အများသုံးလယ်မြေကို လုပ်ခွင့်မပေးတဲ့ ပကဖနဲ့ ပအဖကို တောင်သူ ၃၀၀ ကျော်က ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဖွင့်လိုင်းရွာ ပကဖနဲ့ ပအဖကို ရွာခံတောင်သူအင်အား ၃၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီလောက်က ဆန္ဒပြခဲ့တာဖြစ်ပြီး ရွာခံတောင်သူလယ်သမားတွေ အလှည့်ကျ မဲနှိုက် စိုက်ပျိုးလုပ်ကိုင်တဲ့ လယ် ၂၁ ဧကကို ကျေးရွာ ပကဖနဲ့ ပအဖတို့က မဲနှိုက်မပေးဘဲ တပ်ဖွဲ့ကလုပ်မယ်ဆိုပြီး သိမ်းယူတဲ့အတွက် ဆန္ဒပြကြရတာလို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။

အဲ့ဒီလယ်တွေကို ကျေးရွာဘုံပိုင်အဖြစ်နဲ့ ၂ နှစ် ၁ ကြိမ်မဲဖောက် လုပ်ကိုင်စားသောက်ကြရတာ ဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က မဲနှိုက်ခွဲဝေရာမှာ နားလည်မှုမရရှိတာကြောင့် ပကဖနဲ့ ပအဖတို့က သူတို့ကိုယ်တိုင် လုပ်ကိုင်တော့မယ်လို့ ပြောဆိုခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ရွာအပေါ်မှာ မေတ္တမထား၊ စေတနာမထားတဲ့ ဖွင့်လိုင်းရွာ ပကဖနဲ့ ပအဖကို အလိုမရှိဆိုတဲ့ စာတန်းကိုင်ဆိုင်ခဲ့သလို အာဏာရှင်ဖြုတ်ချရေးဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်တာကို ပကဖနဲ့ ပအဖဘက်က မုဆိုးခြုံဘူတာမှာရှိတဲ့ NUG လက်အောက်ခံ ရဲ ၅ ဦးကို ခေါ်ဆောင်လာခဲ့ပြီး ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသမီးတယောက်ရဲ့ နေအိမ်ကို လာရောက်ကာ NUG ရဲ့ပုံရိပ်ကိုထိခိုက်တယ်ဆိုပြီး ဆန္ဒပြတာကိုရပ်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်လို့ ဖွင့်လိုင်းရွာပကဖ ခေါင်းဆောင်ဗိုလ်စံတင်ကို မြေလတ်အသံအနေနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံစကားပြောခဲ့ပေမယ့် မေးမြန်းမှုကို ဖြေကြားတာမရှိဘဲ ဖုန်းချပစ်ခဲ့ပြီး ထပ်မံဖုန်းခေါ်ဆိုရာမှာတော့ ဖုန်းစက်ကို ပိတ်သွားခဲ့ပါတယ်။

ရွာဘုံအသုံးပြုနေတဲ့ လယ်မြေတွေကိုတော့ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ဖွင့်လိုင်းရွာ အမျိုးသမီးကြီးတဦးက ပိုင်ဆိုင်တာဖြစ်ပြီး ရွာဖွံ့ ဖြိုးရေးအတွက်အသုံးပြုဖို့ လှူထားခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #ဝက်လက် #တောင်သူလယ်သမား #လယ်ယာမြေ #သိမ်းဆည်းမှု #ပအဖ #ပကဖ #ဆန္ဒဖော်ထုတ် #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10