အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ခဲယမ်းတင်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၅ ဦး သေဆုံး

အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ခဲယမ်းတင်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၅ ဦး သေဆုံး

မကွေးတိုင်း၊ ‌ငဖဲမြို့နယ်၊ ‌အမ်း - ပဒါန်းလမ်းပိုင်းက ဂုတ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခဲယမ်းတင်ဆောင်လာတဲ့ ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ People's Revolution Allianceတပ်ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်နဲ့ ပဒါန်းဘက်ကနေ မောင်းနှင်လာချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်‌ကောင်စီဘက်ကနေ ကား ၁စီး ပျက်စီးသွားခဲ့တာရှိတယ်။ ပြီးတော့ ၅ ဦး သေဆုံးပြီးတော့ ၈ ဦး ဒဏ်ရာရတယ်လို့ ကျနော်တို့ တိုက်ပွဲထဲမှာ မျက်မြင်အရရော၊ အတွင်းသတင်းတွေ အရရော သိရတယ်။” လို့ PRA-Magwayတပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပြီး ခဲယမ်းတင်လာတဲ့ ကား ၁ စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၇ ရက်ကလည်း ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာကနေ ခွန်ဇူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ကို ချုံခိုတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုနောင်သူရိန်က ပြောပါတယ်။

PRA-Magwayတပ်ဖွဲ့နဲ့ စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေဟာ ဇန်နဝါရီလ အစကနေ ဒီကနေ့ထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး ရခိုင်နဲ့ မကွေးနယ်စပ် တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

“ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုတော့ အရှင်ဖမ်းမိခဲ့တယ်။ နောက်တခုကကျတော့ ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးထက် မနည်း ချေမှုန်းနိုင်ခဲ့တယ်။”လို့ PRA-Magwayတပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲတွေကနေ  ၆၀ မမ ၁ လက်၊ လက်နက်ငယ် ၈ လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း တရုတ် ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေကို အထူးလုံခြုံရေးယူပေးရတဲ့ ရခိုင်-မကွေးနယ်စပ်၊ ကမြင်းကန်ကျေးရွာက ဗျူဟာစခန်း ၁ခုကို AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါသေးတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - ချယ်ရီ

#မြေလတ်အသံ

#မကွေး #အမ်းပဒါန်း #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10