အတူတူနေတဲ့သူတွေက သူလျှိုမဟုတ်ဘူးလို့ ယုံကြည်ထားတာကို အဝေးကလူတွေက ဇွတ်အတင်းပြောနေတာက မရိုးသားဘူးလို့မြင်တယ်

အတူတူနေတဲ့သူတွေက သူလျှိုမဟုတ်ဘူးလို့ ယုံကြည်ထားတာကို အဝေးကလူတွေက ဇွတ်အတင်းပြောနေတာက မရိုးသားဘူးလို့မြင်တယ်

ဆက်သွယ်မေးမြန်းသူ - လင်းဇေ

 

လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ (Warriors of Liberation Force - W.O.L.F) ခေါင်းဆောင် ဗိုလ်ဆိုင်ဂုံနှင့် တပ်ဖွဲ့ ရဲဘော် ၆ ဦးသည် ဧပြီလ ၁၁ ရက်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

 

အဆိုပါ ဖမ်းဆီးခံခဲ့ရသည့် W.O.L.F တပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်ဆိုင်ဂုံနှင့် တပ်ဖွဲ့ဝင်များသည် ယခင်က ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB - ပန်ဆက်)အဖွဲ့၏ ထောက်ပံ့မှုဖြင့် ရပ်တည်ခဲ့ကြသည့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များဖြစ်ပြီး မကွေးတိုင်း၊ သရက်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားခဲ့ကြသည်။ 

 

၂၀၂၃ နှစ်ဆန်းပိုင်းတွင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဆိုင်ဂုံနှင့် ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို (PMSAB - ပန်ဆက်)အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ဝမ်းတို့ သဘောထားကွဲလွဲခဲ့ရာက ဗိုလ်ဆိုင်ဂုံ တပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။ ယင်းနောက် ဗိုလ်ဆိုင်ဂုံကို PMSAB - ပန်ဆက်အဖွဲ့ ခေါင်းဆောင်များက စစ်ကောင်စီ၏ သူလျှိုဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြသည်။ ဗိုလ်ဆိုင်ဂုံမှာ CDM အရာရှိတဦးဖြစ်ပြီး ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

 

ယခုလို ဗိုလ်ဆိုင်ဂုံဟာ မိုးကြိုးပြောက်ကျားအဖွဲ့မှ ထုတ်ပယ်ခံခြင်း၊ သူလျှိုဟု စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရခြင်းနှင့် ပတ်သက်၍  စစ်တပ် CDM အရာရှိတဦးဖြစ်သလို ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB - ပန်ဆက်)အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ရဲဘော်မှိုင်းကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။ 

 

 

မြေလတ်  အရင်ဆုံး ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB-ပန်ဆက်)အဖွဲ့က ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းခဲ့တာလဲဆိုတာ အရင်ဆုံးပြောပေးပါ ခင်ဗျ။

 

ရဲဘော်မှိုင်း  ။ ပန်ဆက်အဖွဲ့ရဲ့အလုပ်က CDM ဝင်လာတဲ့ စစ်သားတွေက PDF အဖွဲ့တွေကို အွန်လိုင်းကနေ သင်တန်းပြန်ပေးတာပေါ့။ အဓိကအားဖြင့် စစ်ပညာတွေ၊ နည်းဗျူဟာတွေ၊ ပြီးရင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဒါတွေကို ပြန်ပြီးတော့ အွန်လိုင်းသင်တန်းပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ 

 

 

မြေလတ်  ဒီပန်ဆက်အဖွဲ့ဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်တဲ့အဖွဲ့လား၊ ဘယ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရပ်တည်တဲ့အဖွဲ့လဲ။

 

ရဲဘော်မှိုင်း  ။ အဲဒီအထဲမှာ CDM စစ်သားတွေက အဓိက၊ ရဲဝန်ထမ်းဆိုလို့ တယောက်ပဲပါတယ်။  ပန်ဆက်အဖွဲ့ကို ဦးမောင်မောင်ဝမ်းဦးဆောင်တယ်။ ပန်ဆက်အဖွဲ့ရဲ့ အဓိကအလုပ်ကတော့ အွန်လိုင်းကနေ စာသင်ပေးတယ်။ ဒီအလုပ်မှာကျတာကတော့ CDM စစ်သားတွေက အဓိကလုပ်ပေးတယ်။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဆိုတာကကျတော့ ကိုဆိုင်ဂုံရယ်၊ ကိုမင်းမောင်မောင်ရယ်၊ ဦးမောင်မောင်ဝမ်းရယ် သုံးယောက်တိုင်ပင်ပြီးတော့ တည်ထောင်လိုက်တဲ့အဖွဲ့။ အဖွဲ့ကတော့ မကွေးတိုင်းထဲမှာ အခြေစိုက်ပါတယ်။ ဒါပေမဲ့ ပန်ဆက်မှာပါဝင်တဲ့ အဖွဲ့ဝင်တွေကျတော့ သူတို့သုံးယောက် တည်ထောင်ထားတဲ့ မိုးကြိုးပြောက်ကျားနဲ့ပတ်သတ်ပြီးတော့ သိပ်မသိကြဘူး။ အဲ့မှာရှိတဲ့ တပ်ဖွဲ့ဝင် အင်အားတွေ၊ လက်နက်အင်အားတွေ၊ လှုပ်ရှားနေတာတွေ ဒါတွေကို မသိထားဘူး။ နောက်ပိုင်း ဗဟိုစစ်ကော်မရှင်ကို ဖွဲ့ဖို့အတွက် ပန်ဆက်မှာစာသင်ပေးနေတဲ့ CDM တွေကို လာခေါ်ပြီးတော့ စည်းရုံးတာမျိုးရှိတယ်။ ဗဟိုစစ်ကော်မရှင်ကို ၂၀၂၃ ခုနှစ်‌၊ ဖေဖော်ဝါရီမှာ ဖွဲ့ဖို့အတွက် ကြိုးစားထားတဲ့ အဖွဲ့တဖွဲ့ပေါ့။ ဒီအဖွဲ့ရဲ့အသိအမှတ်ပြုခံရမှုကတော့ မြေပြင်က ရဲဘော်တွေနဲ့ပဲ သက်ဆိုင်လိမ့်မယ်ခင်ဗျ။

 

 

မြေလတ်  ပန်ဆက် (PMSAB) အဖွဲ့ကို ဘယ်တုန်းက စတည်ထောင်ခဲ့တာလဲ၊ ဖွဲ့စည်းပုံကရော ဘယ်လိုတွေရှိ လဲဆိုတာ ပြောပါပေးပါဦး။ 

 

ရဲဘော်မှိုင်း  ။ ပန်ဆက်အဖွဲ့ စတင်ဖွဲ့ခဲ့တာက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲမှာ Athena ဆိုတဲ့နာမည်နဲ့ စတင်တည်ထောင်တယ်။ နတ်ဘုရားရဲ့ နာမည်။ ဒါပေမဲ့ လပိုင်းအတွင်းမှာပဲ ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို (PMSAB - ပန်ဆက်)ဆိုပြီးတော့ အမည်ပြန်ပြောင်းလိုက်တယ်။ ပန်ဆက်အဖွဲ့မှာ ဦးမောင်မောင်ဝမ်းက ဦးဆောင်တယ်။ သင်ကြားရေးအပိုင်းမှာဆိုရင် CDM စစ်သား ကိုမင်းမောင်မောင်၊ သူကတော့ CDM ထဲမှာ အသက်အရွယ်အားဖြင့် အကြီးဆုံးပေါ့။ သူ ဦးဆောင်တယ်။ ကျနော်တို့လို CDM တွေ ပြီးတော့ Low Profile နေကြတဲ့ CDMတွေ တော်တော်များများပါတယ်။ တချို့က ဗော်လန်တီရာလုပ်ပေးတဲ့ သူတွေလည်းရှိတယ်။ မိုးကြိုးပြောက်ကျားအဖွဲ့ကတော့ တပ်တည်ထောင်တယ်။ နယ်မြေတွေဖော်ဆောင်တယ်။ 

 

 

မြေလတ်  ဗိုလ်ဆိုင်ဂုံနဲ့ ပန်ဆက် (PMSAB) သဘောထားကွဲလွဲတဲ့အချက်က ဘယ်အချက်လဲ။ 

 

ရဲဘော်မှိုင်း  ။ ပန်ဆက်အဖွဲ့နဲ့ မိုးကြိုးပြောက်ကျားအဖွဲ့က သဘောထားကွဲလွဲတယ်လို့ ပြောလို့မရဘူးခင်ဗျ။ ပန်ဆက်အဖွဲ့နဲ့ မိုးကြိုးပြောက်ကျားအဖွဲ့နဲ့က လုပ်ငန်းသဘာဝချင်းလည်း မတူဘူး။ မိုးကြိုးပြောက်ကျားအဖွဲ့က စစ်တိုက်တဲ့အဖွဲ့၊ ပန်ဆက်အဖွဲ့က စာသင်တဲ့အဖွဲ့ ။ သဘောထားကွဲလွဲတယ်လို့တော့ ပြောလို့မရဘူး။ အဓိက သဘောထားကွဲလွဲသွားတာက ကိုဆိုင်ဂုံ၊ ကိုမင်းမောင်မောင်နဲ့ ဦးမောင်မောင်ဝမ်းတို့ကြားမှာ သဘောထား ကွဲလွဲတယ်လို့ ပြောရင်တော့ ပိုမှန်မယ်။ ဘယ်အချက်က သဘောထားကွဲလွဲတာလဲဆိုရင်တော့ ဦးမောင်မောင်ဝမ်း၊ ကိုမင်းမောင်မောင်နဲ့ ကိုဆိုင်ဂုံတို့ လက်တွဲပြီးအလုပ်လုပ်လာက ၂ နှစ် နီးပါးလောက်ရှိပြီပေါ့။ ဒီအချိန်အတောအတွင်းမှာ သူတို့အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေအများကြီးရှိတယ်ပေါ့။ ပဋိပက္ခတွေအကြောင်းကို ကြားချင်ရင် ကျနော်ပြောတာထက် မြေပြင်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ရဲဘော်တွေကပြောရင် ပိုပြီးလက်တွေ့ကျလိမ့်မယ်။ ကျနော်ပြောပြရင် တဆင့်စကားဖြစ်နေလိမ့်မယ်။ အဓိကအားဖြင့် ကိုမင်းမောင်မောင်၊ ဦးမောင်မောင်ဝမ်းနဲ့ ကိုဆိုင်ဂုံရဲ့ကြားထဲမှာ တခြားသော ပဋိပက္ခတွေတော့ ရှိခဲ့လိမ့်မယ်။ သူလျှိုဖြစ်တယ်။ သူလျှိုဆိုတာထက် ဦးမောင်မောင်ဝမ်းသုံးနှုန်းသွားတာတော့ စစ်ကောင်စီရဲ့ အထူးထောက် လှမ်းရေးက လွှတ်လိုက်တဲ့သူဖြစ်နိုင်တယ်လို့ သုံးနှုန်းသွားတာပေါ့နော်။ အဲဒီအချက်နဲ့ သူတို့တွေစွပ်စွဲပေမယ့် ဒီအချက်က အဓိက သဘောထားကွဲလွဲစေတဲ့အချက်လို့ ကျနော်ကတော့ မယူဆဘူးခင်ဗျ။ 

 

 

မြေလတ်  သတင်းတွေမှာ ဗိုလ်ဆိုင်ဂုံက NUG အောက်ကိုသွားချင်တယ်၊ ဦးမောင်မောင်ဝမ်းတို့က မသွားချင်ဘူး။ နောက်တခုက ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ဆိုင်ဂုံတို့ ကြားမှာ တတိယအင်အားစု တည်ထောင်တာနဲ့ပတ်သက်ပြီး သဘောထားကွဲကြတယ်လို့ ကြားတယ်။ အဲဒါကိုရော ဘယ်လိုမှတ်ချက်ပေးချင်လဲ ခင်ဗျ။ 

 

ရဲဘော်မှိုင်း  ။ ဒါကတော့ ကျနော့်အမြင်သပ်သပ်ပဲ ဖြစ်မယ်ပေါ့နော်။ ကိုဆိုင်ဂုံနဲ့ ဦးမောင်မောင်ဝမ်းနဲ့ ကြားထဲက အစာမကြေမှုတွေမှာ စောစောက ပြောခဲ့တဲ့ NUG( MOD) ကို စာရင်းတင်တဲ့ကိစ္စတွေပါမယ်။ ပြီးရင် စစ်ဆင်ရေးဖော်ဆောင်တဲ့ ကိစ္စတွေရှိမယ်။ ပြီးရင် ရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့လည်း တယောက်နဲ့တယောက်အဆင်မပြေတဲ့ အပိုင်းတွေပါမယ်။ နောက်တခုက တပ်ဖွဲ့ရဲ့အမိန့်ပေးအာဏာမှာ အပြိုင်အဆိုင်ဖြစ်ကြတဲ့ ပဋိပက္ခတွေလည်းပါမယ်ခင်ဗျ။ ကျနော့်အမြင်အရတော့ ဦးမောင်မောင်ဝမ်းနဲ့ ကိုဆိုင်ဂုံကြားထဲမှာ ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံရေးအရရော အများကြီးရှိလိမ့်မယ်ဗျ။ သေချာပြောနိုင်တာကတော့ သူလျှိုဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဖမ်းဆီးလိုက်တာကတော့ သဘာဝမကျဘူးခင်ဗျ။ 

 

 

မြေလတ်  ရဲဘော်မှိုင်းကရော ပန်ဆက်အဖွဲ့ကနေ ဘယ်လိုထွက်လိုက်တာလဲ။ 

 

ရဲဘော်မှိုင်း  ။ ကျနော် ၂၀၂၁ နိုဝင်ဘာလကတည်းက (ပန်ဆက်မှာ) အလုပ်လုပ်ခဲ့တယ်။ ပန်ဆက်အဖွဲ့ရဲ့ သင်ကြားရေးပရောဂျက်ရော၊ တခြားလူအခွင့်အရေးနဲ့ဆိုင်တဲ့ ပရောဂျက်တွေရော အထဲထဲဝင်ပြီးတော့ကို လုပ်ခဲ့တယ်။ ၂၀၂၃ ဧပြီလထဲမှာ ကိုဆိုင်ဂုံကို သူလျှိုဖြစ်တယ်လို့ စွပ်စွဲတဲ့အခါမှာ ကျနော်က ဒီကိစ္စကိုသဘောထား မတိုက်ဆိုင်ဘူးပေါ့။ တလျှောက်လုံးအလုပ်လုပ်လာခဲ့တဲ့ လူတယောက်ကို အဆင်မပြေတဲ့အချိန်ရောက်ကာကျမှ သူလျှိုအနေနဲ့ တံဆိပ်ကပ်လိုက်တာကို ကျနော့်အနေနဲ့သဘောမကျဘူး။ အဲဒါကြောင့် ကျနော်က ဒီကိစ္စကို စောင့်ကြည့်မယ်။ တကယ်လို့ သူလျှိုမှန်လို့ရှိရင် ကျနော်တောင်းပန်ပြီးတော့ အဖွဲ့မှာ ဆက်နေမယ်၊ သူလျှိုမဟုတ်ဘူးဆိုရင် ကျနော်အဖွဲ့ကထွက်မယ် ဆိုပြီးပြောခဲ့တာ။ နောက်ပိုင်းမှာ ဒီလိုစွပ်စွဲရုံတင်မကဘဲနဲ့ ဖမ်းဆီးတယ်။ ကိုဆိုင်ဂုံဖုန်းထဲကနေပြီးတော့ အချက်အလက်တွေကိုယူတယ်။ ဗိုလ်ဆိုင်ဂုံရဲ့ကောင်မလေးကို သိက္ခာချတယ်။ ကိုဆိုင်ဂုံနဲ့ ရင်းနှီးတဲ့အခြားသူတွေကိုလည်း လိုက်ပြီးတော့ ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တဲ့သက်သေတွေလည်း ကျနော့်မှာရှိတယ်။ အဲလိုမျိုးပုံစံမျိုးစုံနဲ့လုပ်လာတဲ့အခါမှာ ကျနော်က အဲဒီအဖွဲ့ထဲမှာ မနေချင်တော့ဘူးပေါ့နော်။ အဲဒါကြောင့် ကျနော် ၂၀၂၃ ဧပြီလထဲမှာ ထွက်လိုက်ပါတယ်။ 

 

 

 

မြေလတ်  တခြားရော ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေရှိသေးလား။

 

ရဲဘော်မှိုင်း  ။ နောက်ပိုင်းမှာ ဘေးနံတပ်တွေ(တခြားတပ်ဖွဲ့တွေ)၊ ယူဂျီတွေ၊ ထောက်ပို့တွေ၊ အမ်အိုဒီ၊ အီးအာအို အားလုံးကို သတင်းလွှင့်တယ်။ ဗိုလ်ဆိုင်ဂုံက စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ အထူးထောက်လှမ်းရေးဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ သတင်းလွှင့်တယ်။ ကိုဆိုင်ဂုံက  သူ့ကို သူလျှိုလို့ သတင်းလွှင့်နေတာကို မသိဘူး။ အဲသတင်းက မြေအောက်တော်လှန်ရေး လောကထဲမှာ ပျံ့နေတယ်။ အရမ်းကို အန္တရာယ်များတဲ့အခြေအနေ။ အဲဒီသတင်းကို မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်တွေလည်း မသိရသလို၊ ပန်ဆက်အဖွဲ့ဝင်တွေလည်း မသိရဘူး။ အရမ်းအန္တရာယ်များတယ်။ နောက်ပိုင်း ပန်ဆက်အဖွဲ့ဝင်တွေအားလုံးပြန်သိရတဲ့အချိန်မှာ အားလုံးက စိတ်ဆိုးကြတယ်။ ကိုယ်နဲ့ ရေရှည်အတူတူလက်တွဲအလုပ်လုပ်လာတဲ့ လူတယောက်ကို အဆင်ပြေဖြစ်တဲ့အခါကျမှ တံဆိပ်ကပ်တာ ပေါ့နော်။ ဒီလိုလုပ်တာကို အားလုံးက သဘောမကျကြဘူး။ အဲဒါကြောင့်မို့ အားလုံးက မျက်နှာချင်းဆိုင် ဖြေရှင်းကြဖို့ ဝိုင်းပြောကြတယ်။ ဒါပေမယ့် ကိုမင်းမောင်မောင်နဲ့ ဦးမောင်မောင်ဝမ်းတို့က လက်မခံဘူး။ 

 

 

 

မြေလတ်  ရဲဘော်မှိုင်းကကျတော့ အခုလိုတွေ စွပ်စွဲလို့ဆိုပြီး ပန်ဆက်အဖွဲ့ကနေ ထွက်ဖို့လုပ်တယ်၊ ပြီးတော့ ဖမ်းဆီးတဲ့အဆင့်ထိလုပ်လာတဲ့အခါ ထွက်လိုက်တယ်ပေါ့နော်။ ဗိုလ်ဆိုင်ဂုံကရော သူတို့စွပ်စွဲသလို မဖြစ်နိုင်ဘူးလား။ 

 

ရဲဘော်မှိုင်း  ။ ကျနော်တို့က အဝေးကမြင်ရတဲ့အမြင်မှာဆိုရင်တောင် ကိုဆိုင်ဂုံအနေနဲ့ သူလျှိုမဖြစ်နိုင်ဘူး။ သူလျှိုတယောက်က အားလုံးနဲ့အဆင်ပြေအောင်ပေါင်းမှာပဲ။ အခုလို ပြသာနာတွေအဖြစ်ခံမှာ မဟုတ်ဘူး။ ပြီးရင် Emotion(စိတ်ခံစားမှု) အစစ်အမှန်တွေလည်း ထုတ်ပြမှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ်အသက်အန္တရာယ်ရှိတဲ့ နေရာမျိုးမှာလည်း နေမှာမဟုတ်ဘူး။ ဒါက အဝေးက ကျနော့်အမြင်ပေါ့။ ဒါပေမဲ့ သဘာဝကျကျစဉ်းစားမယ်ဆိုလို့ရှိရင် ကိုယ်နဲ့တစခန်းတည်းနေတဲ့သူ၊ တဲတလုံးတည်းနေတဲ့သူ၊ ထမင်းတအိုးတည်းစားနေတဲ့သူတွေက ပိုအသိဆုံးပဲ။ အဲလူတွေက သူ့ကို သူလျှိုလို့မြင်တယ်ဆိုလို့ရှိရင်တော့ ကျနော့်အနေနဲ့ပြန်ပြီးတော့ စဉ်းစားစရာရှိတယ်။ ကိုယ်က သူလျှိုလို့ မယုံကြည်ပေမယ့်လည်း ထမင်းတအိုးတည်းစားတဲ့သူ၊ တဲတလုံးတည်းနေတဲ့သူ၊ တနေရာတည်းမှာ အတူတူအလုပ်လုပ်တဲ့သူတွေက သူ့ကို သူလျှိုလို့ ပြောလာလို့ရှိရင်တော့ ကျနော့်အနေနဲ့ ပြန်စဉ်းစားဖို့လိုတယ်။ ဒါပေမဲ့ အခု အတူတူနေတဲ့သူတွေကိုယ်တိုင်က သူ့အပေါ်ယုံကြည်မှုအပြည့်အဝရှိတယ်။ အဲဒါကို အဝေးက လူတွေက အတူတူနေတဲ့သူတွေကို အထင်မသေးသင့်ဘူး။ သူတို့လည်း လူတွေပဲ၊ သူတို့လည်း စဉ်းစားတတ်တဲ့ ဦးနှောက်ပါတဲ့လူတွေပဲ၊ သူတို့တွေရဲ့ ကိုယ်ပိုင်ဦးနှောက်၊ ကိုယ်ပိုင်အသိဥာဏ်နဲ့ သူလျှို ဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ အတူတူနေတဲ့သူတွေက သူလျှိုမဟုတ်ဘူးလို့ ယုံကြည်ထားတာကို အဝေးကလူတွေက ဇွတ်အတင်းပြောနေတာက မရိုးသားဘူးလို့မြင်တယ်။ 

 

 

မြေလတ်  ဦးမောင်မောင်ဝမ်းက မိုးကြိုးပြောက်ကျားအဖွဲ့မှာ ဘာတာဝန်များယူထားတာလဲ မသိဘူး။ 

 

ရဲဘော်မှိုင်း  ။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှာ ဖွဲ့စည်းပုံဘယ်လိုရှိလဲတော့ ကျနော်မသိဘူးခင်ဗျ။ ဒါပေမဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးကတော့ ကိုဆိုင်ဂုံဖြစ်တယ်။ လူသစ်စုဆောင်းတာ၊ တပ်တည်ဆောက်ရေးတွေလုပ်တာ၊ ရိက္ခာရှာဖွေတာ၊ စစ်ဆင်ရေးဖော်ဆောင်တာ၊ အားလုံးကို ကိုဆိုင်ဂုံက သူ့ခြေသူ့လက်နဲ့ပဲ လုပ်ခဲ့တာဖြစ်တယ်။ ကိုဆိုင်ဂုံဟာ မိုးကြိုးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဖြစ်သလို လုပ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်တယ်။ ဦးမောင်မောင်ဝမ်းက အဲ့ဒီမှာ ဘာလဲဆိုတာတော့ ကျနော် မသိဘူးခင်ဗျ။ အဲ့ဒီရဲ့ ဖွဲ့စည်းပုံကို ကျနော် မသိဘူး။ 

 

 

 

မြေလတ်  ဒါဆိုရင် ဦးမောင်မောင်ဝမ်းက မိုးကြိုးပြောက်ကျားအဖွဲ့နဲ့ ပန်ဆက်အဖွဲ့မှာ ဘယ်အခန်းကဏ္ဍက တာဝန်ယူထားတာလဲ ခင်ဗျ။ 

 

ရဲဘော်မှိုင်း  ။ ဦးမောင်မောင်ဝမ်းက ပန်ဆက်အဖွဲ့မှာတော့ ခေါင်းဆောင်၊ ပန်ဆက်အဖွဲ့ရဲ့ အော်ပရေးရှင်း စရိတ်တွေအကုန်လုံးကို သူက အလှူခံပြီး ရှာဖွေပေးတယ်။ သူက ပန်ဆက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တာကိုတော့ ကျနော်တို့လက်ခံတယ်။ မိုးကြိုးပြောက်ကျားအဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်လား၊ မဖြစ်လားဆိုတာတော့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပြောတာက ပိုပြီးသဘာဝကျလိမ့်မယ် ခင်ဗျ။

 

 

မြေလတ်  နောက်တခုက CDM ဗိုလ်တယောက်ဖြစ်တဲ့ ဗိုလ်ဆိုင်ဂုံသာ မတရားအစွပ်စွဲခံရတယ်၊ အပြစ်ပေးခံရတယ်ဆိုတာမျိုးဖြစ်လာမယ်ဆိုရင် အဲ့ဒီအကျိုးဆက်က ဘာတွေများဖြစ်လာနိုင်မလဲ မသိဘူး။

 

ရဲဘော်မှိုင်း  ။ အခုလိုမျိုးဖမ်းဆီးလိုက်တာရော၊ စွပ်စွဲလိုက်တာရော အကျိုးဆက်အနေနဲ့က ဆိုးကျိုးတွေ အများကြီးရှိတယ်။ အဓိကဆိုးကျိုးသက်ရောက်မှာကတော့ မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ရဲဘော်တွေဆီမှာ ဆိုးကျိုးတွေ အများကြီးသက်ရောက်သွားနိုင်တယ်။ သူတို့တွေအနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ လူတွေအပေါ် ယုံကြည်ချက်က အရင်လောက်ရှိတော့မှာ မဟုတ်ဘူး။ ဒါက သေချာတယ်။ တော်လှန်ရေးထဲမှာ ပါနေတဲ့ ရဲဘော်ရဲဘက်တွေအချင်းချင်းရော၊ ဦးမောင်မောင်ဝမ်း၊ ကိုမင်းမောင်မောင်တို့အပေါ်ရော၊ နောက်ပြီးတော့ ERO တွေအပေါ်မှာရော၊ NUG အပေါ်မှာရော သူတို့တွေအနေနဲ့ ယုံကြည်ချက်က အရင်လောက်ရှိတော့မှာ မဟုတ်ဘူး။ ဒါကတော အဆိုးရွားဆုံးရလဒ်ပဲ အဲလိုဖြစ်သွားမှာ သေချာတယ်။ ဒါပေမဲ့ တော်လှန်ရေးကတော့ သူတို့ဆက်လုပ်နေမှာပဲ ကိုယ့်နိုင်ငံကောင်းဖို့အလုပ်ကိုတော့ သူတို့တွေ ဘယ်အခြေအနေရောက်ရောက် ဆက်လုပ်နေမှာပဲ။ နောက်တခုက အခုအဖမ်းခံထားရတဲ့ တပ်ရင်းမှူးဆိုင်ဂုံနဲ့ ရဲဘော် ၆ ယောက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများကြီး ရှိနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မူရှိမရှိဆိုတာတော့ ပြန်လွတ်လာမှပဲသိမှာပေါ့။ သေချာတာ တခုကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူကတော့ အများကြီးရှိနိုင်တယ်။ တော်လှန်ရေးမှာ ပြန်ပြီးတော့ တိုက်ပွဲဝင်နိုင်ဖို့အတွက် သူတို့တွေ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေမှာ သူတို့တွေအများကြီး ပြန်တည်ဆောက်ရဖို့ လိုလိမ့်မယ်။ ပြန်ပြီးတော့ တိုက်ပွဲမဝင်နိုင်တာမျိုးလည်းဖြစ်သွားနိုင်တယ်။ ပြန်ပြီးတော့ တိုက်ပွဲဝင်နိုင်ဖို့ကိုပဲ  အချိန်တော်တော်ကြာ ပြန်ပြီးတော့ ကုစားဖို့အတွက် လိုလိမ့်မယ်။ ဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ ဆိုးကျိုးတွေက ဆက်တိုက်ဆက်တိုက်ပေါ်လာမှာပဲ။ ဒါနဲ့တင်ရပ်သွားမှာ မဟုတ်ဘူး။ 

 

 

မြေလတ်  နောက်တခုက ဗဟိုစစ်ကော်မရှင်ဖွဲ့ဖို့ ကြိုးစားတာပေါ့၊ ဗဟိုစစ်ကော်မရှင်ဖွဲ့တာက ဖေဖော်ဝါရီမှာ၊ ရဲဘော်မှိုင်းထွက်လိုက်တာက ဧပြီလထဲမှာဆိုတော့ အဲဒီကော်မရှင်ဖွဲ့တော့ ရဲဘော်မိုင်းရော ပါခဲ့သေးလား။ ဒါမှမဟုတ် ပါဝင်ဖို့အတွက် လာပြီးကမ်းလှမ်းတာမျိုးရော ရှိသေးလား။ 

 

ရဲဘော်မှိုင်း  ။ ဗဟိုစစ်ကော်မရှင်ဖွဲ့ဖို့အတွက် ဦးမောင်မောင်ဝမ်းနဲ့ ကိုမင်းမောင်မောင်က ကြိုးစားတယ်။ ပြီးတော့ ဖွဲ့စည်းပုံကို အလောတကြီး ရေးဆွဲတယ်။ ပထမစတုန်းကတော့ ပန်ဆက်အဖွဲ့ စီဒီအမ်တွေ မပါသေးဘူး။ ဦးမောင်မောင်ဝမ်း၊ ကိုမင်းမောင်မောင်၊ Winston ၊ ပြီးရင် ဗိုလ်ရှိန်းပေါ့။ နောက်ထပ် တယောက်၊ နှစ်ယောက်လောက် ထပ်ပါဦးမယ် ထင်တယ်။ သူတို့နဲ့ပဲ ဖွဲ့စည်းပုံကိုရေးဆွဲဖို့အတွက် ကြိုးစားကြတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံက ထွက်မလာဘူး။ အဲဒီလိုထွက်မလာတဲ့အခါမှ ပန်ဆက်မှာ စာသင်ပေးနေတဲ့ ကျနော်တို့ CDM တွေကို ခေါ်တယ်။ ဒီဖွဲ့စည်းပုံကြီးကို ဝိုင်းလုပ်ကြရအောင်ဆိုပြီးတော့ ခေါ်တယ်။ အဲဒီမှာ ဖွဲ့စည်းပုံ ရေးဆွဲရေးကော်မတီဆိုပြီး ဖွဲ့လိုက်တယ်။ အဲဒီအထဲမှာတော့ ကျနော်ပါတယ်။ နောက်ထပ် CDM တွေလည်းပါတယ်။ ဒီဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီက ဖွဲ့စည်းပုံရေးဆွဲရေးသပ်သပ်ပဲ။ ဗဟိုစစ်ကော်မရှင်မှာ ပါဖို့မဟုတ်ဘူး၊ ဗဟိုစစ်ကော်မရှင်နဲ့လည်း မတူဘူး။ အဲဒီမှာ ပန်ဆက်အဖွဲ့ကို မိုးကြိုးပြောက်ကျားအဖွဲ့ကို ဆွဲသွင်းချင်တယ်။ ဒါပေမဲ့ ပန်ဆက်အဖွဲ့က စာသင်ပေးတဲ့အဖွဲ့၊ ကွပ်ကဲရေးလုပ်တဲ့အဖွဲ့မဟုတ်ဘူး။ မဟုတ်တော့ စစ်တပ်ရဲ့အမိန့်တွေကို ပေးလို့မရဘူး။ အဲတော့ ဗဟိုစစ်ကော်မရှင်ဖွဲ့မယ်၊ ဗဟိုစစ်ကော်မရှင်က မိန့်တွေပေးလို့ရမယ်။ ပြီးတော့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကို ကွပ်ကဲမှုယူမယ်။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှာ ကိုဆိုင်ဂုံရဲ့ အရေးပါမှုတွေ၊ လုပ်ပိုင်ခွင့်တွေကို လျှော့ချမယ်ပေါ့နော်။ ဒီလိုလုပ်ဖို့အတွက် ကြိုးစားကြတယ်။ အဲ့တုန်းက ဗဟိုစစ်ကော်မရှင်မှာ ပါသင့်တဲ့သူတွေကို အကြံပြုတယ်ပေါ့နော်။ စစ်ကော်မရှင်ဖြစ်တဲ့အတွက် မြေပြင်မှာရှိတဲ့ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေ ပါကိုပါရမယ်။ မြေပြင်က တပ်ခွဲမှူးတွေရယ်၊ ပန်ဆက်မှာ စာသင်ပေးနေတဲ့ CDM တွေရယ် ပေါင်းစည်းပြီးတော့ ဗဟိုစစ်ကော်မရှင်ဖွဲ့မယ်ဆိုရင်တော့ ကောင်းနိုင်တယ်ပေါ့နော်။ ဒီလိုမျိုးပဲလို့ ကျနော်ထင်ခဲ့တာ။ သူတို့မှာ ဘယ်လိုအကြံအစည်ရှိတယ်ဆိုတာတော့ ကျနော် မသိခဲ့ဘူး။ မြေပြင်မှာရှိတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေလည်း ဗဟိုစစ်ကော်မရှင်မှာ ပါလာလိမ့်မယ်လို့  ကျနော် ယုံကြည်ခဲ့တာပေါ့။ တကယ်တမ်းကျတော့ မြေပြင်ကလူတွေ မပါဘူး။ မပါဘဲနဲ့ ဦးမောင်မောင်ဝမ်းက ဥက္ကဠလုပ်တယ်၊ ကိုမင်းမောင်မောင်က ဒုဥက္ကဠလုပ်တယ်။ သူတို့စကားနားထောင်တဲ့ CDM တွေကိုကျတော့ အဖွဲ့ဝင်တွေအနေနဲ့သတ်မှတ်လိုက်တယ်။ ဗဟိုစစ်ကော်မရှင်ကို အဲလိုမျိုးဖွဲ့လိုက်တယ်။ ဖွဲ့လိုက်တဲ့အခါမှာ ပန်ဆက်အဖွဲ့မှာ အော်ပရေးရှင်းလုပ်နေတဲ့ သူတွေက မပါတော့ဘူး။ Public မှာပေါ်နေတဲ့ ဗဟိုစစ်ကော်မရှင်ကလွဲလို့ ကျန်သူအားလုံးက ထွက်ခဲ့တယ်။ တကယ့်တကယ် ပန်ဆက်မှာ ပရောဂျက်ကို ဦးဆောင်လုပ်နေတဲ့သူတွေ ပါမလာတော့ဘူး။

 

 

မြေလတ်  ရဲဘော်မှိုင်း အပါအဝင် ဘယ်နှစ်ယောက်ထွက်ခဲ့လဲ၊ ရာခိုင်နှုန်းနဲ့ပဲဖြစ်ဖြစ်၊ ဦးရေအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ 

 

ရဲဘော်မှိုင်း  ။ အရေအတွက်၊ ရာခိုင်နှုန်းနဲ့တော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ ပြောရရင် ပရောဂျက်တွေမှာ ဦးဆောင်နေတဲ့သူတွေ အားလုံးထွက်တယ်။ အဲဒီပရောဂျက်မှာ ဦးဆောင်နေတဲ့၊ ဘဏ္ဍာရေးရှာပေးနေတဲ့ အဓိကလူတွေ ထွက်သွားကြတယ်။  

 

 

မြေလတ်  ဗဟိုစစ်ကော်မရှင်ကို ဘာကြောင့်ဖွဲ့ရတာလဲ။ 

 

ရဲဘော်မှိုင်း  ။ ဗဟိုစစ်ကော်မရှင်ဖွဲ့တဲ့အခါမှာ ကျနော် ယုံကြည်ထားတာက မြေပြင်က တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေပါမယ်လို့ ယုံကြည်ထားတာ။ အဲလိုလူတွေ မပါတော့ဘူးဆိုတဲ့အချိန်မှာ သိလိုက်ရတာက ကိုမင်းမောင်မောင်နဲ့ ဦးမောင်မောင်ဝမ်းတို့သည် ကိုဆိုင်ဂုံကို လုပ်ပိုင်ခွင့်ကနေဖယ်ချင်တာ၊ အရေးပါတဲ့ နေရာကနေ ဖယ်ချင်တာ။ အဲဒီအတွက် ဖွဲ့လိုက်တာ။ ပြောရမယ်ဆိုရင် ဗဟိုစစ်ကော်မရှင်သည် ဖေဖော်ဝါရီလမှ ပေါ်လာတဲ့အဖွဲ့ ၊ တော်လှန်ရေးအတွက် စစ်တကြိမ်မှ မတိုက်ဖူးဘူး။ စစ်ရေးစီမံချက် တစောင်တောင် မရေးဖူးဘူး။ ဒါပေမဲ့ အများအမြင်မှာတော့ ဘယ်လိုလုပ်လဲဆိုရင် ကိုဆိုင်ဂုံက ဗဟိုကအမိန့်ကို မနာခံပါဘူးဆိုပြီး ပြောနေတာ။ အဲဒါမျိုးကတော့ ရှက်စရာကောင်းတယ်ဗျာ၊ ကိုယ်က ဘာအလုပ်မှ မလုပ်ဖူးဘဲနဲ့ မြေပြင်ခေါင်းဆောင်တယောက်ကို အမိန့်မနာခံဘူး၊ ညွန်ကြားချက်တွေ မနာခံဘူး၊ အပေါ်က လူတွေကို ကလန်ကဆန်လုပ်တယ်ဆိုပြီးတော့ ပြောတယ်၊ တကယ့်တကယ်က ဗဟိုကလူဆိုတာ ရှိကို မရှိခဲ့တာ။ 

 

 

မြေလတ်  ရဲဘော်မှိုင်းအနေနဲ့ ဘာဖြည့်စွက်ပြောချင်သေးလဲ။ 

 

ရဲဘော်မှိုင်း  ။ ဗဟိုစစ်ကော်မရှင်အနေနဲ့ ပြောမယ်ဆိုရင်တော့ အဲ့ဒီအဖွဲ့ကို မြေပြင်က အသိအမှတ်မပြုဘူး။ အဲ့ဒီအဖွဲ့က ၂၀၂၃ ဖေဖော်ဝါရီမှ ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်။ စစ်မတိုက်ဖူးဘူး၊ စစ်ရေးစီမံချက် မရေးဖူးဘူး။ စစ်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက်တွေ မထုတ်ပြန်ဖူးဘူး။ အဲ့တော့ ဗဟိုစစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောနေတာတွေကလည်း အကျိုးအကြောင်းညီညွတ်မှု မရှိဘူး။  အဲ့ဒါကို ကိုဆိုင်ဂုံက အမိန့်နဲ့ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပြောနေတာက လုံးဝကို အကျိုးအကြောင်းဆီလျော်မူမရှိဘူး။ နောက်တခု ကျနော်ပြောချင်တာက ကေအိုင်အေ ထောက်လှမ်းရေးဌာနက ဦးစီးအရာရှိ ပထမတန်း ဒုတိယဗိုလ်မှူးကြီးဦးမာပေါ့၊ သူနဲ့ ပန်ဆက်အဖွဲ့နဲ့က ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ အခု ကိုဆိုင်ဂုံအဖမ်းခံရတဲ့ ကိစ္စမှာလည်း လိုင်ဇာမှာ အဖမ်းခံရတာ။ မြေပြင်ရဲဘော်တွေ ပြောတာကတော့ ဂျီဝမ်းကြီးက ခေါ်လို့သွားတွေ့ရင်းနဲ့ အဖမ်းခံရတယ်လို့ ပြောတယ်။ ကျနော်အနေနဲ့ ထပ်ပြောချင်တာက ဒီကိစ္စကို ပြည်သူလူထုက လက်ခံနိုင်တဲ့ တရားဥပဒေလမ်းကြောင်းကပဲ သွားစေချင်တယ်။ လက်နက်ရှိတဲ့သူက ဖမ်းတယ်၊ ဒီအဖွဲ့က လူကပဲ စွပ်စွဲတယ်၊ ဒီအဖွဲ့ကပဲ စစ်ဆေးတယ်၊ ဒီအဖွဲ့ကပဲ တရားစီရင်တယ်။ ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ အဖြေမှန်ရဖို့ဝေးလိမ့်မယ်။ ဖမ်းဆီးခံရသူအနေနဲ့လည်း တရားဥပဒေအောက်က ပြန်လည်ချေပခွင့်ရှိသင့်တယ်။ ပြန်လည်ချေပခွင့်လည်း ပေးသင့်တယ်။ လုံးဝပြန်လည်ချေပခွင့်မရှိဘူး၊ ငါပြောတာအမှန်ဆိုရင်တော့ အကြွင်းမဲ့အာဏာရှင်စနစ်ကို ပြန်သွားလိမ့်မယ်။ ကျနော်တို့တွေက ဒီမိုကရေစီရချင်လို့ အပင်ပန်းခံပြီး တော်လှန်ရေးလုပ်နေတာဖြစ်တဲ့အတွက် ဒီမိုကရေစီစံနှုန်းတွေအတိုင်းပဲ ကျနော်တို့တွေက လက်ခံချင်တယ်။ အခုလိုမျိုး စစ်ဘုရင်ဝါဒ၊ တောပုန်းဝါဒနဲ့ လုပ်မယ်ဆိုလို့ရှိရင်တော့ ပြည်သူလူထုကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒါကိုလက်ခံလိုက်လို့ရှိရင်လည်း နောက်ပိုင်းမှာ အပြစ်မရှိတဲ့သူလည်း အန္တရာယ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားနေရမှာပဲ။ ပြည်သူလူထုလည်း အကြောက်တရားနဲ့ပဲ ရှင်သန်ပြီး အသက်ဆက်နေရမှာပဲ။ အဲ့ဒီလိုမဖြစ်စေချင်ဘူး။ ကေအိုင်အိုအနေနဲ့လည်း ဒီကိစ္စကို တရားဥပဒေအရဆောင်ရွက်ပေးစေချင်တယ်။ တရားဥပဒေလမ်းကြောင်းအတိုင်းလည်း ဆောင်ရွက်ပေးစေချင်တယ်။ 

 

#မြေလတ်အသံ

#PAMSAB #မိုးကြိုးပြောက်ကျား #ဗိုလ်ဆိုင်ဂုံ #ဦးမောင်မောင်ဝမ်း #အင်တာဗျူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10