အပစ်ရပ်နေချိန် စစ်ကောင်စီက ရခိုင်ကို လက်နက်ခဲယမ်းအပြည့်ပါတဲ့ ကား ၄၀ ကျော်ချပေးခဲ့

အပစ်ရပ်နေချိန် စစ်ကောင်စီက ရခိုင်ကို လက်နက်ခဲယမ်းအပြည့်ပါတဲ့ ကား ၄၀ ကျော်ချပေးခဲ့

လူသားချင်းစာနာမှုနဲ့ အပစ်အခတ်ရပ်စဲထားချိန်မှာပဲ စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲကို ပြည်မဘက်ကနေ စစ်လက်နက်၊ခဲယမ်းတွေအပြည့်ပါတဲ့ ကားအစီးရေ ၄၃ စီးချပေးထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဘက်ကနေ စစ်လက်နက်တွေပါတဲ့ကားတွေက နိုဝင်ဘာလနောက်ဆုံအပတ်မှာ တောင်ကုတ်မြို့ကို ကားအစီးရေ ၂၂ စီးနဲ့ အခု ဒီဇင်ဘာလ ပထမအပတ်မှာ အမ်းမြို့ကို ကားအစီးရေ ၂၁ စီးအထိဝင်ရောက်ခဲ့ပြီး၊ အဲဒီကားတွေမှာ စစ်သည်အင်အားတွေမပါရှိဘဲ လက်နက်၊ ခဲယမ်းတွေသာ အဓိကပါရှိတယ်လို့ ခိုင်လုံတဲ့မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

"ဒီလက်နက်တွေပါတဲ့ကားတွေအကုန်လုံးက အပစ်ရပ်ပြီးနောက်မှာ ဝင်ရောက်လာတာပါ။ လူအင်အားကတော့မပါဘူး။ အကုန်လုံးလက်နက်တွေနဲ့ ရိက္ခာတွေချည်းပဲ။ ပြီးတော့ လေယာဥ်နဲ့ပို့တာတွေလည်းရှိပါတယ်။ တောင်ကုတ်နဲ့အမ်းမြို့ကို ဝင်ရောက်လာတဲ့ကားအရေအတွက်ကတော့ ၄၃ စီးလို့ ကျနော်တို့စာရင်း အတိအကျရထားတယ်" လို့ဆိုပါတယ်။

ဒါ့အပြင် အပစ်ရပ်ပြီးနောက် ပြည်တွင်းမှာလည်း စစ်ကောင်စီကလက်နက်နဲ့ရိက္ခာတွေကို ကားတွေ၊ ရေယာဥ်တွေနဲ့ တမြို့ကနေနောက်တမြို့ကို ပို့ဆောင်နေတာတွေ၊ စစ်ရေးလေ့ကျင့်မှုပြုလုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

"ကျနော်တို့အမ်းကိုဆိုရင် ဒီလထဲမှာ မကွေးဖက်ကနေ စစ်ကား၂၁စီးဝင်ရောက်လာတယ်လို့ သိရတယ်။ ပြီးတော့ မြေပြင်အနေအထားမှာလည်း စစ်ကောင်စီတပ်တွေက ကားလမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ် အသစ်ဖွင့်ထားတာတွေရှိနေတယ်။ ဒီအပစ်ရပ်တဲ့အခါမှာ သဘောတူထားတာတခုက နှစ်ဖက်တပ်တွေအနေနဲ့ ရောက်တဲ့နေရာမှာရပ်တန့်နေရမယ်ဆိုပြီးတော့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ရောက်တဲ့နေရာမှာမနေဘဲ စစ်ရေးလှုပ်ရှားနေတာတွေကို တွေ့မြင်နေရတယ်"လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားတဲ့အချိန်မှာတောင် စစ်ရေးလှုပ်ရှားတာတွေ၊ လက်နက်ခဲယမ်း တင်သွင်းနေတာတွေကို ကြည့်ခြင်းအားဖြင့် နောက်ထပ်ဖြစ်လာတဲ့ စစ်ပွဲပဋိပက္ခမှာတွေမှာ ပိုမိုပြင်းထန်လာနိုင်အောင်အတွက် အဆင့်သင့်ဖြစ်အောင်လုပ်နေတာလို့ မြင်မိကြောင်း ကိုမျိုးလွင်က ဆက်ပြောပါတယ်။

အခုလိုတပ်နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲထားတာဟာ ရိုးသားမှုရှိရန်လိုအပ်ပြီးတော့ အပစ်ရပ်စဲထားကြတဲ့ ရည်ရွယ်ချက် မပျောက်ပြယ်သွားဖို့လိုအပ်သလို အဓိကငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ လိုအပ်ပြီး ဒီလိုမဟုတ်ဘဲ အင်အားနဲ့အနိုင်ရယူဖို့အတွက် စစ်ရေးပြင်ဆင်နေတာတွေရှိနေကြရင်တော့ ပြည်သူလူထုအတွက် စိုးရိမ်စရာတွေဖြစ်သွားနိုင်တယ် လို့ ရခိုင့်ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

"အပစ်ရပ်ထားတာမှာ နှစ်ဖက်ဆွေးနွေးချက်အရ သာမန်အားဖြင့် တပ်တွေဟာရောက်နေတဲ့ နေရာမှာ ရပ်တန့်ရမယ်။ ပြည်သူတွေကို လမ်းပိတ်ထားတာတွေ ပြန်ဖွင့်ပေးရမယ်။ ULA/AAနဲ့ဆက်စပ်ပြီးတော့ ဖမ်းဆီးထားတာတွေကို လွတ်ပေးဖို့သဘောတူထားကြတယ်လို့ သိရတယ်။ ဒီဟာတွေကိုအခွင့်ကောင်းယူပြီး ရိက္ခာဖြည့်နေကြတာက သဘာဝကျပါတယ်။ ဒါပေမယ့်လည်း နဂိုကရှိတဲ့လက်နက်တွေအပြင် နောက်ထပ်လက်နက်တွေ အများကြီးပြောင်းတယ်ဆိုရင် စိုးရိမ်ဖို့ကောင်းပါတယ်။ ဒီဟာက နောက်ထပ်တိုက်ပွဲတခု ကြီးကြီးမားမားဖြစ်လာနိုင်တယ်လို့ အကုန်လုံးကစိုးရိမ်ကြရမှာပဲ"လို့ ဆိုပါတယ်။

အပစ်မရပ်စဲခင် ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်ကနေ ၁၃ ရက်အထိ စစ်ကောင်စီက မင်းဘူး၊ မကွေးဘက်မှ တပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေပါတဲ့ စစ်ကားအစီးရေ ၁၀၄ စီးကိုလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ခိုင်လုံတဲ့မြေပြင်သတင်းရင်းမြစ်က မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။

ဒီလိုကားအစီးရေ ၁၀၀ ကျော် ပို့ပေးပြီးနောက်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြသလို တိုက်ပွဲမဖြစ်ဘဲနဲ့လည်း စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အဲဒီလိုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလ ၂၆ ရက်မှာ လူသားချင်းစာနာမှုအရဆိုပြီးတော့ စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်တို့ အပစ်အခတ်ရပ်စဲလိုက်ကြတယ်လို့ နှစ်ဖက်တပ်တွေက မီဒီယာတွေကို ပြောဆိုခဲ့ကြပြီး၊ နိုဝင်ဘာလ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်ဒီနေ့အချိန်ထိတော့ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တပ်တွေအကြား ပစ်ခတ်တာတွေမရှိသေးပါဘူး၊၊

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10