အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ ဗိုလ်တဦးအပါ ၂၂ ဦးသေဆုံး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ ဗိုလ်တဦးအပါ ၂၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဖေဖော်ဝါရီ ၅ ရက် မနေ့က မနက်ပိုင်း တိုက်ခိုက်ခံရတာကြောင့် ဗိုလ်ကြီး တဦး၊ တပ်ကြပ်ကြီး တဦးနဲ့ ဒုတပ်ကြပ် တဦး အပါအဝင် ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမခဌာနချုပ်ကို ကာကွယ်ရေး(၆)ဖွဲ့က  ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ မနက် ၃ နာရီမှာ တကြိမ်၊ ၉ နာရီမှာ တကြိမ် စုစုပေါင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Chindwin Attack Force မှ သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"နမခထဲကို ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းတာမှာ ၃ လုံး ကွဲတယ်။ ၁ လုံးကတော့ မကွဲလိုက်ဘူး။ ဂိုဒေါင်တွေ၊ ဂိတ်တွေပျက်စီးသွားတယ်။ ၉ နာရီမှာ ပစ်ခတ်တဲ့အခါကျတော့ စကစတွေ တန်းစီနေကြတဲ့အချိန်မှာဖြစ်လို့ တော်တော်များများ ကျဆုံးသွားတာ။ ၃ နာရီမှာ တိုက်တာကျတော့ အဆောက်အဦတွေ ပျက်စီးတာများတယ်။ အထိအခိုက်တော့ နည်းတယ်ပေါ့" လို့ ဆိုပါတယ်။

မီးလောင်ပျက်စီးသွားခဲ့တာတွေကတော့ လစရ-၆ မှ ကားဂိုဒေါင်တလုံး၊ ကင်းဂိတ်တခု၊ ဆလရတပ်တွင်းက အဆောက်အဦ ၃ လုံးတို့ဖြစ်ပြီး၊ အခုလို စစ်သားတွေ သေဆုံးပြီး အဆောက်အဦးတွေ ပျက်စီးသွားတာတွေကို ယုံကြည်စိတ်ချရတဲ့အတွင်းဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့ တိုက်ခိုက်နေတဲ့အခါမှာ စကစတွေ ဘက်ကလည်း ၆၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ အထိအခိုက်လုံးဝမရှိပဲ ပြန်ဆုတ်နိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ နမခဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့ ၇ ဖွဲ့က လုံခြုံရေးယူထားရပြီး ရှေ့တန်းကိုပို့ထားတဲ့ တပ်ဖွဲ့တွေကိုလည်း နောက်ပြန်ဆုတ်လာဖို့ ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄၊ မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း  (Aung San Force -ASF) ၊ Alpha Special Force- ASF၊ Shadow Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10