အမ်း-ပဒါန်းလမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ သေနတ်ပစ်ခံရပြီး သေဆုံး

အမ်း-ပဒါန်းလမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ သေနတ်ပစ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင်၊ အမ်းနယ်(ရခိုင်ရိုး)အစပ်၊ ဂုတ်ကြီးကျေးရွာအနီး အမ်း-ပဒါန်းလမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံရပြီး ၂ ဦးလုံး သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပစ်သတ်ခံရသူတွေဟာ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ ဂုတ်ကြီးကျေးရွာရဲ့ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော် ၄၈ နှစ်နဲ့ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ်ကလေးငယ်တို့ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

“ သူက ပြည်သူ့စစ်ခေါင်းဆောင်ဆိုတာ ဟုတ်ပါတယ်။ သူ့ဆီမှာ သေနတ်ရှိတယ်တော့မကြားဘူး။ ဆိုင်ကယ်နဲ့အနောက်က လိုက်ပစ်တာခံရတာ” လို့ ငဖဲဒေသခံတဦးက မြေလတ်အသံကို အတည်ပြုပြောပါတယ်။

ပဒါန်းတပ်နယ် စစ်ကောင်စီတပ်က ဦးဖိုးကျော်ကို ဂုတ်ကြီးနယ်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားပြီး ဂုတ်ကြီးရွာအနီးရှိ ၃ မိုင်တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စောင့်ရှောက်ရေးတာဝန်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင်မှာ လက်နဲ့နောက်ကျောတွေမှာကျည်ထိမှန်ပြီးနေရာမှာပဲ သေဆုံးသွားသလို ၅ နှစ်အရွယ်ကလေးငယ်မှာလည်း ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ငဖဲမြို့နယ်မှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ထားသူစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာတွေအလိုက် PDF သတင်းပေးတွေကနေတဆင့် ကောက်ယူထားတာမှာ သေဆုံးသူ ဦးဖိုးကျော်ရဲ့အမည်စာရင်းပါရှိတဲ့အပြင် ၎င်းဟာ ဂုတ်ကြီးရွာပြည်သူစစ်ခေါင်းဆောင်အဖြစ် စစ်ကောင်စီအတွက် သတင်းပေးလုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်းလုပ်ကိုင်နေသူဖြစ်ကာ လက်နက်ကိုင်ထားတာ ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မင်းဘူးခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးဖိုးကျော်နဲ့ သမီးဖြစ်သူတို့ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေက ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးသလို ဒေသတွင်းအဖွဲ့အစည်းတွေဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီသတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်တွေမှာတော့ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးရွာမှာ ဘုန်ကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့တဲ့ ဖခင်နဲ့ ၄ နှစ်အရွယ်သမီးကို PDF တွေက ပစ်ခတ်သတ်ဖြတ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဩဂုတ် ၂၉ ရက်ကလည်း ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းစပ်စီရွာအနီးမှာ စစ်ကောင်စီကားတန်းကို တော်လှန်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခံရာ ကပစ ၁၄ မှာ အရာရှိ ၁ ဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ငဖဲ #ပြည်သူ့စစ်ခေါင်းဆောင် #သမီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10