အပြိုင်အဆိုင် အနိုင်ကြဲရမယ့် မန်ချက်စတာတိုက်ပွဲ (အားကစားသတင်း)

အပြိုင်အဆိုင် အနိုင်ကြဲရမယ့် မန်ချက်စတာတိုက်ပွဲ (အားကစားသတင်း)

 

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲကို ယနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက အဆင့် ၅ နေရာမှာ ယာယီရပ်တည်နေပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားကာ ချန်ပီယံလမ်းကြောင်းပေါ်ကနေ တဖြည်းဖြည်း ဝေးကွာလာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်နဲ့ နောက်တန်းက အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ပွဲမှာရခဲ့တဲ့ အနီကတ်ကြောင့် ကွင်းလယ်လူငယ်ကစားသမား ရီကို လူးဝစ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ကတော့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားခဲ့လို့ နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်ပြီး စပို့တင်းက လူငယ်နည်းပြ ရူဘင်အမိုရင် ကို ခန့်အပ်ခဲ့ပေမယ့် မြင်သာတဲ့အပြောင်းအလဲမျိုး မစွမ်းဆောင်နိုင်သေးသလို ခြေစွမ်းမတည်ငြိမ်ဘဲ ဆက်လက်ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၁၃ က ယူနိုက်တက်တို့ကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားတာဖြစ်ပါတယ်။

ဂွာဒီယိုလာ မန်စီးတီးကိုကိုင်တွယ်ခဲ့တဲ့ ၈ ရာသီမှာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်ရယူထားပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ဖလားယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတယ်ဆိုပေမယ့် လက်ရှိ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၉ မှတ်ပဲ ကွာဟနေတာဖြစ်လို့ ချန်ပီယံဆုအတွက် မျှော်လင့်လို့ရနိုင်သေးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီနေ့ည မန်ချက်စတာဒါဘီမှာ စီးတီးတို့ အနိုင်ရခဲ့ရင် ချန်ပီယံပြေးလမ်းပေါ် ပြန်တက်လှမ်းနိုင်ဖို့ မျှော်လင့်နိုင်သလို အသင်းရဲ့ စိတ်ဓါတ်ပိုင်းလည်း ပြန်လည်တိုးတက်ကောင်းမွန်လာနိုင်မယ့် အခြေအနေရရှိသွားမှာပါ။

တစ်ဖက်မှာလည်း ယူနိုက်တက်ကို ပြိုင်ပွဲစုံ ၆ ပွဲသာ ကိုင်တွယ်ရသေးတဲ့ နည်းပြသစ် အမိုရင် ဟာ ယူနိုက်တက်ကို မပြောင်းခင် စပို့တင်းနည်းပြအဖြစ်နဲ့ မန်စီးတီးကိုယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် လက်ရှိယူနိုက်တက်အသင်းနဲ့လည်း အလားတူစွမ်းဆောင်ရည်မျိုး ဖော်ဆောင်သွားမလား စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အခုချိန်အထိ ပထမဦးစားပေးကစားသမား အတိအကျမရှိသေးဘဲ လူထုတ်ပုံ မတည်ငြိမ်သေးသလို ကစားကွက် မတည်ငြိမ်သေးတဲ့ အမိုရင်အတွက် ဒီပွဲက ခက်ခဲတဲ့ပွဲတခုတော့ ဖြစ်လာနိုင်ပါသေးတယ်။ ရလဒ်ဆိုးတွေကြောင့် နည်းပြသစ်ခန့်အပ်ခဲ့ပေမယ့် ပုံစံကောင်းမပြနိုင်သေးတဲ့ ယူနိုက်တက်တို့အတွက် ဒါဘီနိုင်ပွဲသာ ယူဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆက်လက်မြင်တွေ့သွားဖို့ မျှော်လင့်ချက်ကောင်း ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီ ၅ ပွဲမှာ မန်စီးတီးက ၄ ပွဲနိုင်ထားပြီး ယူနိုက်တက်က ၁ ပွဲသာ အနိုင်ရယူထားခဲ့သလို မန်စီးတီးအိမ်ကွင်း အီတီဟက်မှာ ယူနိုက်တက်တို့ နောက်ဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရယူထားခဲ့တာ ၂၀၁၉ ဒီဇင်ဘာ ၇ ရက်က ဖြစ်ပါတယ်။

နှစ်သင်းစလုံးအတွက် အမှတ်ရော ရလဒ်ပါ လိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးက အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လာနိုင်မလား၊ အမိုရင်ရဲ့ ယူနိုက်တက်ကပဲ အနိုင်ယူပြီး အီတီဟတ်မှာ အောင်ပွဲရှာပြသွားမလားဆိုတာကိုတော့ စောင့်ကြည့်တော့မှာပါ။ 

ဒီနေ့ည မန်ချက်စတာဒါဘီပွဲကို မန်ချက်စတာစီးတီး အိမ်ကွင်း အီတီဟက်မှာ ကျင်းပသွားမှာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီတေလာက တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ 

#မြေလတ်အသံ

#အားကစား #မန်ချက်စတာဒါဘီ #ပရီးမီးယားလိဂ် #မန်ချက်စတာစီးတီး #မန်ချက်စတာယူနိုက်တက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10