သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
လက်နက်ကြီးကျသံ ခပ်စိပ်စိပ်ကြားပြီဆိုတာနဲ့ မကြာခင် ရွာထဲကို စစ်ကြောင်းဝင်လာတော့ မယ်ဆိုတာ မနှင်းကြည်*တို့ ရွာသားတွေ သိနှင့်နေပြီး ဖြစ်ပါတယ်။
ဒါကြောင့် ရွာသားအားလုံးဟာ အသင့်ပြင်ထားတဲ့ သူတို့အထုပ်အပိုးတွေကိုဆွဲပြီး လွတ်ရာကျွတ်ရာကို အပြေးနှင်လေ့ ရှိကြပါတယ်။ မနှင်းကြည်တို့ရွာသားတွေ ဒီလိုပြေးနေရတာဟာ ခုဆို ၂ နှစ်ကျော်ကာလအတွင်း အကြိမ်ရေ ၆၀ လောက် ရှိနေပါပြီ။
ဒီအရေအတွက်ဟာ မနှင်းကြည်တို့ရွာကို စစ်ကောင်စီစစ်ကြောင်းက တလကို ၂ ကြိမ်ကျော်လောက် ဝင်ရောက်တဲ့ သဘောပါ။
ရန်ကုန်မှာ ကျောင်းဆရာမ လုပ်နေတဲ့ ၃၆ နှစ်အရွယ် မနှင်းကြည်ဟာ စစ်အာဏာသိမ်းတဲ့အခါ CDM လုပ်ပြီး ကောလင်းမြို့နယ်က မွေးရပ်ဇာတိကျေးရွာမှာ ၇၃ နှစ်အရွယ်ရှိ သူ့အမေနဲ့အတူ ပြန်လည်နေထိုင်နေတာ ၃ နှစ်နီးပါး ရှိပါပြီ။
မနှင်းကြည်တို့နေထိုင်တဲ့ ကျေးရွာဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နဲ့ မလှမ်းမကမ်းမှာရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ သူတို့ကျေးရွာဟာ စစ်ကောင်စီ စစ်ကြောင်းဝင်ရင် ထွက်ပြေးတိမ်းရှောင်လိုက်၊ စစ်ကြောင်းပြန်ထွက်တာနဲ့ နေအိမ်တွေဆီ ပြန်လာလိုက်၊ နောက်တခါ စစ်ကြောင်းပြန်ဝင်လာလိုက်နဲ့ သံသရာလည်နေတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက အချို့နေရာတွေကို စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာလကစပြီး အင်တာနက် လိုင်း၊ တယ်လီဖုန်းလိုင်းတွေ တစိတ်တပိုင်း ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ရွာထဲစစ်ကြောင်းဝင်မယ်၊ မဝင်ဘူးဆိုတာကို သိရဖို့ လက်နက်ကြီးအသံကိုသာ နားစွင့်နေရတာပါ။
“ကျေးရွာထဲဝင်လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်မတွေ့အောင် ဘယ်နေရာကို ရှောင်ပြေးရမယ်ဆိုတာ လူတိုင်းက စဉ်းစားထားပြီးသားပါ” လို့ သူကပြောပါတယ်။
မနှင်းကြည်နဲ့အတူ တချို့ကတော့ စစ်ကြောင်းနဲ့လွတ်ရာ တောစပ်တွေဆီမှာ ပုန်းခိုကြပြီး တချို့ကတော့ သူတို့ရဲ့ဆွေမျိုးနီးစပ်တွေရှိရာ ရွာတွေဘက်ကို စစ်ရှောင်ပြေးကြပါတယ်။ မနှင်းကြည်တို့လို တောစပ်တွေမှာ ပုန်းခိုသူတွေကတော့ သစ်ပင်တွေအောက်မှာ နေထိုင်ကြပြီး မိုးရွာတဲ့ရက်တွေမှာ ဆိုရင်တော့ တာလပတ်ခြုံပြီး နေကြရပါတယ်။
စစ်ကြောင်းတခါထိုးရင် အနည်းဆုံး ၂ ရက်လောက် တိမ်းရှောင်ရတာဖြစ်လို့ အသင့်ချက်လာတဲ့ ထမင်းကြမ်းခဲ၊ ဒါမှမဟုတ် ထမင်းခြောက်တွေကို မျှဝေစားသောက်ကြရပါတယ်။
"ရွာသူရွာသားတွေဆိုတော့ အိမ်တိုင်းမှာက မနက်အတွက် ထမင်းပိုချက်ထားကြတော့ ထမင်းကြမ်းခဲကတော့ အိမ်တိုင်းပါတယ်။ ဒီလိုပဲ ထမင်းကြမ်းခဲ ရေဆမ်းစားရတာ" လို့ မနှင်းကြည်တို့ရွာက စစ်ရှောင်အမျိုးသမီး တဦးက ဆိုပါတယ်။
ရွာထဲကနေ စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားပြီဆိုရင် မနှင်းကြည်တို့ ဒေသခံတွေဟာ ရွာထဲပြန်ဝင်ပြီး သူတို့အိမ်တွေရဲ့ အခြေအနေကို စိုးရိမ်တကြီး ပြန်ကြည့်ကြပါတယ်။
ဒီအခါမှာ ကျေးရွာထဲက နေအိမ်တချို့ မီးရှို့ခံထားရတာကိုတွေ့ရပြီး မီးရှို့မခံရတဲ့ အိမ်တွေဆိုရင် ပစ္စည်းတွေ ဖျက်ဆီးခံရတာ၊ ခိုးယူခံထားရတာတွေ ကြုံရတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"ရွာကို ၃ ခါမြောက် စစ်ကြောင်းထိုးတုန်းကဆိုရင် နှုတ်ရတော့မယ့် ကြက်သွန်တွေကို အကုန် ပေါက်တူးနဲ့ ခုတ်သွားတာ ဘာမှကိုသုံးမရတော့ဘူး။ ဆွတ်ခါနီးငရုတ်တွေကိုလည်း အကုန် ဓါးတွေနဲ့ခုတ်သွားတာ”လို့ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲမှာရှိတဲ့ စတိုးဆိုင်က ရသမျှပစ္စည်းတွေကို အကုန်သယ်တဲ့အပြင် ဘီယာဗူးတွေကို ဖောက်သောက်ပြီး တန်ဖိုးကြီး အရက်ပုလင်းတွေကို ယူသွားတတ်ကြတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။ သူတို့ မသယ်နိုင်တော့တဲ့ ပစ္စည်းတွေဆိုရင်တော့ အကုန်လုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
"ကျမတို့ အိမ်မှာဆိုလည်း ဆန်တွေ၊ ဆီတွေ အကုန်သယ်သွားပြီး သူတို့မသယ်နိုင်လို့ကျန်တဲ့ ဆန်တွေကို သေးတွေနဲ့ ပန်းသွားတယ်။ ဆီတွေကိုလည်း သွန်ချထားခဲ့တာ” လို့ အမျိုးသမီးတဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့ဝင်တွေ ကျေးရွာတွေထဲ စစ်ကြောင်းထိုးတဲ့အခါ လူနေအိမ်တွေကို မီးရှို့၊ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီး၊ ခိုးယူတာတွေအပြင် နောက် ထပ်လုပ်တဲ့ လုပ်ရပ်တခုကတော့ လူနေအိမ်တွေရဲ့ အိမ်ဦးခန်းမှာ မစင်စွန့်ကြတာပါ။
“အိမ်ဦးခန်းမှာ ချေးတွေပါသွားသေးတယ်။ အိမ်ဦး ခန်းချေးပါတာကတော့ အိမ်တိုင်းလိုလိုမှာကို လုပ်သွားတာ" လို့ စစ်ဘေးရှောင် ရွာခံအမျိုးသမီးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းဒေသမှာ ၂၀၂၁ မတ်လကတည်းက တိုက်ပွဲတွေ စဖြစ်လာရာ ယနေ့အထိ လက်နက်ကြီးသံ၊ လေယာဥ်သံတွေ ညံနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မနှင်းကြည်တို့လို ရွာခံတွေအားလုံးဟာ စစ်ကြောင်းဝင်လာတဲ့အခါ ထွက်ပြေးဖို့ အိမ်တိုင်းလိုလို အဆင်သင့် ပြင်ထားကြပြီးသာပါ။
"ညတွေဆို ထုပ်ထားတဲ့အဝတ်ထုပ်ကို ခေါင်းဘေးနားချပြီး အိပ်ရတယ်။ ဘယ်အချိန်စစ်ပြေးရ မလဲ စောင့်နေရတာ" လို့ မနှင်းကြည်က ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းလာပြီဆိုရင် အမျိုးသမီးတဦးဖြစ်တဲ့ မနှင်းကြည်အတွက် စိတ်ပူပန်မှုတွေ များစွာဖြစ်ရတယ်လို့ ဆိုပါတယ်။
မတ်လ ၁ ရက်က စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အသတ်ခံရသူတွေထဲ ပါရှိတဲ့ အမျိုးသမီး ၃ ဦးကိုတော့ အဓမ္မပြုကျင့် သတ်ခဲ့တာဖြစ်ပြီး မိန်းမကိုယ်ထဲကိုလည်း ကြက်သွန်နီဥတွေပါ ထည့်သွားတယ်လို့ သိရပါတယ်။
ဒီလိုသတင်းတွေကြားထားရတဲ့ အမျိုးသမီးတဦးဖြစ်သူ မနှင်းကြည်က “ကျမတို့မှာ နေစရာ နေရာမရှိတော့ဘူး။ ကြောက်တာထက် ခါးသီးတာ။ စက်ဆုပ်တာ ရွံမုန်းတာ" လို့ ပြောပါတယ်။
မနှင်းကြည်တို့ကျေးရွာဟာ အာဏာမသိမ်းခင်က စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် အခုလို စစ်ကြောင်းမကြာခဏထိုးတာ ခံလာရတဲ့အခါ စိုက်ပျိုးရေးကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ကြတော့ဘဲ အသက်လုပြေးနေရပါတယ်။
အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့ မနှင်းကြည်တို့ တရွာလုံးဟာ နေ့စဉ်ညတိုင်း စိုးတထိတ်ထိတ်နဲ့ လက်နက်ကြီးသံကို အချက်ပေးခေါင်းလောင်းသံအဖြစ်သာ သတိထားနားစွင့် နေရပါတော့တယ်။
"ညတွေဆို စိတ်ချလက်ချ မအိပ်ရဲဘူး။ လက်နက်ကြီးကျသံကြားတာနဲ့ ကိုယ့်ရွာဟုတ်ဟုတ် မဟုတ်ဟုတ် ထပြေးရတော့တာ။ ကောင်းကောင်းအိပ်ရတဲ့ ညရယ်လို့ မရှိပါဘူး။ တပြေးထဲပြေးနေရတာ။ လက်နက်ကြီးသံ ကို လန့်မနေတော့ဘူး။ နာရီနှိုးစက်လိုတောင်ဖြစ်နေပြီ" လို့ မနှင်းကြည်က ဆိုပါတယ်။
မှတ်ချက် - မနှင်းကြည်ဟာ အမည်လွှဲဖြစ်ပါတယ်။
#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကိုင်း #ကောလင်း #စစ်ရှောင် #ထွက်ပြေး
Share Share Share