အဌဂံသံဆန်ကာထဲမှာ ဖယ်သာဝိတ်ပုစ္ဆာအဖြေထုတ်မယ့် UFC 308 (အားကစားဆောင်းပါး)

အဌဂံသံဆန်ကာထဲမှာ ဖယ်သာဝိတ်ပုစ္ဆာအဖြေထုတ်မယ့် UFC 308 (အားကစားဆောင်းပါး)

“ဒုတိယအဖြစ်အပျက်”

အဲဒီနေ့က ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်။

အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ နာမည်ကျော်လာ့စ်ဗေးဂက်စ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပါရာဒိုက်စ်မြို့က တီမိုဘိုင်းလ်ရုံထဲမှာ MMA ပရိသတ် ၂၀,၀၀၀ ကျော် ကြည့်ရှုအားပေးနေကြတာက UFC 300။

ဘောင်းဘီအနက်ရောင်ဝတ်ထားတဲ့ အနီထောင့် MMA ဖိုက်တာက Cartwheel Kick လို့ခေါ်တဲ့ တပတ်လှည့်ကန်ချက် ကန်ချိန်မှာ ၅ ချီထိုးရတဲ့ သူတို့ပွဲပြီးဖို့ ၁၃ စက္ကန့်ပဲ လိုတော့တယ်။ ပြိုင်ဘက်ကန်ချက်မထိအောင် အေးဆေးရှောင်ထွက်သွားတဲ့ အပြာထောင့် MMA ဖိုက်တာက ကမ္ဘာကျော်ဟာဝိုင်ယီကျွန်း အငွေ့အသက်တွေပါတဲ့ ထိုးသားဘောင်းဘီဝတ်ထားတယ်။

အချီစေ့ဖို့ ၁၀ စက္ကန့်အလိုမှာ အချက်ပြတဲ့ Wood Clapper(အနောက်တိုင်းဝါးလက်ခုပ်) တီးသံနဲ့ ပြိုင်ဘက်ကို ဝိုင်းလယ်မှာ လက်ချင်းယှက် တချက်ချင်းနှက်ကြဖို့ အပြာထောင့်ကစားသမား လက်ဟန်ပြချိန်က ကွက်တိ။

စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်တတ်တဲ့ အနီထောင့်ဖိုက်တာကလည်း လက်ခံတာကြောင့် ပွဲပြီးဖို့ ၈ စက္ကန့်အလိုမှာ သူတို့တွေ နင်ပဲ နင်မို့ စွမ်းလေသလား၊ ငါပဲ ငါမို့ စွမ်းလေသလားဆိုပြီး အသည်းချင်း ပေါက်လိုက်ကြတာ အနက်ရောင်ဘောင်းဘီဝတ်ဖိုက်တာရဲ့ ဘယ်မေးရိုး ဟာဝိုင်ယီဘောင်းဘီဝတ် ဖိုက်တာရဲ့ ညာစိုက်လက်သီးထိပြီး ကြမ်းပြင်ပေါ် အနမ်းဆင်သွားချိန်က ၅ ချီမြောက် နောက်ဆုံးအချီရဲ့ ၄ မိနစ် ၅၉ စက္ကန့်။

ရသမြောက်ပွဲကြမ်း နိုင်ပွဲနဲ့အတူ UFC ရဲ့ Baddest Mother F****r ဆိုတဲ့ BMF ခါးပတ်ရသွားသူ အပြာထောင့်ဖိုက်တာကို ပရိသတ် ၂၀,၀၀၀ ကျော်က မတ်တတ်ရပ်ဂုဏ်ပြုခဲ့ကြတယ်။

သူကတော့ ကြမ်းနိုင်၊ ရမ်းနိုင်လှပါတယ်ဆိုတဲ့ UFC ဖိုက်တာ ဂျပ်စတင်ဂေချီကို အလဲထိုးခဲ့တဲ့ ဖိုက်တာဘဝအလဲထိုးရှုံးပွဲ လုံးဝမရှိသူ ဟာဝိုင်ယီကျွန်းသား အမေရိကန်ဖိုက်တာ မက်စ်ဟော်လိုဝေး။

 

“ပထမအဖြစ်အပျက်”

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်နာဟိုင်းမြို့က ဟွန်ဒါစင်တာမှာ MMA ပရိသတ် ၁၈,၀၀၀ ကျော် အားပေးနေကြတာက UFC 298။

အပြာထောင့်က ဘောင်းဘီအနီရောင်ဝတ်ဖိုက်တာက အနီထောင့်က ဘောင်းဘီအနက်ရောင်ဝတ် ဖိုက်တာကို ၅ မိနစ် ၅ ချီပွဲ ရှေ့ ၂ ချီလုံးမှာ သမင်ဆယ်လှမ်း ကျားတလှမ်းပုံစံနဲ့ ဝိုင်းလယ်ကို ဗဟိုပြုပြီး တောက်လျှောက် ဖိအားပေး အသာစီးယူထားတယ်။

သူထိုးလိုက်တဲ့ လက်သီးချက်တွေ ပြိုင်ဘက်ကိုထိသွားတိုင်း ရုံထဲလာကြည့်တဲ့ ပရိသတ်က “အီလီယာ” လို့ သံပြိုင်အော်သလို ဂျော်ဂျီယာနဲ့ စပိန်အလံတွေလည်း ဝှေ့ယမ်းနေကြတယ်။

၅ ချီထိုးရတဲ့ ဖယ်သာဝိတ်ခါးပတ်လုပွဲရဲ့ တတိယအချီ စက္ကန့် ၉၀ အရောက်မှာ ဝါးရင့်ကို ဝါးနုက ပတ်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အပြာထောင့်ဖိုက်တာက ရွှေသမင်အလိုက်မှားလေမလားဆိုတဲ့ ပရိသတ်အတွေးကို တွဲလုံးတွေထိုးရင်း ချေဖျက်ပြပြီး ညာလက်သီးတလုံး ပြိုင်ဘက်ရဲ့မေးရိုးကို တည့်ထိအောင်ထိုးပြီး အလဲထိုးအနိုင်ရသွားလို့ ပရိသတ်ရဲ့ မတ်တတ်ရပ်ဂုဏ်ပြုမှုခံလိုက်ရပါတယ်။ 

အလဲထိုးခံလိုက်ရတဲ့ အနီ‌ထောင့်ဖိုက်တာက UFC ဖယ်သာဝိတ်တန်းမှာ ချန်ပီယံအဖြစ် ကာလတခုကြာ စိုးမိုးခဲ့ပြီး သက်ရှိဂန္ထဝင်စာရင်းဝင်တဲ့ အလက်ဇန်းဒါးဗိုလ်ကန်နော့ဗ်စကီး။

သူ့ကိုအနိုင်ယူပြီး ဖယ်သာဝိတ်ခါးပတ်ပိုင်ရှင်ဖြစ်သွားတဲ့ အပြာထောင့်ဖိုက်တာက စပိန်ကိုလည်း ကိုယ်စားပြုတဲ့ ဂျော်ဂျီယာနိုင်ငံသား၊ ဖိုက်တာဘဝ ရှုံးပွဲလုံးဝမရှိဘဲ ပွဲတိုင်းနိုင်ထားတဲ့ အီလီယာ တိုပူရီယာ။

 

“အဖြစ်အပျက်နှစ်ခု ပေါင်းစည်းခြင်း”

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်။

UFC ON ABC ပွဲရဲ့ ပြိုင်ပွဲသီတင်းပတ်မှာ UFC စီအီးအို ဒေနာဝှိုက်က အောက်တိုဘာ ၂၇ ရက်၊ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က အီတီဟတ်ရုံမှာကျင်းပမယ့် UFC 308 ခေါင်ပွဲတွဲဆိုင်း ကြေညာလိုက်တယ်။

တွဲဆိုင်းခေါင်းစဉ်က ဖယ်သာဝိတ်ချန်ပီယံလုပွဲ။

ရင်ဆိုင်ကြမယ့်ဖိုက်တာတွေက လက်ရှိချန်ပီယံ တိုပူရီယာနဲ့ BMF ခါးပတ်ပိုင်ရှင် မက်စ် ဟော်လိုဝေး။

ပွဲချိန်က တွဲဆိုင်း ၇ ဆိုင်းပါတဲ့ ရှေ့ထွက် Preliminary ပွဲစဉ်တွေက အောက်တိုဘာ ၂၆ ရက်နေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာစပြီး တွဲဆိုင်း ၅ ဆိုင်းပါတဲ့ Main Card ပွဲစဉ်တွေက အောက်တိုဘာ ၂၇ ရက်နေ့ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ စမှာပါ။

UFC ဘက်က ဗိုလ်ကန်နော့ဗ်စကီးကို တိုပူရီယာနဲ့ မကျေပွဲ ချက်ချင်းပြန်ပေးလို့ရပေမယ့် သူ့ကို အမှတ်နဲ့ ၃ ကြိမ်ရှုံးခဲ့ဖူးတဲ့ ဟော်လိုဝေးကို ခါးပတ်လုခွင့်ပေးလိုက်တာကတော့ ချန်ပီယံဟောင်းအတွက် မခံချိမခံသာဖြစ်စရာပါ။

ဒါပေမဲ့ ထိုးပွဲစိပ်လွန်းတဲ့ ဗိုလ်ကန်နော့ဗ်စကီးက ခဏအနားယူဖို့ လိုအပ်နေတာကလည်း အမှန် ဖြစ်နေတော့ ပထမဆုံးခါးပတ်ကာကွယ်ပွဲထိုးဖို့ တိုပူရီယာဘက်က မစောင့်နိုင်တာကိုလည်း အပြစ်ပြောလို့မရပြန်ပါဘူး။

 

“ရွှေ့ပြောင်းအခြေချသူနဲ့ ဌာနေတိုင်းရင်းသား”

ဖယ်သာဝိတ်ချန်ပီယံ တိုပူရီယာက ဂျာမနီမှာမွေးပြီး မိခင်နိုင်ငံ ဂျော်ဂျီယာမှာ ကြီးပြင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ စပိန်နိုင်ငံအခြေစိုက်ပြီး ပွဲထိုးနေသူပါ။

ဟော်လိုဝေးကတော့ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမှာ မွေးပြီး Street Fight တွေကြောင့် နာမည်ကြီးတဲ့ ဝိုင်းအနိုင်ဒေသမှာ ကြီးပြင်းခဲ့သူ၊ အမေရိကန်ပြည်ထောင်စုရဲ့ ဌာနေတိုင်းရင်းသားစာရင်းဝင် ဟာဝိုင်ယီနဲ့ ဆာမိုအာမျိုးနွယ်စုတွေက ဆင်းသက်လာသူပါ။

 

“အသည်းချင်းချည် ဇွဲချင်းတည်မယ့်ပွဲ”

BMF ခါးပတ်ကို UFC ရဲ့ ချန်ပီယံခါးပတ်အဖြစ် စာရင်းသွင်းတယ်ဆိုရင် အခုပွဲကို ချန်ပီယံချင်း ထိပ်တိုက်တွေ့တဲ့ပွဲလို့ သတ်မှတ်နိုင်သလို ချန်ပီယံခါးပတ်စာရင်းမသွင်းရင်တောင်မှ တိုပူရီယာရဲ့ ဖယ်သာဝိတ်ခါးပတ် ပထမဆုံးကာကွယ်ပွဲအတွက် အကောင်းဆုံးပြိုင်ဘက်က ဟော်လိုဝေးပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။

ဒီတော့ UFC ဂန္ထဝင်နောက်တယောက်ကို တိုပူရီယာ ထပ်အနိုင်ယူနိုင်မလားဆိုတာက အခုပွဲကို စိတ်ဝင်စားစရာဖြစ်အောင် မီးထိုးပေးနေပါတယ်။

တိုပူရီယာရဲ့ ဘောက်ဆင်ပိုင်း ပိုင်နိုင်မှုကို လူပြောများပေမယ့် အသက် ၇ နှစ်အရွယ်ကတည်းက ဂရက်ကို - ရိုမန်နပန်းကစားနည်း လေ့ကျင့်ခဲ့တဲ့ သူ့ရဲ့ နပန်းပိုင်းကလည်း မခေပါဘူး။ ခပ်ကြမ်းကြမ်း သတ်နပန်းတွေ ထုတ်သုံးတတ်တဲ့ တိုပူရီယာရဲ့ပါဝါက ဖယ်သာဝိတ်အဆင့်မှာ ဝိတ်တန်းကြီးဖိုက်တာ တယောက် ဝင်ကစားနေတဲ့အတိုင်း အားကြီးသလို နပန်းပိုင်းအသာစီးယူပြီး ထုလက်သီး၊ ထောင်းလက်သီးတွေသုံးရင် ခဏလေးနဲ့ ပြိုင်ဘက် အထိအခိုက်များအောင် လုပ်တတ်ပါတယ်။

ဒါပေမဲ့ ဂျော်ဂျီယာဖိုက်တာရဲ့ ပွဲတွေကို ပရိသတ်ရင်ခုန်ကြတာက ပြီးခြေပြီးလက်ရှိခြင်းက အဓိကအချက် ဖြစ်ပါလိမ့်မယ်။ တခါတရံမှာ  တိုပူရီယာရဲ့ လက်သီးတွဲလုံးတွေက မထိရောက်ဘဲ လေထဲထိုးသလိုဖြစ်နေပေမယ့် အဲဒီလိုထိုးရင်း အလဲထိုးဖို့ သတ်ကွက်ဖော်ပြီး ပြိုင်ဘက်ကို ထိုင်ကျ၊ ငိုင်ကျသွားစေတာတွေက နည်းစနစ်ပိုင်းရှုထောင့်က ချဉ်းကပ်ရင်လည်း သဘောတွေ့စရာပါ။ 

ဟော်လိုဝေးကလည်း ပြီးခြေပြီးလက်ရှိတဲ့နေရာမှာ သူ့ဟန်နဲ့သူ နာမည်ကြီးပါတယ်။ ပြိုင်ဘက်ကို အကွာအဝေးထိန်းကစားပြီး တွဲလုံးတွေ ဆွဲသုံးတတ်သလို၊ ခြေတကမ်း လက်တကမ်းထဲဝင်ပြီး ဘေးတလုံး မေးတလုံးတွဲလုံးတွေနဲ့လည်း ဖြိုတတ်ပါတယ်။ 

တခါတလေ ဟော်လိုဝေး သတ်ကွက်စုံအောင် မထိုးနိုင်ဘူးလို့ တွေးနေမိချိန် ပြိုင်ဘက်ကို တရစပ်လက်သီးတွဲလုံးတွေနဲ့ ချုပ်ကွက်ထဲ ဆွဲခေါ် အနိုင်ယူတတ်သူဖြစ်တာကြောင့် သူ့သတ်လုံးသတ်ပေါက်က ခန့်မှန်းရခက်ပါတယ်။

ဟာဝိုင်ယီကျွန်းသားရဲ့ သတ်လုံးသတ်ကွက်တွေက ဘောက်ဆင်သမားတဦးထက် ကစ်ဘောက်ဆင်သမားနဲ့ ပိုတူပြီး ခြေထွက်လက်ထွက် မြန်လွန်းတဲ့ဖိုက်တာအဖြစ် ဝါရင့်တွေ ဂန္ထဝင်တွေကပါ ချီးကျူးရသူပါ။

တိုပူရီယာရဲ့ ဖိုက်တာဘဝမှတ်တမ်းမှာ ဟော်လိုဝေးလို သတ်လုံးစုံ ခန့်မှန်းရခက်ပြီး အန္တရာယ်များတဲ့ မာဂုဏ်မြင့်ဖိုက်တာမျိုး မဆုံခဲ့ဖူးပါဘူး။ သူ့ရဲ့ အပြင်းဆုံးလက်သီးထိရင်တောင် ဟော်လိုဝေး ကျသွားပါ့ မလားဆိုတာက မေးခွန်းရပြီး အဖြေမထုတ်ရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။

တကယ်လို့ ဟော်လိုဝေးကို အလဲထိုးနိုင်တဲ့ပါဝါမျိုး တိုပူရီယာမှာမရှိရင်တော့ ဟာဝိုင်ယီဖိုက်တာ က Terminator လိုပုံစံနဲ့ နောက်ပိုင်းအချီတွေမှာ တိုက်စစ်ဖွင့်တာကို ရင်တမမခုခံရမှာဖြစ်တာကြောင့် ဂျော်ဂျီယာဖိုက်တာက ပြိုင်ဘက်တိုက်စစ်မစခင် ထိကျပါဝါရှိတဲ့ လက်သီးနဲ့အလဲထိုးနိုင်၊ မထိုးနိုင်ဆိုတဲ့ အချက်ကပဲ အခုပွဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

BMF ခါးပတ်ပိုင်ရှင်ဟော်လိုဝေးက တိုပူရီယာရဲ့ လက်သီးတွေမြည်းစမ်းရမှာ သေချာပေမယ့် နောက်ပိုင်းအချီတွေရောက်မှ အသာစီးယူလွှမ်းမိုးပြီး သံဆန်ကာထဲကနေ နိုင်ပွဲနဲ့အတူ ခါးပတ် ၂ ခု ပိုင်ရှင်အဖြစ် ပြန်ထွက်လာနိုင်မယ့်ပွဲ ဖြစ်ပါလိမ့်မယ်။

ရေးသားသူ - ထို့တပတ်

#မြေလတ်အသံ

#အားကစားဆောင်းပါး #UFC308 #ဟော်လိုဝေး #တိုပူရီယာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10