အပူချိန်မြင့်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာပြီး ဆေးဝါးတွေလိုအပ်နေ

အပူချိန်မြင့်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာပြီး ဆေးဝါးတွေလိုအပ်နေ

အပူချိန်အမြင့်ဆုံးဒေသထဲမှာ တခုအပါအဝင်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ဒေသက စစ်ရှောင်တွေထဲမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ ဖျားနာ မကျန်းမာမှုတွေ ဖြစ်နေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီအဖွဲ့ဝင် ကိုစနေ က ပြောပါတယ်။

စစ်ရှောင်အများစုဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရွာအနီးအနားက တောစပ်နဲ့ ယာစပ်တွေမှာ ရှောင်တိမ်းနေကြရပြီး အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကို ခံစားနေကြရတယ်လို့ သူက ဆိုပါတယ်။

"ကလေးရော၊ လူကြီးရောပေါ့ဗျာ နေကလည်း တအားပူတော့ နေမကောင်းကြဖျားကြတယ်။ တချို့လူကြီးတွေက အစကတည်းက ကျန်းမာရေးမကောင်းတော့ အခြေပျက်တာပေါ့။ အရေအတွက်ကတော့ သေချာမသိဘူးဗျ။ အများစုကတော့ နေပူဒဏ်ကြောင့် ဖျားကြတာပါ" လို့ ကိုစနေက ပြောပါတယ်။

ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် အနီးအနားမှာရှိတဲ့ ဆရာဝန်ကို ခေါ်ပြီး ဆေးကုသနေရပေမယ့် အခမဲ့တော့မဟုတ်ဘူးလို့ သိရပါတယ်။

"ကျနော်တို့အဖွဲ့အနေနဲ့ ဆေးဝါးအကူညီတောင်းထားတာ ရှိပါတယ်။ လက်ရှိမှာတော့ ဘယ်ကမှမရသေးဘူး။ ဆေးဝါးရလာရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ရှိပါတယ်ဗျ။ ကျနော်တို့မှာ ဆေးဝါးအခက်ခဲရှိနေတယ်။ ဆေးမရှိတော့ လုပ်မပေးနိုင်ဘူးဖြစ်နေတယ်။" လို့ ကိုစနေကပြောပါတယ်။

အဲဒီဒေသတွေဘက်ကို စစ်ကောင်စီစစ်ကြောင်းက သင်္ကြန်မတိုင်ခင်က ၁ ကြိမ်နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စတင်ပြီး နောက် ၁ ကြိမ်စစ်ကြောင်း ထိုးနေတာဖြစ်ပါတယ်။

စစ်ကြောင်းထိုးနေတဲ့အတွက် ယင်းမာပင်မြို့နယ်ထဲက ရွာသာ၊ ဘိန်းနွယ်ချောင်း၊ ကျေးစာကျ၊ ရွှေပေကုန်း၊ ထန်းတောကြီး ရွာတို့နဲ့ ဆားလင်းကြီးထဲက ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော စတဲ့ ကျေးရွာတွေထဲက ဒေသခံစစ်ရှောင် ၁ သောင်းကျော်မှာရှိနေတယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ အပူဒဏ်ပိုမိုမြင့်မားလာမှုကို ခံစားရနိုင်ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းလည်း ပါဝင်နေကာ နေ့အပူချိန် ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ထုတ်ပြန်ထားကြပါတယ်။

အပူချိန်မြင့်မားနေတဲ့အချိန်မျိုးတွေမှာ အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့လိုအပ်ပါကလည်း နေရောင်ခြည်တိုက်ရိုက်မထိတွေ့နိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်းဖို့၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားအရောင်ဖျော့ဖျော့ဝတ်ဖို့၊ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ရေဖျန်းတာတွေမလုပ်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူတွေကို မကြာခဏစောင့်ကြည့်သတိထားဖို့၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေမှာ နေထိုင်ဖို့ လိုအပ်တယ်လို့ CDM ကျန်းမာရေးဆရာမတဦးက သတိပေးပြောကြားပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်မူးလဲတာ၊ ကြွက်တက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာပါက တတ်ကျွမ်းတဲ့သူတွေနဲ့ ကျန်းမာရေးအသိရှိသူတွေက ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပေးပြီး‌ ဆေးရုံဆေးခန်းနီးပါက အမြန်ဆုံးသွားကြဖို့၊ တက်စာနဲ့ သွေးတိုးစာတွေကို ရှောင်ကျဉ်ဖို့နဲ့ ရေခဲရေတွေကို အပူချိန်တအားမြင့်တက်နေချိန်မျိုးမှာ သောက်တာတွေ ရှောင်ကျဉ်ဖို့ကို ပြောပါတယ်။

ပုံစာ - ဧပြီလအတွင်း စစ်ဘေးရှောင်နေကြရသည့် ယင်းမာပင်-ဆားလင်းကြီးဒေသခံများ။

ဓါတ်ပုံ - ဓါတ်ပုံ-အညာပစ်တိုင်းထောင်လေးများ၊ ကိုသက်ဦး။

#မြေလတ်အသံ

#ယင်းမာပင် #ဆားလင်းကြီး #စစ်ရှောင် #အပူချိန် #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10