အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး) ညွှန်ချုပ်ရာထူးကို စစ်တပ်အရာရှိကြီးနဲ့ အစားထိုး

အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး) ညွှန်ချုပ်ရာထူးကို စစ်တပ်အရာရှိကြီးနဲ့ အစားထိုး

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနအောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ်ရာထူးကို စစ်တပ်အရာရှိကြီးတဦးနဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။ 

ယခင် စသုံးလုံး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ကို လူကယ်ပြန်ဌာနလက်အောက် ဦးစီးဌာနတခုရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့လိုက်ပြီး စသုံးလုံးညွှန်ချုပ်နေရာကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ဇော်လင်း ဆိုသူနဲ့ အစားထိုးခန့်အပ်တယ်လို့ စစ်တပ်ပိုင်သတင်းစာတွေမှာ စက်တင်ဘာလ ၇ ရက် ဒီကနေ့မနက်ပိုင်းမှာ ဖော်ပြလာတာပါ။


စသုံးလုံးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ဇော်လင်း ဆိုသူဟာ စစ်ဘက်တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးကြီးအဆင့်နဲ့အထက်ဖြစ်ပြီး မင်းအောင်လှိုင် ယုံကြည်ရသူတွေထဲက တဦးဖြစ်နိုင်တယ်လို့ CDM တပ်မတော်သားအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားကာ ဦးအောင်ဇော်လင်းနဲ့ပတ်သက်တဲ့ စစ်ဘက်တာဝန်အချက်အလက်တွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကို ရာထူးမှဖြုတ်ချကာ စစ်ကောင်စီတပ် လေ့ကျင့်ရေး ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် မျိုးဆွေနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စသုံးလုံး၊ အကျဉ်းဦးစီး၊ မီးသတ်တပ်ဖွဲ့တို့ ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ ပြည်ထဲရေးဝန်ကြီး အပါအဝင် ဒု-ဝန်ကြီးနဲ့ရဲချုပ်၊ အကျဉ်းဦးစီးညွှန်ချုပ်တို့ကို အပြောင်းအလဲလုပ်ဆောင်ခဲ့ကာ အခုတခါ စသုံးလုံး ညွှန်ချုပ်ကိုပါ စစ်တပ်အရာရှိတဦးနဲ့ အစားထိုးခဲ့တာပါ။

လက်ရှိ စစ်ကောင်စီလက်အောက် ပြည်ထဲရေးဝန်ကြီးဟာ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ဖြစ်ပြီး ဒု-ဝန်ကြီးနဲ့ ရဲချုပ်ဟာ ဒု-ဗိုလ်ချုပ်ကြီး နီလင်းအောင် ဖြစ်ကာ ၂ ဦးစလုံးဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယုံကြည်ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - အထူးစုံစမ်းစစ်ဆေးရေးဌာန ယခင် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကောင်စီ #ပြည်ထဲရေး #စသုံးလုံး #ညွှန်ချုပ် #ကာကွယ်ရေး #စစ်အရာရှိ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10