သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နံနက်ခင်း အလင်းမပီတပီ မြင်ကွင်းများ မသဲကွဲမီ အရှေ့အရပ် ခေတ္တရာပျူမြို့ဟောင်းဆီမှ ဆောင်းသီးနှံမုန်လာဥများ တင်ဆောင်လာသည့် နွားလှည်းများ မြို့ကို ရောက်လာတတ်ကြသည်။ လှည်းမောင်းသမားသည် ဆေးပေါ့လိပ်ကိုခဲကာ အချမ်းသက်သာစေရန် ချည်ကြမ်းစောင်ကိုခြုံရင်း ငိုက်မြည်းလို့ လိုက်လာသည်။ နွားများသည် သွားနေကျ စွပ်ကြောင်းအတိုင်း လမ်းမမှားဘဲ တည့်တည့်မတ်မတ် ရောက်ခဲ့ပါသည်။
ဆောင်းဦးသည် မြက်ဖျားနှင်းစက်လေးများ တွဲလွဲခိုကပ်နေရာကနေ ယာခင်းအစပ် လက်ပုတ်ရေတွင်းများ၏ ရေငွေ့ပျံတက်လာခြင်းဖြင့် စခဲ့သည်။ ထိုဆောင်းဦးမှာပဲ ရှေးနှစ်များစွာ ကျနော်တို့ ငယ်စဉ်က သရေခေတ္တရာပျူမြို့ဟောင်းနှင့် ခေတ္တရာမြို့သစ်စျေးတို့ကို ဆက်သွယ်ထားသည့် ရှေးဦးခေတ်ဟောင်း နွားလမ်းကြောင်း စွပ်ကြောင်း တခုရှိခဲ့သည်။
ထိုလှည်းလမ်းသည် ကျနော် မှတ်မိသလောက် မှော်ဇာ-ကင်မွန်းခြုံ-ရွှေတံခါး နှင့် မန်ကျည်းပင်တန်းများရှိခဲ့သည့် မြို့သစ် ၃ လမ်းတလျှောက် ဖြစ်မည်။ နောက်တော့ မြို့သစ်စျေး၏ အစောစျေးချိန်ကို ရောက်လာသည်။ အိမ်ခြေများမထူထပ်ခဲ့ခင်က ဘေးဘယ်ညာအုံ့ဆိုင်းနေသည့် မန်ကျည်းပင်များ၊ ကုက္ကိုပင်များဖြင့် စပ်ယှက်ထားကြသည့် မြေသားပွပွ လှည်းလမ်းကြောင်းသည် သွားပါများနေ၍ စွပ်ကြောင်းလိုဖြစ်ခဲ့ဖူးသည်။
နှစ်ပေါင်း ၂၀ ကျော်မျှ ကြာခဲ့သော်လည်း မြို့သစ်၏ လှပခဲ့သော၊ စိမ်းစိုရှုချင်စဖွယ်ကောင်းသော၊ အေးချမ်းစိတ်ငြိမ်ခဲ့သော နှစ်ရှည်ပင်ကြီးများဖြင့် လေးထောင့်စပ်စပ် မြို့ကွက်ကို ကျနော် မမေ့နိုင်သေးပေ။
သဘာဝပတ်ဝန်းကျင်ကောင်းခဲ့သော ပြည်မြို့သည် အပျိုစင်ရာသီဥတုကို ထွေးပိုက်လွှမ်းခြုံခွင့် ရခဲ့ပါသည်။ ရာသီဥတုတို့သည် မှန်မှန်ပဲ လည်ပတ်ပြီး ကျနော်တို့ နှစ်ကာလများသည် ကြိုတင်ဇယားကွက်များဖြင့် အနာဂတ်ကို ပုံဖော်ထားနိုင်သည်။
ဆိုပါစို့ မိုးမကျမီသင်္ကြန်အခါရက်များအပြီး အိမ်အမိုးများပြင်ဆင်အသစ်လဲချိန်၊ မိုးနှောင်းကာလ ငါးဆင်းမိုးရွာပြီးသွားချိန် မိုးရာသီကုန်ဆုံးချိန်၊ သီတင်းကျွတ် မိုးလေကင်းလွတ်လို့ တန်ဆောင်မုန်းလ ပွဲတော်ညများအလယ် ဆောင်းဦးပေါက်ချိန်၊ လဲမှိုပွင့်များ၊ လက်ပံပွင့်များကြွေချိန် နွေဦးရောက်ချိန်ပေါ့။ ဒီလို ကျိန်းသေပေါက်တွက်ချက်နိုင်ခဲ့သည့် ရာသီဥတုပါ။
မှတ်မှတ်ရရရှိနေခဲ့သည့် သရေခေတ္တရာပျူမြို့ဟောင်းဟု နာမည်ကြီးသော အရပ်မှာ မှော်ဇာ၊ ကင်မွန်းခြုံ၊ ပျဉ်းပင်ကိုင်း၊ မှုတ်ရှည်၊ တောင်လုံးညို၊ မုဌောရွာတို့ရှိပြီး စိုက်ပျိုးရေးကို အဓိကထားနေကြသည့် ရွာများဖြစ်သည်။ ထိုရွာများ၏ ထူးခြားချက်ကတော့ စပါးအပြင် စားသုံးသီးနှံကို အများအပြားစိုက်ကြတာ ဖြစ်သည်။
မိုးစပါးအပြီး ပဲစိုက်တာထက် ရက်တိုတိုဖြင့် ငွေပေါ်နိုင်သည့် ဆောင်းသီးနှံများကို စိုက်ကြသည်။ မိုးအကုန် ဆောင်းအကူးတွင် စားသုံးသီးနှံများဖြစ်သည့် မုန်လာဥ၊ ပန်းဂေါ်ဖီ၊ မေမြို့ပန်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ နံနံ၊ စမြိတ်၊ ပြောင်း၊ ဗူး၊ သခွါး၊ ငရုတ်၊ နှင့် အခြားစားသုံးသီးနှံများစွာ စိုက်ကြသည်။
စိုက်ခင်းတိုင်းတွင်လည်း လက်ပုတ်ရေတွင်းရေကန်များ ဖြစ်ထွန်းအောင်မြင်ပြီး ထိုရေကန်များက ရေကိုပဲ ရေထမ်းပုံးများဖြင့် ခပ်ကာလောင်းကြသည်။ ရေတွင်းရေကန်များ ရေအထွက်မနည်းခင်ကလည်း ဖြစ်သည်။ နံနက်ခင်းအစောတွင် ထိုရေကန်ငယ်လေးများဆီက ရေငွေ့များ ပျံနေတတ်သည်။
ရေထမ်းလောင်းနေသည့် တောင်သူများကလည်း လုံချည်၊ ပုဆိုးတိုတို ဘောင်းဘီတိုနှင့် လက်ရှည်အင်္ကျီ၊ ပုဆိုးပုဝါစုတ်များကို ခေါင်းလုံအောင်ပတ်ကာ ခမောက်ဝိုင်းများဆောင်းပြီး အအေးဓါတ်ကို ကာကွယ်ထားတတ်ကြသည်။
မြေဆီဩဇာများကောင်းခဲ့ချိန် ရေများလည်း ထွက်ခဲ့ချိန်ကဖြစ်သည်။ ကြီးမားဖြူဖွေးလှသည့် ဥချောချောကြီးများကို မြေပြင်အောက်တွင် ဖွက်ကာ မြေပေါ် တပေနီးပါးထွက်နေသည့် အစိမ်းရောင်တဖားဖား မုန်လာပင်တို့သည် လူကြိုက် အလွန်များခဲ့ပြီး ရောင်းပန်းသာလို့ ဝယ်ပန်းလှခဲ့သည်။ နံနက်ခင်း၊ ညနေခင်း နေရာင်အောက်တို့တွင် မုန်လာပင်တို့ကို ဆွဲနှုတ်လိုက်တိုင်း မြေသားပွပွတို့က တဖွားဖွားဖြင့် ကြည့်လို့ပင်ကောင်းသေးတော့သည်။ ဓါတုဆေးဝါးများကို လှိုင်လှိုင် မသုံးကြဘဲ သဘာဝအတိုင်း စိုက်ပျိုးနေကြသေးသည့် အချိန်ပင်ဖြစ်သည်။
ထိုမုန်လာဥများကို နွားလှည်းပေါ်တွင် အစီအရီတင်ကာ စွပ်ကြောင်းလှည်းလမ်းမှတဆင့် မြို့သစ်စျေးဆီသို့ အစောဆုံးတွင် ရောက်လာတတ်ကြသည်။ တချို့လည်း ညနက် ၁ နာရီ ၂ နာရီခန့်ကပင် မောင်းလာကာ မြို့သစ်စျေး၏ နံနက်ခင်းစျေးခေါ် လက်ကားရောင်းချသည့် ၃၊ ၄ နာရီ အချိန်ကို အမီလာတတ်ကြသည် (မြို့သစ်စျေးအကြောင်း နောက်များအလျဉ်းသင့်လျှင် ရေးပါဦးမည်)။ ထိုမှတဆင့် မြန်မာနိုင်ငံမြို့ကြီးများဆီသို့ မုန်လာဥများ ရောက်ရှိသွားပါသည်။
ထိုအကြောင်းရာများသည်က မုန်လာဥကို ကျနော် စတင်သိခဲ့သည့် အကြောင်းများထဲမှ တကြောင်းဖြစ်သည်။ နောက်တကြောင်းကတော့ မုန်လာဥနှင့် ပတ်သက်ပြီး စားသောက်ဖွယ်ရာအဖြစ် ကျနော့်အတွက် ထူးခြားနေသည့် အကြောင်း တခုရှိပါသေးသည်။
ထိုအကြောင်းသည်လည်း ဆောင်းဦးပေါက် မုန်လာဥများပေါ်ချိန်နှင့် တချိန်တည်းပဲ ဖြစ်သည်။ ဆောင်းဦးပေါက်ချိန် တန်ဆောင်မုန်းလတွင် ကျင်းပသည့် ပြည်ရွှေဆံတော်ဘုရားပွဲစျေးတွင် အမေ၊ အဘွားနှင့် ဆွေမျိုးများက ကျနော်တို့ မမွေးဖွားမီကတည်းက စျေးရောင်းခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာအောင် နှစ်စဉ်ဆိုသလို ဆွေမျိုးစျေးရောင်းခဲ့ကြသည်မှာ ကျနော်အိမ်ထောင်ကျပြီး ကလေးများ မွေးသည်အထိဖြစ်သည်။ စီးပွားရေးဆိုသည်ထက် ဆွေမျိုးများ တွေ့ဆုံကြ၊ အပြိုင်အဆိုင်ရောင်းကြရင်း ပျော်၍ လုပ်ခဲ့ကြခြင်းဖြစ်သည်။
ရွှေဆံတော်ဘုရားပွဲသည် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက်နေ့အထိ ၁၀ ရက်ကျင်းပသည့် ပွဲတော်ဖြစ်သည်။ ကျနော်တို့ကတော့ပွဲမစမီ ၂ ရက်လောက်ကြိုသွားပြီး ပွဲတော်ပိတ်သိမ်းပြီး ၂ ရက်လောက်ကြာမှသာ ပွဲတော်မှ သိမ်းပြီးပြန်သည်။ ပွဲစျေးမှာပဲ ဆိုင်ခန်းထိုးကာ ယာယီကွပ်ပျစ်အခန်းလေးများ လုပ်ကာ ပွဲစျေးမှာပင် အိပ်ကာစားကာနေရသည်။
ပွဲတော်ရက်များသည် ကျင်းပသည့်နေ့မှစပြီး ပွဲတော်ပြီးသည့်ရက်အထိ လူစည်ကားသည်။ လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၁ ရက်နေ့ထိကတော့ လူများတိုးမပေါက်။ ညဆိုလျှင်လည်း ညနက် ၂ နာရီလောက်မှ အိပ်ကြရသည်။ အိပ်ရေးအလွန်ပျက်သည့် အလုပ်ပါပေ။
တချို့နေ့များတွင်တော့ မိုးလင်းပေါက်သလောက်ပင်။ ပွဲစျေးတန်းရှိရာ ဗိုလ်ချုပ်လမ်းတလျှောက် ဖြတ်မောင်းသွားသည့် ကုန်စိမ်းတင်ကားများနှင့် မြင်းလှည်းများ မောင်းသွားသံ တခွပ်ခွပ်ကို ကြားမှသာ အိပ်ရာထဲဝင်ကြသည်။ ပလက်ဖောင်းခေါင်းအုံးအိပ်ခဲ့သည့် ကလေးဘဝရက်များ ဖြစ်သည်။
နံနက်ခင်း အစော ပွဲစျေးတန်းထဲ ဖြတ်မောင်းသွားသည့် ကုန်စိမ်းတင်ကားများနှင့် မြင်းလှည်းများသည် မြို့သစ်စျေးမှ ကုန်စိမ်းများကို တင်လာပြီး ကိုးသောင်းစျေး၊ ကသည်းစျေး၊ အောင်မင်္ဂလာစျေးနှင့် စျေးကြီး တို့ကို ပို့ဆောင်ပေးသည်။ ထိုအထဲတွင် မုန်လာဥများလည်း ပါဝင်ခဲ့ပါသည်။
ပွဲစျေးတန်းသည် မြို့လယ်ကောင်နာရီစင်၊ ဗိုလ်ချုပ်လမ်း၊ မြောက်စောင်းတန်း၊ စာတိုက်တန်း၊ ကသည်းစျေး၊ အောင်မင်္ဂလာစျေးများနှင့် ကပ်လျက်ပင်။ ကျနော်တို့က ပွဲစျေးအတွက် ရောင်းချစရာကုန်ကြမ်းနှင့် စားဖို့သောက်ဖို့ကို အောင်မင်္ဂလာစျေးကပင် ဝယ်သည်။ ထိုစျေးတွင် နာမည်ကြီးလှသည့် ပြည် ပွင့်လှသိမ်ကုန်းအသုပ်စုံ ဆိုင်းထမ်းသည်များလည်း ရှိသည်။ ဧရာဝတီမြစ်ထဲမှ လတ်လတ်ဆတ်ဆတ်ဖမ်းကာ ပုတ်တောင်း ဒန်လင်ဗန်းများဖြင့် ထည့်ရောင်းတတ်သည့် ရေချိုငါးများရှိသည်။
အမေသည် အောင်မင်္ဂလာစျေးထဲမှ အင်ဖက်ဖြင့်ထုပ်ထားသည့် ပွင့်လှသိမ်ကုန်းအသုပ်စုံကို ဝယ်လာတတ်သည်။ နေ့လယ်နှင့် ညတို့တွင်စားရမည့် ဟင်းအသားအသီးအရွက်များကိုလည်း ဝယ်သည်။ အားရှိမည့် အအိပ်ရေးပျက်ခံနိုင်မည့် ဟင်းများကို ချက်ကျွေးတတ်သည်။ အိပ်ရေးပျက်ပါများလာသောအခါ လူများသည် အစားအသောက်ကောင်းကောင်းမဝင် လျှာမပေါက်တော့။
ထိုအချိန်မျိုးတွင် အမေသည် ရာသီစာလည်းဖြစ် အချဉ်ဓါတ်များများပါသည့် ဟင်းများကို ချက်ကျွေးသည်။ ထိုဟင်းများထဲတွင် ငါးနှင့်မုန်လာဥချဉ်ရည်ဟင်းကို ကျနော့်လျှာတွင် ယနေ့ထိတိုင် စွဲလျှက်မှတ်မိနေသည်။ မုန်လာဥကို ကြက်ဥနှင့်ကြော်စားတာသာလျှင်သိသည့် ကျနော့်အတွက် အတော်ပင် ခံတွင်းမြိန်ခဲ့သည့် ဟင်းဖြစ်သည်။
ချဉ်ရည်ဟင်းတွင် ငါးကြင်း(သို့မဟုတ်) ငါးခူ၊ ငါးဘတ်၊ ကြိုက်နှစ်သက်ရာထည့်နိုင်သည်။ အမေကတော့ ငါးခူနှင့် ငါးကြင်းတို့ကို သုံးတာများသည်။ မုန်လာဥ၊ ဂျူးမြစ်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးအနည်းငယ်နှင့် မန်ကျည်းမှည့်အနည်းငယ် နံနံပင်တို့ကိုလည်း ထည့်ရသည်။
မုန်လာဥကို ဥအတိုင်း အဝိုင်းလေးတွေပါးပါးလှီးသည်။ ပန်းဂေါ်ဖီကိုလည်း ခပ်သေးသေး စိတ်ကာ ဖဲ့သည်။ ကျနော်တို့ ကလေးဘဝတွင် စားသုံးသီးနှံများကို ဓါတုစျေးဝါး အလွန်အကျွံမသုံးသေးသည့်အတွက် အသီးအရွက်များကို အကြာကြီးစိမ်ခြင်းမျိုး ဆားနှင့် ဆေးရခြင်းမျိုးသိပ်မရှိသေး။ ဂျူးမြစ်များကိုလည်း လက်တဆစ်ခန့်လောက် ပိုင်းဖြတ်ထားသည်။ ခရမ်းချဉ်သီးကိုတော့ အမေက သူ့အကျင့်အတိုင်း ဓါးဖြင့်မလှီး လက်ဖြင့်ပင် ဖျစ်ညှစ်ကာ ထည့်တတ်သည်။ မန်ကျည်းမှည့်ကတော့ အချဉ်ဓါတ်ရစေဖို့ ရေဖြင့်နည်းနည်းစိမ်ထားလိုက်သည်။ နောက်တော့ အားလုံးကို လုံးကာချက်လိုက်ရသည်။ ငါးကိုတော့ ချက်ထားသည့် အသားများကို ဖယ်ကာ ခေါင်း၊ ဇက်နှင့် အမြီးပိုင်းတို့လို ဟာများကို ထည့်သည်။ နံနံပင်ကိုလည်း ဟင်းအိုးချကာနီးတွင် နည်းနည်းထည့်သည်။
မီးသွေးမီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသည့် ချဉ်ဟင်းအိုးသည် အိပ်ရေးပျက်နေသော ကျနော်တို့ မျက်လုံးများကို ပြူးကျယ်လာစေသည်။ မန်ကျည်းမှည့်နှင့် ခရမ်းချဉ်သီးတို့က ထွက်လာသည့် အချဉ်ရနံ့သည် သွားများကိုကျင်တက်လာအောင်ပင် သွားရည်များကို မျိုမျိုချရသည်။ လတ်ဆတ်သန့်ရှင်းလှသည့် မြစ်ငါးများ၏အချိုဓါတ်၊ ဟင်းသီးဟင်းရွက်များ၏ နူးညံ့မှု၊ အချဉ်အရသာ ပြေပြေလေးက ထမင်းစားဖို့ အလွန်ပင် စွဲဆောင်လှသည်။
ထိုချဉ်ဟင်းနှင့်လိုက်ဖက်စွာ အမေက သွေးအားကောင်းစေရန် အမဲ အသည်းနှလုံးဟင်း၊ အားရှိစေရန် အိမ်ကြက်သား ဆီပြန်တို့ကိုလည်း ချက်သည်။ နောက်ဆုံး ချဉ်ဟင်းနှင့် လိုက်ဖက်လှစွာ ငရုတ်သီးစိမ်းနှင့်ငါးပိထောင်းလိုက်ခြင်းပင်။ အိုးကင်းပူတွင် လှော်ထားသောငရုတ်သီးစိမ်းနှင့် မီးသွေးမီးတွင် ကင်ထားသော စိမ်းစားငါးပိဖုတ်တို့ကို ရောကာထောင်းလိုက်ခြင်း ဖြစ်သည်။
ထိုဟင်းလျာများကို စားကာ ဗိုက်လေးပြီး နေ့လယ်နေ့ခင်းတွင် တရေးအိပ်ပြီး ညအချိန်တွင်ပွဲတော်စျေး ရောင်းကြပြန်ပါသည်။ ဆောင်းဦးရက်များ ကုန်ဆုံးသွားချိန် ဇာတ်သဘင်များလည်း ပတ်စာခွါဖျာသိမ်းချိန် တွင် ကျနော်တို့ အိမ်ရောက်ပါသည်။
နတ်တော်၊ ပြာသို၊ တပိုတွဲလများတိုင်အောင် အမေသည် ထိုချဉ်ရည်ဟင်းကို မချက်တော့ပါ။ တခါတရံ ချက်သည့်အခါမျိုးတွင်လည်း ပွဲတော်အတွင်း အိပ်ရေးပျက်နေသည့်အချိန်တွင် စားရသည်လောက် ခံတွင်းမလိုက် အရသာမရှိဘူးဟု ကျနော့်စိတ်တွင် ထင်နေမိသည်။
ဆောင်းဦးပေါက်ပွဲစျေးတန်းများတွင် ကျနော် မအိပ်တော့သည်မှာ ၁၀ နှစ်နီးပါးရှိမည်ထင်သည်။ အမေလည်း ပွဲစျေးမရောင်းတော့။ မြင်းလှည်းများ ပျောက်ကွယ်သွားသည်။ နွားလှည်းလမ်းစွပ်ကြောင်းသည် မရှိတော့။ ထိုလမ်းနေရာတွင် ကတ္တရာလမ်းခင်းလိုက်သည်။ ဆိုင်းဘုတ်များ ရေးဆွဲချိတ်ထားသည်။ “ကတ္တရာလမ်းပေါ် နွားလှည်းမမောင်းရ”။ မန်ကျည်းပင်အုပ်များမရှိတော့ သူတို့ခုတ်လိုက်ကြသည်။
အခုတော့ ရာသီဥတုနှင့် လူမှုသဘာဝဝန်းကျင်တို့ အပျိုရည်ပျက်ခဲ့ပါသည်။(နားနှင့်မနာ ဖဝါးနှင့်နာကြပါခင်ဗျာ)
မြို့သည် ဆောင်းဦးမပီတော့။ မုန်လာဥများ အထွက်တိုးဓါတ်မြေဩဇာနှင့် ကြီးထွားလာသည်။ ပြီးခဲ့သည့် ၅ နှစ်လောက်က ရှေးဟောင်းမြို့တော်ထဲက ရေတွင်းရေကန်များ ရေဓါတ်ခမ်းလာသည်။ ရေတင်သည့် အင်ဂျင်စက်များဖြင့် မောင်းယူကြရသည်။ အလိုလိုမထွက်တော့။ မြို့သည် ပူလောင်ကြွပ်ဆပ်နေသည်။ မြစ်သည် ငါးများကို မစောင့်ရှောက်နိုင်တော့။
အမေသည် အိုမင်းလာသည်။ ကျနော်က မြို့ကို စွန့်ခွါခဲ့ရသည်။ မုန်လာဥချဉ်ရည်ကို ကျနော်စားခွင့်မရတော့ပါ။ ကျနော်တို့သည် အပျိုစင်ရာသီဥတုနှင့် မဆုံနိုင်အောင် ဝေးကွာခဲ့ကြပါပြီ။
#မြေလတ်အသံ
#ရသစာတမ်း #ပြည် #ပွဲဈေး #မုန်လာဥချဉ်ရည်
Share Share Share