သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့ နဝဒေးတံတားနဲ့ ကပ်လျက်တည်ရှိတဲ့ မင်းကြီးတောင်ပေါ်နဲ့ ပန်းတောင်းမြို့နယ် တန့်ကြည့်တောင်ပေါ်မှာ စစ်ကောင်စီက ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေ အထိုင်ချ တပ်ဆင်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။
အာရက္ခတပ်တော် AA က အမ်းမြို့ရှိ နပခနဲ့ တောင်ကုတ်မြို့တို့ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အခုလို စစ်ရေးပြင်ဆင်မှုတွေ လုပ်လာတာဖြစ်ပါတယ်။
" AA က တောက်လျှောက် မြို့သိမ်းတိုက်ပွဲတွေတိုက်နေကြတယ်။ မြို့တွေလည်း သိမ်းနိုင်ခဲ့တယ်။ မင်းကြီး တောင်ပေါ်ကနေ ခံစစ်ပြင်ထားတာမျိုးဖြစ်နိုင်တယ်" လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။
မင်းကြီးတောင်ပေါ် ကို ဆင်စုရပ်ကွက်ဘက်မှတက်ပါက တောင်တက်လမ်းဆုံမှာ ရှုခင်းသာရှိပြီး တောင်ပတ် လမ်းမှာလည်း ဒကစ- ပြည်မှာတာဝန်ကျနေတဲ့ အရာရှိနဲ့အခြားဆင့်စစ်သားတွေ နေထိုင်တဲ့လိုင်းခန်းတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတောင်တက်ပတ်လမ်းကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေချိန် မတ်လကုန်ပိုင်းလောက်မှာ ဒေသခံပြည်သူတွေ သွားလာခွင့်မရဘဲ စစ်တပ်က လမ်းပိတ်ထားခဲ့ပါတယ်။
မင်းကြီးတောင်ပေါ်မှာ စစ်ကြောရေးစခန်း၊ စရဖရုံး၊ မြန်မာ့ရုပ်မြင်သံကြားအသံလွှင့်ရုံနဲ့ တပြည်သူမရွှေထား အမည်ရှိတဲ့ စံအိမ်အဟောင်းလည်းရှိတယ်လို့ သိရပါတယ်။
မင်းကြီးတောင်မှ ပြည်-ရန်ကုန် ကားလမ်းမကြီးအတိုင်းသွားပါက တောင်ဘက် ၁ မိုင်ခန့်အကွာမှာ ခလရ ၇၅ တပ်ရင်း၊ ဆက်သွယ်ရေးရုံး၊ ဒကစ -ပြည်ရုံး၊ ထောက်ပို့တပ်၊ GE တပ်နဲ့ တပ်ထိန်းတပ်ဆွယ်ရုံးတို့ရှိပါတယ်။
အဲ့ဒီ ခလရ ၇၅ တပ်ရင်းနဲ့မျက်နှာချင်းဆိုင် တောင်ကုန်းအမြင့်ပေါ်မှာ အိမ်တော်တခုရှိပြီး ယခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးချုပ်တို့သာ တည်းခိုနေထိုင်ခွင့်ရှိတဲ့ အိမ်တော်ကို ဧရာဝတီ မြစ်ကမ်းနဖူးမှာ တည်ဆောက်ထားတယ်လို့ ပြည်မြို့ခံတဦးက ဆက်ပြောပါတယ်။
အလားတူ ပြည်မြို့နဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တဘက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းရှိ တန့်ကြည့် တောင်တန်းပေါ်မှာလည်း စစ်ကောင်စီက ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေ အထိုင်ချကာ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ စစ်တပ်ရင်းမြစ်က ဆိုပါတယ်။
"တန့်ကြည့်တောင်ပေါ်မှာ လက်နက်ကြီးတွေ ဆင်ထားပါတယ်။ " လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အာရက္ခတပ်တော် AA က နိုဝင်ဘာလအစောပိုင်းမှာ တောင်ကုတ်မြို့ကို စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလထဲမှာ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု စကခ-၅ တပ်မဌာနချုပ်၊ ခမရ ၃၄၆၊ ခမရ ၅၄၄ တပ်ရင်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တန့်ကြည့်တောင်တန်းမှာ စစ်ရေးပြင်ဆင်လာတာလို့ စစ်မှုထမ်းဟောင်းမိသားစုဝင်တဦးက ပြောပါတယ်။
တောင်ကုတ်မြို့နဲ့ ပန်းတောင်းမြို့မှာ ကားလမ်းမှသွားပါက အကွာအဝေးမိုင် ၁၀၀ ကျော်ရှိပြီး စစ်တပ်အထိုင်ချ ဂိတ်စခန်းအနေနဲ့ ညောင်ဂျိုးရွာ၊ မကြီးထုံးရွာ၊ ဥသျှစ်ပင်မြို့အဝင် နေရာတွေမှာသာရှိပြီး ဥသျှစ်ပင်နဲ့ ပန်းတောင်းလမ်းဆုံနေရာမှာ ခလရ ၉၂ တပ်ရင်းတို့ ရှိတယ်လို့ ဆိုပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းမှာ ကပစ ၃၊ ကပစ ၅၊ ကပစ ၆၊ ကပစ ၉၊ ကပစ ၁၆ စက်ရုံတွေနဲ့ စက်မှုလက်မှု သိပ္ပံကျောင်းတို့ရှိကြပြီး စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံဝန်ထမ်းမိသားစုတွေ နေထိုင်တယ်လို့ ပန်းတောင်းဒေသခံတဦးဆီက သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#အမ်း #တောင်ကုတ် #ပြည် #မင်းကြီးတောင် #ခံစစ်ပြင်
Share Share Share