အမ်းမြို့ နပခတိုက်ပွဲကပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့ခံရပြီး ၁၇ ဦးဖမ်းမိကာ လက်နက် ၃၀ ကျော်ရ

အမ်းမြို့ နပခတိုက်ပွဲကပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့ခံရပြီး ၁၇ ဦးဖမ်းမိကာ လက်နက် ၃၀ ကျော်ရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပျဥ်းဝရွာစစ်ဆေးရေးဂိတ်နားမှာ အမ်းမြို့ နပခ တိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးချိန် လက်နက် ၃၀ ကျော်နဲ့ စစ်ကောင်စီတပ်သားတချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် အရှို CDF-Asho တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီအင်အား ၉၀ ခန့်ပါတဲ့ စစ်ကြောင်း ၂ ခုကို အမ်း-ပဒါန်းလမ်းမ၊ ပျဥ်းဝရွာ စစ်ဆေးရေးဂိတ်နဲ့ မီတာ ၁၅၀၀ အကျော်မှာ ပိတ်ဆို့တားဆီးခဲ့တာဖြစ်ပြီး လက်နက်အပ် အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိသလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးချိန် ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်တာအတွင်း ၁၇ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကာ အသေးစိတ်အခြေနေကတော့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေနေအရ ပြောပြလို့မရသေးဘူးလို့ CDF-Asho တာဝန်ခံ ဆလိုင်းရှိုးချင်းက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေဆီက MA အမျိုးအစား လက်နက်ငယ် ၂၇ လက်၊  MA 2 ၄ လက်၊ MA 4 ၁ လက်၊ ၄၀ မမ ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ သုံ့ပန်းအများအပြားကို ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

 

#မြေလတ်အသံ

#မကွေး #ငဖဲ #စစ်ကောင်စီ #ဖမ်းမိ #အမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10