အမျိုးသမီးကွန်မန်ဒို ရဲဘော် ၉ ဦးပါဝင်တဲ့ အထူးကွန်မန်ဒို စစ်သင်တန်းဆင်း

အမျိုးသမီးကွန်မန်ဒို ရဲဘော် ၉ ဦးပါဝင်တဲ့ အထူးကွန်မန်ဒို စစ်သင်တန်းဆင်း

စစ်ကိုင်းအခြေစိုက် တပ်ရင်းတခုဖြစ်တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၃ ရဲ့ ၃ လကြာ လေ့ကျင့်သင်ကြားပေးနေတဲ့ အထူးကွန်မန်ဒို စစ်သင်တန်း ပြီးဆုံးသွားပြီဖြစ်လို့ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး အမျိုးသမီးကွန်မန်ဒို ရဲဘော်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနေ့ကမနက်ပိုင်းမှာ အပတ်စဉ် ၃ ခုမြောက် သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာဖြစ်ပြီး အပတ်စဉ် ၁ နဲ့ ၂ ကတော့ ၂၀၂၂ ခုနစ် ၁ လပိုင်းနဲ့ ၈ လပိုင်းမှာ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“သင်တန်း ၃ ခုပေါင်းကို အမျိုးသမီးကွန်မန်ဒို ၂၀ ကျော်တော့ မွေးထုတ်ပြီးပါပြီ။ အတိကျကြီးတော့ ပြောလို့မရဘူးပေါ့။ သင်တန်းဆင်းပြီးတဲ့ ရဲဘော်တွေအနေနဲ့ကတော့ စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျရေးနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်နေရာတွေကို ဦးတည်ပြီး တိုက်ခိုက်သွားမှာပါ။" လို့ တပ်ရင်း ၃ တာဝန်ခံတဦးက ပြောပါတယ်။

မြေပြင်အခြေနေပေါ်မူတည်ကာ သင်တန်းကာလ အတိုးအလျော့ရှိပြီး၊ သင်တန်းတခါပြုလုပ်ရင် သိန်း ၁၅၀ ဝန်းကျင် ကုန်ကျကာ တပ်ရင်းအသုံးစရိတ်ထဲက မျှထုတ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်တဲ့အတွက် ကွန်မန်ဒိုရဲဘော်တိုင်းကိုတော့ ယူနီဖောင်း အပြည့်အစုံ မဆင်ပေးနိုင်ဘူးလို့ ဆိုပါတယ်။

အဆိုပါ သင်တန်းအပြင် အခြေခံစစ်ပညာသင်တန်း၊ စစ်မြေပြင်ဆေးသင်တန်း၊ စစ်မြေပြင်ထောက်လှမ်းရေးသင်တန်း၊ ဦး၊ ရေး၊ ထောက်သင်တန်းတွေလည်း သင်ကြားနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ စစ်ရေးပြတာ၊ တပ်ရင်းတာဝန်ရှိသူက မိန့်ခွန်းပြောကြားတာ၊ ဆုရ သင်တန်းသူ/သားတွေကို ဆုချီးမြှင့်တာစတဲ့ အစီစဉ်တွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10