မေးတဲ့အခါမှာ မပြောရင်တော့ ဒီမှာနော် လှီးမှာ လှီးမှာ” ဟုဆိုပြီး ငုတ်တုတ်ထိုင်နေသည့် အမျိုးသားများကို စစ်သားများက ဓားများပြကာ ရွယ်ထားကြသည်။ 

စစ်သားတချို့က မူးနေကြသည်။ လက်ထဲတွင် ထိပ်ချွန်ဓားများကို ကိုင်ထားကြသည်။ ပါးစပ်မှလည်း “မော့ မကြည့်နဲ့ သေချင်သလား” ဟု ဓားနှင့်ရွယ်ကာ ကြိမ်းမောင်းခြိမ်းခြောက်သည်။ စစ်သားများသည် စစ်ယူနီဖောင်း ဝတ်ထားကြသော်လည်း တချို့မှာ ဆင်ကြယ်ခြေညှပ်ဖိနပ်များ စီးထားကြသည်။ စစ်သားအများစုမှာ အသက် ၃၀ ကျော်၊ ၄၀ အရွယ်များဖြစ်ကြသည်ဟု ဒေါ်ခင်ဝင်းက ဆိုသည်။ 

ပြီးလျှင် ကျေးရွာထဲတွင် လက်နက်ကိုင်အဖွဲ့နှင့် PDF များရှိလားဟု မေးသည်။ အမျိုးသားများက မသိကြောင်း ပြောသည့်အခါ မျက်နှာကို လက်သီးဖြင့်ထိုးသည်၊ ရိုက်သည်။ စစ်ဖိနပ်များဖြင့် ရင်ဘက်များကို ကန်ကျောက် သည်။

“အမျိုးသားတွေကို သူတို့ဖိနပ်တွေနဲ့ ရင်ဘက်တွေကို ကန်တယ်။ ခေါင်းတွေကို ထိုးတယ်။ နားထင်တွေကို ထိုးတယ်။” ဟု သူမျက်စိလှန်ကြည့်လိုက်သည့်အချိန် မြင်ရသည့် မြင်ကွင်းတခုကို ဒေါ်ခင်ဝင်းက ပြောပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပုံသဏ္ဍာန်များကိုကြည့်ပြီး ဒေါ်ခင်ဝင်းက ယခုလိုမှတ်ချက်ပြုသည်။ 

“သူတို့ရဲ့ စရိုက်တွေက ကြမ်းတမ်းတယ်” 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေါ်ခင်ဝင်းအပါအဝင် ရွာသား ၃၀ ခန့်ကို ၂ နာရီခန့်ကြာအောင် ဖမ်းထားပြီး စစ်ဆေးမေးမြန်းသည်။ ညနေပိုင်း နေဝင်သွားသည့်အချိန်တွင် အမျိုးသား ၄ ဦးကို ခေါ်ဆောင်ပြီး စစ်သားများ ပြန်ထွက်သွားကြသည်။ 

ဒေါ်ခင်ဝင်းတို့ကို သည်အတိုင်းထားခဲ့သည်ဖြစ်ရာ စစ်ကြောင်း အဝေးကြီးသို့ရောက်သွားမှသာ ရွာသားများ ရွာထဲသို့ ပြန်ဝင်လာခဲ့ရသည်။ 

စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား ၄ ဦးကို ပစ္စည်းများထမ်းခိုင်းသည်၊ သိလိုသည့်အချက်များ စစ်ဆေးမေးမြန်းသည်။ ၎င်းတို့အနက်မှ တဦးမှာ စစ်တပ်ကမေးမြန်းတာကို မဖြေနိုင်၍ ခြေထောက်ကို ဓားဦးဖြင့် စိုက်ကာမေးမြန်းထားသဖြင့် ဒဏ်ရာများရခဲ့သည်။ အဖမ်းခံရသူ ၄ ဦးမှာ ၃ ရက်ကြာပြီးနောက် ပြန်လွတ်လာခဲ့သည်။

“(အဖမ်းခံရသူတွေကို) ပြန်လွှတ်တယ်။ ပြန်လာတော့ ရွာမနေရဲတော့ဘဲ မြို့မှာအလုပ်လုပ်မယ်ဆိုပြီး ထွက်သွားကြတော့တာ” ဟု ဒေါ်ခင်ဝင်းက ပြန်ပြောပြသည်။ 

ဒေါ်ခင်ဝင်းတို့ ရွာသူ၊ ရွာသားများသည် ၂၀၂၂ မေလအတွင်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က စစ်တပ်၏ ရက်စက်မှုကို မခံခဲ့ရသည့်တိုင် ဒေါ်ခင်ဝင်းတို့ရွာသားများသည် နောက်ပိုင်းအချိန်များတွင် စစ်တပ်စစ်ကြောင်းနှင့် မတွေ့မိစေရန် ရှောင်ရှားသာ နေခဲ့ကြတော့သည်။ 

‌စစ်ကောင်စီစစ်ကြောင်းဝင်လာလျှင် ဒေါ်ခင်ဝင်းတို့က ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ရွာတွင်ကျန်ခဲ့သည့် အိမ်များကတော့ မီးရှို့ခံရသည်။ အိမ်ခြေ ၃၀၀ ခန့်ရှိသော ဒေါ်ခင်ဝင်းတို့၏ ရွာကို စစ်တပ်က ပထမအကြိမ်တွင် နေအိမ် ၈ လုံး၊ ဒုတိယအကြိမ်တွင် ၁၄ လုံး၊ တတိယအကြိမ်တွင် ဒေါ်ခင်ဝင်းအိမ်အပါအဝင် နေအိမ်အလုံး ၆၀  မီးရှို့ခဲ့ရာ ရွာ၏ သုံးပုံ တပုံမှာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် မီးလောင်ပြာကျခဲ့ရသည်။

ထို့ကြောင့် ကျန်ရှိသည့် နေအိမ်များ မီးရှို့မခံရစေရန် ဒေါ်ခင်ဝင်းက သူတို့နေထိုင်ရာကျေးရွာနာမည်ကို မဖော်ပြဖို့ မေတ္တာရပ်ခံသည်။

“ကျမ မေ့မရတာကတော့ ကိုယ့်အိမ်မီးရှို့တဲ့နေ့ပဲ။ အဲ့ဒါကတော့ မေ့မရတဲ့ဟာပဲ။” ဟု ကိုယ်ပိုင်ဆိုင်သည့်နေအိမ် မီးရှို့ခံရသည့်အဖြစ်ကို ဒေါ်ခင်ဝင်းက ပြောပြသည်။

လက်ရှိတွင် ဒေါ်ခင်ဝင်းတို့ မိသားစု ၆ ယောက်သည် ရွာထဲတွင် နေစရာ အိမ်မရှိတော့သည့်အတွက် ယာလုပ်သည့်တောထဲတွင် တဲတလုံးထိုးကာ ဖြစ်သလို နေနေကြရသည်ဟုဆိုသည်။ 

၂၀၂၃ စက်တင်ဘာလတွင်ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး၏ အစီရင်ခံစာတွင် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦ ၅၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မကွေးတိုင်းအတွင် ၁၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဖော်ပြထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ထွက်ပြေးရသူ စုစုပေါင်းမှာ ၁ သန်းကျော်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

အစောပိုင်းကာလတွေတုန်းက ကျေးရွာထဲ စစ်ကြောင်းဝင်လျှင် စစ်တပ်သည် ကောင်းကောင်းမွန်မွန်လာကြသည်။ ဒေါ်ခင်ဝင်းတို့စိတ်ထဲ၌လည်း မည်သို့မျှ သဘောမထားခဲ့။ သို့သော် နောက်ပိုင်းတွင် လူမြင်လျှင် ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ခြင်း၊ အိမ်မြင်လျှင် မီးရှို့ခြင်းများ လုပ်လာသည့်အခါမှာတော့ ဒေါ်ခင်ဝင်းအပါအဝင် အညာဒေသက ပြည်သူများသည် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအားလုံးကို “ ခွေး” ဟုသာ ခေါ်ဆိုကြတော့သည်။ 

“ကိုယ့်ရွာတွေကို ဝင်ပြီး မီးရှို့ဖျက်ဆီးတယ်ဆိုကတည်းက သူတို့ကို လူလို့ မသတ်မှတ်တော့ဘူး။ ဒီလို လူမဆန်တာတွေ၊ ပြည်သူလူထုအပေါ် လူစိတ်မရှိတော့လို့ ကျမတို့က သူတို့ကို လူလို့ မသတ်မှတ်တာရှင့်” ဟု ဒေါ်ခင်ဝင်း က ရှင်းပြသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက CDM ကျောင်းဆရာမဖြစ်သည့် မစန်းမွန်အေးက စစ်ကောင်စီ လက်အောက်ခံ စစ်သားများ၏ လုပ်ရပ်သည် လူများ၏ လုပ်ရပ်၊ အကျင့်သိက္ခာ၊ သနားညှာတာမှု၊ မေတ္တာကရုဏာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးများကို ခွဲခြားသိမြင်သည့်စိတ် မရှိတော့ဘဲ လူနှင့် မတူခြင်းကြောင့် "ခွေး” ဟုသာ ခေါ်ခြင်းဖြစ်ကြောင်းရှင်းပြသည်။ 

အညာဒေသ၌ စစ်ကောင်စီစစ်သားများကို ယင်းသို့ခေါ်ဝေါ်ခြင်းမှာ ကလေး၊ လူကြီးအရွယ်စုံက နှုတ်ကျိုးစွာခေါ် နေကြခြင်း ဖြစ်သည်ဟုဆိုသည်။ 

“ ဒီဘက်ကာလမှာ သူတို့ရဲ့လုပ်ရပ်တွေက ခွေးနဲ့ကိုတူလာလို့ ကျမတို့ဒေသမှာ ခွေးလို့ကို ခေါ်ကြတော့ တာပေါ့” ဟု ကျောင်းဆရာမ မစန်းမွန်အေးက ရှင်းပြသည်။ 

၂၀၂၂ ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် မိဘအိမ်အပါအဝင် မစန်းမွန်အေးပိုင်ဆိုင်သည့် ၂ ထပ်အိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အိမ်မှာရှိသည့် ပစ္စည်းအားလုံးလည်း မီးလောင်သည့်အထဲတွင် ပျက်စီး ဆုံးရှုံးခဲ့ရသည်။  

“လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင့်ကျင့်ချင်တယ်။ ပြည်သူတယောက်အပေါ်မှာ ကြည့်တဲ့မျက်လုံးကိုက အနိုင်ကျင့်ချင်တဲ့ မျက်လုံး၊ ဗိုလ်ကျချင်တဲ့ မျက်လုံး” ဟု သူက ဆက်ပြောပြသည်။ 

မစန်းမွန်အေးတို့နေထိုင်ရာကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီမီးရှို့ဖျက်ဆီးသွားသည့် လူနေအိမ် ခြေမှာ ၁၂၀ ကျော်အထိရှိသည်။ ဤနေရာတွင် ရွာနာမည်ကိုဖော်ပြပါက လေယာဉ်ဖြင့် ဗုံးလာကြဲမည်ကို စိုးရိမ်သည့်အတွက် ရွာနာမည်မဖော်ပြရန် မြေလတ်အသံကို တောင်းဆိုသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် ရွာရှိ လူနေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ရွာထဲတွင် မပြေးဘဲကျန်နေခဲ့သည့် ဉာဏ်ရည်နိမ့် မသန်စွမ်းသူတဦးကို ခေါင်းကိုတုတ်ဖြင့် ရိုက်သတ်ခဲ့သည်။ ထို့အပြင် အသက် ၁၂ နှစ်အရွယ် ကလေးတဦးနှင့် အသက် ၁၅ နှစ်အရွယ် နောက်ထပ်မသန်စွမ်းတဦးကို ထပ်မံဖမ်းသွားသည်။ 

၎င်းတို့ ၂ ဦးစလုံးမှာ “အခုအချိန်ထိ သေသလား၊ ရှင်သလား မသိရဘူး” ဟု မစန်းမွန်အေးက ပြောသည်။ 

၂၀၂၃ နိုဝင်ဘာလထဲ၌ မစန်းမွန်အေးတို့၏ ကျေးရွာအတွင်း အသုဘတခုလုပ်နေစဉ် စစ်ကောင်စီစစ်ကြောင်း ဝင်လာဖူးသည်။ ထိုအခါ မိသားစုဝင်များသည် နာရေးကို မလုပ်ပေးနိုင်ဘဲ ရုပ်အလောင်းကို အိမ်ထဲ၌ သော့ပိတ်ထားပြီး ဘေးလွတ်ရာသို့ ထွက်ပြေးရတာမျိုးကြုံဖူးသည်။ 

တခါကလည်း မစန်းမွန်အေးတို့ကျေးရွာနှင့် ကပ်လျက်ကျေးရွာသို့ စစ်ကြောင်းဝင်ခဲ့သည်။ ကျေးရွာထဲရှိ မျက်စိမမြင်သည့်လူလတ်ပိုင်းအမျိုးသားတဦးက သူ့ကိုထားခဲ့ပြီး ဇနီးသည်ကို လွတ်ရာသို့ ထွက်ပြေးဖို့ပြောသည်။ ဇနီးသည်ကလည်း မျက်မမြင် ခင်ပွန်းကို မည်သို့မျှမခေါ်နိုင်သည့်အခြေအနေကြောင့် နေအိမ်၌ ထားခဲ့ရသည်။ 

“စစ်ကြောင်းပြန်သွားလို့ ကျေးရွာထဲဝင်တဲ့အချိန်မှာ အဲဒီလူက ဆုံးပါးသွားတယ်” 

သူမှတ်မိနေသည့် စိတ်မကောင်းစရာ အဖြစ်အပျက်တချို့ကို မစန်းမွန်အေးက ပြောပြခြင်းဖြစ်သည်။ 

“ဒီလိုမျိုး လူတယောက်က PDF တယောက်မဖြစ်နိုင်ဘူးဆိုတာ လူဆိုလို့ရှိရင် စဉ်းစားနိုင်တဲ့ဦးနှောက်ရှိတယ်ပေါ့။ ဒါဟာ လူမဆန်လို့၊ လူမဟုတ်လို့ ဒါမျိုးလုပ်သွားတာပါ” ဟု သူက မှတ်ချက်ပြုသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးရာတွင် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် ပြည်သူများကို သတ်ဖြတ်လေ့ရှိသည်။ 

ဤသို့သတ်ဖြတ်ရာ၌ ၉၀ ရာခိုင်နှုန်းကျော်သည် အသက် ၆၀ နှစ်ကျော်အသက်ကြီးရွယ်အိုနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများသာဖြစ်ကြောင်း ၂၀၂၃ စက်တင်ဘာလတွင်ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အဆိုပါ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ဇူလိုင်လအထိ စစ်တပ်၏ လက်ချက်ဖြင့် အရပ်သားနှင့် တိုက်ပွဲဝင်စစ်သားမဟုတ်သူ အနည်းဆုံး ၃,၈၅၀ ကျော်သေဆုံးခဲ့ပြီး အမျိုးသမီး ၆၁၀ ဦးနှင့် ကလေး ၃၇၆ ဦး ပါဝင်သည်ဟု သိရသည်။

၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်ကာ အညာဒေသတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၊ ကျေးရွာမီးရှို့မှု များ လုပ်လာသည့်အတွက် မစန်းမွန်အေးတို့လို ဒေသခံများသည် စစ်ကြောင်းဝင်လာလျှင် အဆင်သင့် ထွက်ပြေးနိုင်ရန် အိမ်တွင်အထုတ်အပိုးကို ကြိုတင်ပြင်ထားရသည်။ 

မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစသည့် အရေးကြီးစာရွက်စာတမ်းများကို ကျောပိုးအိတ်ထဲ အမြဲတမ်းထည့်ထားရသည်။ စားစရာအတွက်လည်း ပဲ၊ ငါးခြောက်စသည့်ကုန်ခြောက်များကို လှောင်ထားရသည်။  

စစ်တပ်က စစ်ကြောင်းထိုးလာပြီဆိုလျှင် ကျေးရွာတွင် နေ့ညမပြတ် ကင်းစောင့်ပေးသည့် ကင်းထောက်က သတင်းပေးသည်။ စစ်တပ်စစ်ကြောင်း မည်သည့်ရွာကို ဝင်နေသည်၊ ကျေးရွာ၏ မည်သည့်နေရာသို့ ရောက်နေပြီ စသဖြင့် သတင်းများရသည့်အပေါ်မူတည်ပြီး ရွာခံများက ထွက်ပြေးရခြင်းဖြစ်သည်ဟု မစန်းမွန်အေးက ရှင်းပြသည်။ 

“သူတို့ဝင်လာပြီဆိုတာနဲ့ ကျေးရွာထဲမှာ အချင်းချင်း ဝေးနေရင် ဖုန်းဆက်အကြောင်းကြားတယ်။ ဟိုဘက်အိမ် ဒီဘက်အိမ်ဆိုရင်တော့ လှမ်းအော်ပြောပေါ့။ အဲ့ဒီလိုအကြောင်းကြားပြီးပြီဆိုရင် မြောက်ကလာ၊ တောင်ဘက် ပြေးတယ်။ တောင်ကလာ မြောက်ကိုပြေးတယ်။ အချင်းချင်းတိုင်ပင်ပြီး ထွက်ပြေးကြရတယ်” ဟု သူက ဆက်ရှင်းပြသည်။  

ဤကဲ့သို့ထွက်ပြေးရာတွင် နွားလှည်းရှိသူများကလည်း လှည်းတွင် တခါတည်းပေါင်းမိုးကုတ် အမိုးတပ်ထားကြသည်။ ပြီးလျှင် လှည်းပေါ်တွင် ခြုံစောင်၊ အင်္ကျီ၊ အိုးခွက်ပန်းကန်၊ ဆီပုံး၊ ရေပုံး စသည့် စားနပ်ရိက္ခာများကို အဆင်သင့်ဆောင်ထားကြသည်။ 

“ခွေးကြောင်း ရွာနားကပ်လာပြီဆိုရင် လှည်းကပြီး ချက်ချင်းပြေးနိုင်အောင် အသင့်အနေအထားနဲ့ပေါ့” ဟု မစန်းမွန်အေးက ဆိုသည်။  

ရွာထဲသို့ စစ်ကြောင်းဝင်လာစဉ်က မစန်းမွန်အေးသည် သမီး ၂ ယောက်နှင့်အတူ ဆိုင်ကယ်စီးကာ အထုတ်အပိုးများနှင့် ထွက်ပြေးခဲ့ကြသည်။ စစ်ကောင်စီတပ်များသည် ထွက်ပြေးသွားသည့်ရွာခံများနောက်သို့ လိုက်ကာ ရွာပြင်အထိ သေနတ်ဖြင့် လိုက်ပစ်သည်။ 

“ကျမက လွတ်လွတ်ကျွတ်ကျွတ်မပြေးသေးဘူး။ ရွာကိုလှမ်းမြင်လို့ရတဲ့ နေရာမှာ ရှိနေသေးတယ်။ အဲ့ဒီအချိန် ခွေးတွေက ရွာပြင်ထွက်လာပြီး စက်လတ်နဲ့ပစ်တဲ့အချိန်မှာ ကျမတို့ သားအမိသုံးယောက်ဆိုင်ကယ်ရပ်ထားတဲ့ နေရာက သစ်ကိုင်းတွေ ပြတ်ကျတယ်။ အဲ့ဒီအချိန်မှ သားအမိသုံးယောက် ဆိုင်ကယ်မောင်းပြီး ဒုန်းပြေးရတယ်” ဟု မစန်းမွန်အေးက ပြောပြသည်။ 

ထို့ကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ခံရလေ့ရှိသည့် အညာဒေသက ကျေးရွာများ၌ အိမ်တိုင်းလိုလိုတွင် ကတုတ်ကျင်းများတူးထားကြသည်။ အဖိုးတန်ပစ္စည်းနှင့် စားစရာများကို မြေကြီးထဲ မြေမြှုပ်ဝှက်ထားရသည်။ အချို့သောပစ္စည်းများကို ယာတော၊ ကိုင်းတောထဲတွင် ဆောက်ထားသည့် ယာယီတဲများ၌ သိမ်းထားကြသည်။ 

စစ်ကြောင်းဝင်လာ၍ ဒေသခံများထွက်ပြေးကြရသည့်အခါ စားနပ်ရိက္ခာကို ၂ ရက်၊ ၃ ရက်စာမျှသာ အများဆုံး ယူဆောင်နိုင်ကြသည်။ သို့သော် စစ်ရှောင်ကာလ ရက်သတ္တပတ်နှင့် လချီကြာမြင့်ပါက စားသောက်ရေးအတွက် အခက်ဖြစ်ရသည်ဟု မစန်းမွန်အေးက ရှင်းပြသည်။ 

“အဲ့ဒီအချိန်မှာ တောထဲမှာရှိတဲ့ ကန်စွန်ရွက် ခူးရတယ်၊ ဟင်းကျန်ခူးရတယ်၊ မန်ကျည်းရွက်ခူးရတယ်။ ဆူးပုတ်ရွက် ခူးရတယ်။ အဲ့လိုရှိတာလေးတွေ ရာသီပေါ်လိုက်စားရတယ်။ မြေပဲခင်းရှိရင် မြေပဲခင်းကို နုတ်ပြီးစားရတယ်။ ပဲစဉ်းငုံ ရှိရင်လည်း ပဲစဉ်းငုံကို ခွာပြီးစားရတယ်။” ဟု စစ်ကြောင်းထိုး၍ ထွက်ပြေးရသည့် အညာဒေသက စစ်ရှောင်များ၏ ဘဝကို သူက ဆက်ရှင်းပြသည်။ 

မစန်းမွန်အေးတို့နေထိုင်ရာ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာက အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုကို စစ်ကောင်စီတပ်သားများ ကျူးလွန်ခဲ့သေးသည်။ စစ်တပ်သည် အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးအပါအဝင် အရပ်သား ၄ ဦးကို တနေရာတည်း၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံစစ်သားများသည် အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီးသည့်နောက် အဆိုပါအမျိုးသမီး၏ အမျိုးသမီးအင်္ဂါအတွင်းသို့ ပလတ်စတစ်အချိုရည်ဗူးခွံကိုပင် ထိုးထည့်ထားခဲ့သေးသည်။

ဤကဲ့သို့ ဆိုရှယ်မီဒီယာပေါ်သို့ တက်သွား၍ နာမည်ကြီးသည့်အဓမ္မပြုကျင့်မှုများနှင့် ကာယကံရှင်အသက်သေဆုံးသွားသည့် အဓမ္မပြုကျင့်မှုများသာ မီဒီယာများ၌ဖော်ပြကြသော်လည်း မည်သူမျှ မသိကြသည့် စစ်တပ်၏ အဓမ္မပြုကျင့်မှုများသည် အညာဒေသက ကျေးရွာများတွင် ရှိကြသည်ဟု CDM ကျောင်းဆရာမ မစန်းမွန်အေးက ဆိုသည်။ 

“တကယ်တမ်းကတော့ ကျမတို့မြို့နယ်အတွင်း ရွာတိုင်းလိုလို စစ်ကြောင်းဝင်လို့ အမျိုးသမီးတွေ့ပြီဆိုရင် မလွတ်ခဲ့တာက များတယ်။ အဓမ္မပြုကျင့်ခဲ့တာက များတယ်။” ဟု သူက မှတ်ချက်ပြုသည်။ 

သို့သော် ကျူးလွန်ခံရသည့် ကာယကံရှင်အမျိုးသမီးများ၏ အရှက်ဂုဏ်သိက္ခာနှင့်အကြောင်းအမျိုးမျိုးကို ငဲ့ကွက်ပြီး ရွာခံများက ထုတ်မပြောကြဘဲ ဖုံးကွယ်ပေးထားကြသည်။ 

“ဘယ်လောက်ထိဆိုးသလဲဆိုရင် ကျန်းမာရေဆရာဝန်က ဆေးခန်းကိုလာပြီးတော့ ရေခဲထုတ်ကပ်ပြီးတော့ စလင်းချိတ်ရတဲ့အထိ တရွာလုံးရှိတဲ့မိန်းကလေးတွေ အကုန်လုံးခံလိုက်ရတာ။ ဒီဘက်နယ်မှာတော့ အကုန်လုံး သိကြတယ်။ ဒါပေမဲ့ ဘယ်သူကမှတော့ မပြောကြဘူး” ဟု မစန်းမွန်အေးက ဆိုသည်။ 

စစ်ကောင်စီလက်အောက်ခံတပ်များ၏ ဤကဲ့သို့ အဓမ္မပြုကျင့်မှုများရှိသလို အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုများစွာလည်း အညာဒေသတခွင်တွင် ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီတပ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း လူ ၂ ဦးမှ ၃ ဦးအထိ သတ်ဖြတ်မှုများရှိခဲ့သော်လည်း ၂၀၂၂ ဧပြီလမှစပြီး ခန့်မှန်းခြေအရ လူပေါင်း ၅၆၅ ဦး သေဆုံးသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၂ မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၈၀ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်ဟု ၂၀၂၃ စက်တင်ဘာလတွင်ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး၏ အစီရင်ခံစာက ဆိုသည်။ 

အညာဒေသတခွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ယခုကဲ့သို့ ယုတ်မာရက်စက်မှုများကြောင့်လည်း ဒေသခံပြည်သူများက “ခွေးလို့ခေါ်ကြတယ်။ ဘာလို့ခေါ်လဲဆိုတော့ ရွံလို့ပေါ” ဟု အရာတော်မြို့နယ်မှ စစ်ရှောင်ပြည်သူများကို လိုက်လံဆေးကုသပေးနေသည့် သူနာပြုဆရာမ မဖြူဖြူအေး(အမည်လွှဲ)က ဆိုသည်။ 

အရာတော်မြို့နယ်တွင်နေထိုင်သည့် မဖြူဖြူအေးသည် တော်လှန်ရေးတပ်ဖွဲ့တခု၌ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် သူ့မိသားစုနေအိမ်ဆုံးရှုံးခဲ့ရသည်၊ စပါးများမီးရှို့ဖျက်ဆီးခံလိုက်ရသည်။ 

“ဒီခွေးတွေကြောင့် အိမ်တွေ မီးလောင်ပြီးပြီ၊ စပါးတွေလည်း ကုန်ပြီ ဘာမှ မရှိတော့ဘူး” ဟု မဖြူဖြူအေးက သူ၏ဆုံးရှုံးမှုများကို အရယ်တဝက်ဖြင့် ပြောပြသည်။ 

မဖြူဖြူအေးတို့ရွာကို ၂၀၂၂ ခုနှစ်ကတည်းက စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နေအိမ်တွင်ကျန်ခဲ့သည့် ပစ္စည်းပြန်ယူခဲ့သော ရွာခံ ၆ ဦး စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်။ 

“ခွေးတွေလာရင်တော့ ရွာသားတွေ အားလုံးကတော့ ရှောင်ကြတာပေါ့။ တကယ်ခံပစ်ဖို့ဆိုတော့ နောက်က ကျည်ဖြည့်ပေးမယ့်သူက မရှိဘူးလေ။ ကိုယ့်အားလေးနဲ့ကိုယ်ပဲ ထောက်ပံ့ပေးထားတာလေ။ ဘယ်အဖွဲ့မှလည်း ထောက်ပံ့ပေးထားတာ မရှိဘူး” ဟု မဖြူဖြူအေးက အရာတော်မြို့နယ်က အခြေအနေတခုကို ရှင်းပြသည်။ 

စစ်တပ်၏ ရက်စက်မှုများနှင့်ပတ်သက်ပြီး သူ့ထံတွင် အမှတ်တရများစွာရှိသည်။ မကြာသေးခင်က ကြုံခဲ့ရသည့် စိတ်မကောင်းစရာအဖြစ်အပျက်တခုကို သူက အောက်ပါအတိုင်းပြောပြသည်။

ရေဦးမြို့၌အထိုင်ချထားသည့် စစ်ကောင်စီတပ်က ၂၀၂၃ နိုဝင်ဘာလထဲမှာ လက်နက်ကြီးဖြင့် လှမ်းပစ်သဖြင့် ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ယောက်ကို ထိမှန်ခဲ့သည်။ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် သားအမိ ၂ ယောက်စလုံး မဖြူဖြူအေးထံ ရောက်လာခဲ့သည်။

“မြင်လိုက်တာနဲ့ ကလေးလေးက မရတော့ပါဘူးလို့ တွေးမိပြီးသား။ တအားကို စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး။ စကားလည်း မပြောနိုင်တော့ဘူး” 

အထက်ပါအကြောင်းကို ပြောပြနေရင်း မဖြူဖြူအေး၏ အသံသည် တိမ်ဝင်သွားသည်။ ငိုချင်စိတ်ကို ထိန်းချုပ်ထားသည့် သူ့အသံများက တုန်ခါနေသည်။ 

“သူ့အမေကတော့ ခွဲခန်းဝင်ပြီးနောက်ရက် ဆုံးသွားတယ်။ သူ့အမေက ကျနော်တို့လက်ပေါ်ပဲ ဆုံးသွားတာ” ဟု သူက အားတင်းကာ ဆက်ပြောသည်။ 

အသက် ၆ နှစ် အရွယ်သားဖြစ်သူမှာ ဦးခေါင်းကို လက်နက်ကြီးအစထိမှန်ခဲ့ခြင်းဖြစ်သည်။ ကလေးဖြစ်သူမှာလည်း မိခင်ဆုံးပြီး တပတ်အကြာမှာ သေဆုံးသွားခဲ့သည်။ 

“(စစ်တပ်ကို)ခွေးနဲ့နှိုင်းရတာတောင်မှ လွန်လွန်းသွားပြီ။ ခွေးအစစ်က သခင်ကိုသိတယ်။ ဒီအမြီးမပါတဲ့ခွေးက သခင်လည်းမသိ ဘာမှလည်း မသိဘူး။ ဓားပြတွေလို ဖြစ်နေတာ။ ဓားပြတွေတောင်မှ အိမ်တွေ ချန်ခဲ့သေးတယ်။ ဒီခွေးတွေကတော့ သူတို့စစ်ကြောင်းထိုးပြီဆိုရင် ရှိတာအကုန် သုံးစားမရအောင် အကုန်လုပ်ခဲ့တာ။” ဟု မဖြူဖြူအေးက မှတ်ချက်ပြုသည်။ 

CDM ကျောင်းဆရာမ မစန်းမွန်အေးက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ပြည်သူက ပေးထားသည့်လစာဖြင့် စားသောက်နေကြသည်ကို မေ့ပြီး ပြည်သူကို လူဟု မသတ်မှတ်နိုင်ဘဲ အရာဝထ္ထုပစ္စည်းတခု၊ ကျေးကျွန်သဘောလောက်သာ သတ်မှတ်ကာ ပြုမှုဆက်ဆံနေကြသည်ဟုဆိုသည်။ 

“ခွေးအစစ်က သခင်ကို သခင်မှန်းသိတယ်။ ဒီခွေးတွေကတော့ တကယ့်ကျေးဇူးရှင်တွေ၊ ပြည်သူတွေကို ပြည်သူမှန်း မသိတော့ဘူး” သူက ထပ်လောင်းဖြည့်စွက်သည်။ 

အညာဒေသအပါအဝင် တိုင်းပြည်အနှံ့တွင် ပြည်သူကိုသတ်၊ နေအိမ်မီးရှို့နေသည့် လုပ်ရပ်သည် မည်သူ့အတွက် လုပ်သည်၊ မည်သူအကျိုးရှိသည်ဆိုခြင်းကို ပြန်လည် စဉ်းစားသုံးသပ်စေချင်သည်ဟု CDM ကျောင်းဆရာမ မစန်းမွန်အေးက ဆိုသည်။ 

ပြီးလျှင် သူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုကဲ့သို့မေးချင်သည်ဟု ပြောသည်။ 

“ရွာတွေကို မီးရှို့၊ ပြည်သူတွေသတ်ဖြတ်နေလို့ အာဇာနည်သူရဲကောင်းတွေ ဖြစ်သွားမှာလား”

#မြေလတ်အသံ

#ဆောင်းပါး #စစ်တပ် #အာဏာသိမ်း #၃နှစ်ပြည့် #စစ်ခွေး #ခွေးတပ် #ခွေးစစ်ကြောင်း #အညာ #ပြည်သူ #ဖမ်းဆီး #သတ်ဖြတ် #မီးရှို့ #လုယက် #သူခိုး #ဓားပြ #ခွေးစစ်တပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10