အဘ က လမ်းလိုက်ပြခိုင်းလို့ဆိုပြီးလာခေါ်တာကို လိုက်သွားမိတဲ့ အုပ်ချုပ်ရေးမှူးနဲ့အကိုဖြစ်သူ ပစ်သတ်ခံရ

အဘ က လမ်းလိုက်ပြခိုင်းလို့ဆိုပြီးလာခေါ်တာကို လိုက်သွားမိတဲ့ အုပ်ချုပ်ရေးမှူးနဲ့အကိုဖြစ်သူ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြေငူကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ညီအကို ၂ ဦး ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီကျော်လောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ မြေငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း ၅၀ နှစ်နဲ့အကိုဖြစ်သူ ဦးဘပြုံး ၅၄ နှစ်တို့ဖြစ်ပြီး သူတို့နေအိမ်မှာရှိနေချိန် အမည်မသိလူ ၂ ဦး ရောက်လာပြီး လမ်းပြပေးဖို့ ခေါ်တာကြောင့် လိုက်သွားရာက ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"သူတို့အိမ်ကို လူ ၂ ယောက်ရောက်လာပြီး အဘလွှတ်လိုက်တာ၊ လမ်းပြပေးဖို့ လိုက်ပို့ဆိုလို့ သူတို့ ညီအကို ၂ ဦးလိုက်သွားတာ။ အချိန်အတော်ကြာ ပြန်ရောက်မလာမှလိုက်ရှာကြတာ။ ည အတော်နက်မှ ပစ်သတ်ခံထားရတဲ့ သူတို့အလောင်းကိုတွေရတာ"လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အကိုဖြစ်သူတို့ဟာ မြေငူကျေးရွာအထွက်လမ်းပေါ်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး၊ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေရောက်ရှိလာပြီး လိုက်လံရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားတာမျိုး မရှိသေးသလို ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီလ ၁၇ ရက်မနက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10