သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အညာဒေသမှာ စစ်ရေးတာဝန်ထမ်းဆောင်နေရတဲ့ အမျိုးသမီးစစ်သည်တွေ ခရီးရှည်စစ်ကြောင်းထွက်ရတဲ့အခါ မိုးထဲ၊ ရေထဲ သွားရတဲ့အခါ စိတ်ညစ်ရဆုံးအချိန်က ဓမ္မတာလာတဲ့အချိန်ပါ။
လစဥ်သုံး ဂွမ်းထုတ်(Pad)တွေက ရေစိုလို့မရတာကြောင့် မိုးမိချိန်ဆို အဆင်မပြေတာ၊ စစ်ရေးလေ့ကျင့်ချိန် နေရာတကျမဖြစ်တာ၊ အနံ့ဆိုးထွက်တာ စတဲ့အခက်အခဲမျိုးစုံရှိပြီး ခရီးရှည်ထွက်ရတဲ့ အမျိုးသမီးရဲဘော်တွေ အတွက်က Pad အသုံးပြုလှုပ်ရှားရတာဟာ ပိုခက်ခဲတယ်လို့ အညာဒေသမှာရှိတဲ့ တော်လှန်ရေးရဲဘော် အမျိုးသမီးတွေက ဆိုပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်-SAF မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မနွေပန်းချီဆိုရင် လစဉ်သုံး ဂွမ်းထုတ်(Pad)ကြောင့် ပေါင်ပွန်းတဲ့ဒုက္ခ၊ ဂွမ်းထုပ်မှာပါတဲ့ ကပ်ခွာကော်ကြောင့် အောက်ခံဘောင်းဘီ ပေါက်ပြဲတဲ့ဒုက္ခ၊ ဒီလို ဒုက္ခတွေကို လစဉ်ကြုံလာရတဲ့အခါမှာ ဓမ္မတာလာချိန်ဆို သားအိမ်ထုတ်ပစ်လိုက်ချင် တဲ့အထိ တွေးမိသူပါ။
အမျိုးသမီးတွေ လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာလာခြင်းကို အညာဒေသက တော်လှန်ရေးအမျိုးသမီးတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရတယ်ဆိုတာ မြေလတ်အသံသတင်းဌာနက “ရာသီစက်ဝန်းကြားက တော်လှန် အမျိုးသမီးများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါသေးတယ်။
မနွေပန်းချီတို့လို တော်လှန်ရေးအမျိုးသမီးစစ်သည်တွေ လစဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဖြေရှင်း နိုင်မယ့်အကောင်းဆုံးနည်းလမ်းတခုကို မပန်ပန်တယောက် ကြိုးစားလို့ နေပါတယ်။
သူဟာ အညာဒေသက တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေသူအမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။
ရေကူးရတာကို နှစ်သက်တဲ့ မပန်ပန်ဟာ ဓမ္မတာလာချိန် Pad လို့ခေါ်တဲ့ လစဥ်သုံးဂွမ်းထုပ်ကို အသုံးပြုတာ ကြောင့် ဓမ္မတာလာချိန်ဆို ရေကူးခွင့်မရသလို အနံ့ဆိုးထွက်တာ၊ အပူလောင်တာတွေဖြစ်လေ့ရှိလို့ Pad သုံးရတာကို မကြိုက်သူပါ။
ရွေးချယ်စရာမရှိလို့သာ Pad ကို အသုံးပြုနေရတဲ့သူ့အတွက် ၂၀၁၉ လောက်မှာတော့ ဖြေရှင်းစရာ နည်းလမ်း တခုကို ရှာတွေ့ခဲ့ပါတယ်။
အဲဒါက Tampon (တန်ပွန်) လို့ခေါ်တဲ့ ၂ လက်မအရှည်၊ လက်သန်းအရွယ်ရှိတဲ့ လစဥ်သုံး ဂွမ်းတောင့်လေးပါ။
“Pad က အရင်ထဲက မကြိုက်ဘူး။ လုံးဝ တခြား Option (ရွေးချယ်စရာ) မရှိလို့သာ သုံးရတာပေါ့နော်။ အဲ့မှာ တန်ပွန်ကို စသိတာ၊ စသိတော့ တန်ပွန်သုံးတဲ့အခါမှာ ရေတွေဘာတွေလည်း ကူးလို့ရတယ်။ အဲ့ဒါသုံးထားတဲ့အချိန်မှာ ကိုယ်က အတွင်းခံ မဝတ်ချင်ဘူးဆိုရင်တောင်မှ အဆင်ပြေတယ်။” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောခိုခဲ့တဲ့အခါမှာတော့ မပန်ပန်ဟာ သူရဲ့ လစဉ်ဓမ္မတာ ကိစ္စကို ဖြေရှင်းဖို့ ဆေးကြောပြီး အကြိမ်ကြိမ်ပြန်သုံးလို့ရနိုင်တဲ့ Menstrual cup (ဓမ္မတာခွက်)ကို ရွေးချယ်ခဲ့ပါတယ်။ အဓိက အကြောင်းအရင်းက ငွေကြေးကုန်ကျစရိတ်ကို လျှော့ဖို့ Menstrual cup (ဓမ္မတာခွက်) ၂ ခုကိုယူပြီး တောခိုခဲ့တာလို့ သူက ဆိုပါတယ်။
“တောထဲမှာနေတဲ့ ရဲဘော် အမျိုးသမီးတွေ အနေနဲ့ကလေ၊ ဘာလို့လဲ ဆိုတော့ Menstrual cup ကကျ Budget Save ဖြစ်တာကိုး။ ဘာလို့ဆို Cup ၁ ခုဝယ်ပြီးပြီဆိုရင် ၁၀ နှစ် ၁၅ နှစ်ထိ သုံးလို့ရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျနော် တောစခိုတော့ Menstrual cup လေး ၂ ခုယူလာပြီးတော့ တောခိုသွားတာ။”
Menstrual cup (ဓမ္မတာခွက်) ဆိုတာက ပျော့ပျောင်းတဲ့ ဆီလီကွန်မျိုးနဲ့ ပြုလုပ်ထားတဲ့ ခွက်ပုံစံ လစဉ်သုံး ပစ္စည်းတမျိုးဖြစ်ပြီး မိန်းမကိုယ်ထဲကို ထည့်၊ သားအိမ်ခေါင်းအဝနားမှာ ခွက်ကိုခံကာ သားအိမ်ခေါင်းကနေ ဆင်းလာတဲ့ ရာသီသွေးတွေကို ခွက်နဲ့ ခံထားတဲ့ သဘောမျိုး အသုံးပြုရတာပါ။
ဓမ္မတာသွေးတွေကို အဲ့ဒီခွက်လေးထဲမှာ မပြည့်မချင်း စုထားပေးကာ ရာသီသွေးပမာဏပေါ်မူတည်ပြီး ၆ နာရီကနေ ၁၀ နာရီကျော်ကြာတဲ့ထိ ထားလို့ရပါတယ်။ ထုတ်ယူချိန်မှာလည်း ခွက်ထဲက သွေးကိုသွန်၊ ပြီးရင် ခွက်ကို ရေသန့်သန့်နဲ့ ဆေးတာ၊ ဒါမှမဟုတ် ရေနွေးနဲ့ မိနစ်အနည်းငယ်ပြုတ်ပြီး ပြန်သုံးရပါတယ်။
Menstrual cup (ဓမ္မတာခွက်) က ကောင်းကျိုးတွေ အများကြီးရှိပေမယ့် ဆေးကြောရာမှာ မသန့်ရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။
မပန်ပန် ကိုယ်တိုင်လည်း ခွက်ကိုဆေးကြောချိန် ရေမသန့်တဲ့ ပြဿနာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ပြီး အရင်က အသုံးပြုခဲ့တဲ့ တန်ပွန်ကိုပဲ အသုံးပြုဖို့ ပြန်ကြိုးစားရပါတော့တယ်။
တန်ပွန်ဝယ်လို့ မရခင်ကာလ အတွင်းမှာတော့ Pad တွေကိုသာ အစားထိုးသုံးခဲ့ရပြီး သူ့အတွက် ခက်ခဲတဲ့လတွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
“တခါတလေ မိုးရွာကြီးထဲမှာ အိပ်ရတာတွေရှိတယ်။ တောထဲမှာလေ၊ အဲ့လိုအချိန်ကြီးမှာ အောက်က Pad ကြီးနဲ့ဆိုရင် စတေကာက ကွာတော့တာလေ၊ ရေစိုတဲ့အခါ Pad ကြီးက ကွာကျ၊ ပြုတ်ကျ၊ တချို့နေရာတွေဆို ချောင်းရေတွေ ဖြတ်ရတာရှိတယ်။ ချောင်းရေတွေက ခါးလောက်ထိရောက်တာရှိတယ်။ အဲ့လိုနေရာကို ဖြတ်ရပြီဆို အဲ့ Pad ကြီးက ကွာကျပြီး ပေါလောကြီးပေါ်လာတာ၊ အဲ့လိုမျိုးဆို တော်တော်ဆိုးတယ်။” လို့ အညာဒေသက တော်လှန်ရေးအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ် အပျက်ကို မပန်ပန်က ရှင်းပြပါတယ်။
တန်ပွန်သုံးထားရင် ဓမ္မတာလာချိန် အတွင်းခံမဝတ်လည်းရတာကြောင့် မိုးတွင်း အတွင်းခံမခြောက်လို့ ကြုံရတဲ့ပြဿနာ၊ စိုထိုင်းနေတဲ့အတွင်းခံတွေကို ဝတ်မိလို့ ယားနာပေါက်တဲ့ပြဿနာတွေကို ကျော်လွှားနိုင်ပြီး နွေရာသီ ပူလောင်နေချိန်မှာလည်း အတွင်းခံမလိုဘဲ အေးအေးလူလူဖြတ်သန်းလို့ရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
တန်ပွန်ဆိုတာက မိန်းမကိုယ်ထဲကို ထည့်သွင်းအသုံးပြုရတဲ့ လစဥ်သုံး ဂွမ်းတောင့်ဖြစ်ပြီး သားအိမ်ခေါင်း အဝနားမှာ ခံထားကာ ဆင်းကျလာတဲ့ ဓမ္မတာသွေးတွေကို ဂွမ်းတောင့်က စုပ်ယူထားပေးတာပါ။
ဂွမ်းတောင့်ရဲ့ အောက်ခြေမှာတော့ ဖယောင်းတိုင် မီးစာလိုမျိုး အလယ်အူတိုင်နဲ့ တွဲထားတဲ့ ကြိုးအရှည်တချောင်း ပါရှိပါတယ်။ အသုံးပြုမယ်ဆိုရင် အဲ့ဒီဂွမ်းတောင့်ကို အမျိုးသမီးအင်္ဂါလမ်းကြောင်းထဲကို လက်နဲ့ ထိုးထည့်ပြီး ကြိုးစကိုတော့ အပြင်မှာထုတ်ထားရတာပါ။ ပြန်ထုတ်ချိန်မှာတော့ ကြိုးစကို လက်မှာရစ်ပြီး ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်ရတာဖြစ်ပါတယ်။
တန်ပွန်တွေက ဂွမ်းထုပ်တွေလိုပဲ ၄ နာရီတကြိမ် ဒါမှမဟုတ် ၈ နာရီတကြိမ် လဲလှယ်ပေးရပြီး အသုံးပြုချိန်မှာ လည်း လက် ၂ ဆစ်စာလောက် ဝင်တဲ့ထိ ထိုးသွင်းမှသာ ခန္ဓာကိုယ်ထဲမှာ နေရာကျပြီး ဓမ္မတာသွေး ယိုစိမ့်တာ၊ နေထိုင်ရခက်ခဲတာတွေ မရှိမှာဖြစ်သလို စနစ်တကျသုံးတတ်သွားရင်တော့ လွတ်လွတ်လပ်လပ်ရှိလှတယ်လို့ တန်ပွန်သုံးတာ ၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ မခိုင်ခိုင်*က ပြောပြပါတယ်။
တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ကူညီပေးနေတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးကတော့ ဓမ္မတာလာချိန်ဆို သွေးက ပေါင်ကိုပေကာ Pad နဲ့ အသားနဲ့ ခဏခဏကပ်တာကြောင့် ယားယံတာတွေ ဖြစ်လေ့ရှိသလို အရည်အသွေးမကောင်းတဲ့ Pad တွေက လှုပ်ရှားချိန်ဆို ပလတ်စတစ်သံလိုမျိုး ထွက်တတ်တာကြောင့် ဘေးလူတွေကြားမှာ စိုးရိမ်ပြီး ဓမ္မတာလာချိန်တိုင်း စိတ်ညစ်နေရသူပါ။
ဆေးဆိုင်တခုမှာ တန်ပွန်ကိုတွေ့တာကြောင့် ဝယ်ယူပြီး စမ်းသုံးကြည့်ချိန်မှာတော့ အသိနောက်ကျတယ်လို့တောင် ခံစားခဲ့ရကြောင်း တန်ပွန် စသုံးဖြစ်ချိန် ခံစားချက်ကို သူက ပြောပြပါတယ်။
“အဲ့အချိန် ပထမဆုံး စတွေးဖြစ်တာက ငါဘာလို့ ဟိုးအရင်ထဲက ဒါကို မသုံးမိခဲ့တာလဲလို့၊ အသိနောက်ကျလိုက်တာပေါ့။ အရင်ကဆို ရာသီလာမှာ တအားကြောက်တာ၊ ခုဆို ကြိုက်သလောက် လာစမ်းပဲ၊ အိမ်မှာနေရင်းဆို အတွင်းခံတောင် မဝတ်ဖြစ်ဘူး၊ ဘောင်းဘီရှည်တထည်နဲ့ပဲနေတာ။ တခါတလေဆို ကိုယ်ဓမ္မတာ လာနေတယ်ဆိုတာတောင် မေ့နေတယ်။” လို့ သူက မှတ်ချက်ပြုပါတယ်။
သူအပါအဝင် မခိုင်ခိုင်၊ မပန်ပန်တို့လို တန်ပွန်သုံးရတာ အဆင်ပြေတဲ့သူတွေရှိသလို တန်ပွန်ကို မသုံးဖူးတာနဲ့ သုံးလေ့မရှိတဲ့အတွက် အခက်အခဲဖြစ်နေသူတွေလည်း ရှိနေပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်-SAF မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မနွေပန်းချီဆိုရင် ဆိုင်ကယ်နဲ့ ခရီးကြမ်းတွေ အမြဲထွက်နေရသူဖြစ်ပြီး ဓမ္မတာလာချိန်တိုင်း စိတ်ညစ်နေရသူပါ။
သူ့ရဲ့အခက်ခဲတွေကို ဖြေရှင်းဖို့ အခုနှစ် ဒီဇင်ဘာလအစပိုင်းမှာ လစဉ်သုံး ဂွမ်းထုပ်အစား တန်ပွန်ကို အစားထိုးသုံးဖို့ ကြိုးစားကြည့်ခဲ့ပေမယ့် ပထမဆုံးအကြိမ် အသုံးပြုတာဖြစ်တဲ့အတွက် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော်ဆိုရင်ဗျာ တရက်လုံး ဆိုင်ကယ်ကို လမ်းကြမ်းမှာ စီးရတာရှိမယ်။ အဲ့ကျရင် Tampon နဲ့ လုံးဝအဆင်မပြေပါဘူး၊ အထဲထည့်ထားရတော့ ခုတယ်၊ ပြီးတော့ စိမ့်ပြီး ပေတယ်။” လို့ ပထမဆုံး ကြိုးစားသုံးကြည့်ချိန် အဆင်မပြေမှုကို ပြောပြပါတယ်။
သူဟာ တန်ပွန်ကို ပထမဆုံးအကြိမ် ကြိုးစားသုံးကြည့်ရာမှာ အဆင်မပြေတာကြောင့် အတွင်းခံဘောင်းဘီ ပုံစံမျိုးဝတ်ဆင်လို့ရတဲ့ Period underwear ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
“၁ ထည်ကို ၂ နှစ်ထိ သုံးလို့ရတယ်ပြောတယ်။ ညီမမှာက Period underwear က ၂ ခုရှိတာဗျာ၊ ရာသီလာစ ရက်ဆို အပါးပေါ့နော်၊ အဲ့တာလေးသုံးတယ်၊ ပြီးရင် အထူကို သုံးတယ်။ အဲ့ချိန်မှာပဲ နဂိုသုံးထားတာကို လျှော်ထားတယ်၊ အခုက မိုးရာသီမဟုတ်တော့ အခြောက်မြန်တော့ အဆင်ပြေပါတယ်။” လို့ သူက ဆိုပါတယ်။
Period underwear တွေက ဆောင်းရာသီနဲ့ နွေရာသီမှာတော့ ဝတ်ဆင်ရအဆင်ပြေပေမယ့် မိုးတွင်းမှာတော့ အဝတ်မခြောက်တဲ့ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါ့အပြင် ခရီးထွက်ချိန်နဲ့ တိုက်ပွဲလိုက်နေချိန်တွေမှာဆို လျှော်ဖို့ မလွယ်ကူတဲ့ အခက်ခဲတွေတော့ရှိနေပါသေးတယ်။
ဒါကြောင့် မနွေပန်းချီက ပထမအကြိမ် တန်ပွန်အသုံးပြုချိန်မှာ အဆင်မပြေခဲ့ပေမယ့် နောက်တကြိမ်ထပ်သုံး ကြည့်ဖို့ ဆန္ဒရှိနေပါသေးတယ်။
လက်နက်ကိုင်၊ ဆေးတပ်သား၊ သပိတ်လှုပ်ရှားသူ၊ ပညာရေး စတဲ့အသိုင်းအဝိုင်းမျိုးစုံက အမျိုးသမီးရဲဘော် ၁၂ ဦးခန့်ကို မေးကြည့်ရာမှာတော့ ၄ ယောက်က တန်ပွန်ကို လုံးဝမသိကြဘဲ ၃ ယောက်ကတော့ လက်တွေ့သုံးနေကြကာ ကျန်တဲ့သူတွေကတော့ ပစ္စည်းရရှိဖို့ ခက်ခဲတာကြောင့် သုံးကြည့်ချင်ပေမယ့် မသုံးနိုင်ကြတာရှိသလို တန်ပွန်ကို သိပေမယ့် မသုံးရဲကြတာတွေလည်း ရှိနေပါတယ်။
မြန်မာ့ဓလေ့အရ အရှက်အကြောက်ကြီးမှုတွေနဲ့ ကြီးပြင်းလာရတဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီး အင်္ဂါထဲကို ထိုးသွင်းရတဲ့ တန်ပွန်လို့ခေါ်တဲ့ လက်သန်းအရွယ် ဂွမ်းတောင့်ဟာ ကြိုးစားကြည့်ဖို့တောင် မရဲတဲ့ စိန်ခေါ်မှုတခု ဖြစ်နေကြတာ တွေ့ရပါတယ်။
ကနီမြို့နယ်ထဲမှာ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မနွေဦးစံကတော့ ဓမ္မတာလာချိန်ဆို Pad ကြောင့် အပူလောင်တာ၊ ငွေကြေးအခက်ခဲရှိတဲ့အတွက် ဈေးပေါတဲ့ Pad တွေကိုပဲ အများစုသုံးရတာကြောင့် သက်တောင့်သက်သာ မရှိတာ၊ သုံးပြီးသားပစ္စည်းကို လွှင့်ပစ်ဖို့ ခက်ခဲတာတွေ ကြုံရတာကြောင့် တန်ပွန်ကို သုံးကြည့်ချင်ပေမယ့် ဝယ်ယူဖို့ လက်လှမ်းမမီသလို ပုံမှန်အသုံးပြုနေကျ နည်းလမ်းမဟုတ်တာကြောင့် စိုးရိမ်တယ်လို့ ဆိုပါတယ်။
“သုံးကြည့်ချင်တယ်။ နည်းနည်း ကြောက်နေတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ သေချာတာကတော့ သုံးကြည့် ဖြစ်မယ်၊ လက်လှမ်းမီရင်တော့လေ၊ တန်ပွန်သုံးတာကောင်းကြောင်း လေ့လာဖူးတော့လေ သုံးကြည့်ချင်တယ်။ အသစ်အဆန်းဆိုတော့ နည်းနည်းတော့ မရဲသလို ခံစားနေရတာ။” လို့ သူက ဆိုပါတယ်။
အမျိုးသမီးလစဉ်သုံး Tampon ဟာ အညာဒေသက တော်လှန်ရေးအမျိုးသမီးတွေအတွက် အဆင်အပြေဆုံးလို့ ဆိုနိုင်ပေမယ့် လစဉ်ဝယ်ယူဖို့ လိုအပ်တာကြောင့် ငွေကြေးကုန်ကျမှုအခက်ခဲရှိသလို ပုံမှန်ကာလတွေမှာတောင် မြန်မာနိုင်ငံမှာ တန်ပွန်အသုံးပြုတဲ့ အမျိုးသမီးနဲ့ ရောင်းချတဲ့နေရာတွေ နည်းပါးတာကြောင့် ပစ္စည်းရှားပါးမှု အခက်ခဲရှိနေတာကို တွေ့ရပါတယ်။
အဲဒီအခက်အခဲတွေကို အကူအညီပေးနိုင်ဖို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)က “တန်ပွန်ဝယ်ပေးပါ” ဆိုတဲ့ ကမ်ပိန်းကို ဩဂုတ်လ ၁ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်ခဲ့ပြီး ၁၂၀ ရာခိုင်နှုန်းအထိ ကမ်းပိန်းအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကမ်ပိန်းဟာ တော်လှန်ရေးစစ်မြေပြင်မှာရှိနေတဲ့ အမျိုးသမီးရဲဘော်တွေ၊ သပိတ်လှုပ်ရှားနေတဲ့ အမျိုးသမီးတွေက ဆွေးနွေးအကြံပေးကာ လိုအပ်နေကြောင်း တောင်းဆိုတာကြောင့် စလုပ်ဖြစ်ခဲ့ကြတာလို့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)ရဲ့ တန်ပွန်ကမ်ပိန်း တာဝန်ခံ ကိုမင်းခန့်ကျော်လင်းက ပြောပြပါတယ်။
“မိုးရာသီအချိန်တွေမှာ ဒါမှမဟုတ်ရင် စိုစွတ်တဲ့အချိန်တွေမှာ ဒီ Pad တွေက အဆင်မပြေဘူး၊ Cupဆိုလည်း သုံးတယ်ဆိုရင် ရေပြန်ဆေးရတယ်၊ ရေတွေက တောထဲတောင်ထဲမှာ မသန့်ဘူး၊ hygiene မဖြစ်တဲ့အချိန်မှာ ပိုးဝင်တဲ့ကိစ္စတွေဖြစ်တယ်ပေါ့၊ ဒါတွေကို အဓိကထားဆွေးနွေးတဲ့ အခါမှာ တန်ပွန်ကို သူတို့ အနေနဲ့ သဘောကျတယ်၊ သုံးချင်တယ်။” လို့ သူက ရှင်းပြပါတယ်။
တန်ပွန်ကို မြန်မာအမျိုးသမီးတွေကြားမှာ သိရှိမှုနည်းပါးသလို အမျိုးသမီးအင်္ဂါထဲကို ထည့်သွင်းအသုံးပြုရ တဲ့အတွက် ရှေးရိုးစွဲကျေးရွာတွေမှာတော့ ကြောက်တာ၊ ရှက်တာတွေ ဖြစ်နေကြတာကြောင့် ဒီလိုအသုံးပြုရ တာက ရှက်စရာမဟုတ်ကြောင်း၊ ပုံမှန်ကိစ္စတခုသာဖြစ်တယ်ဆိုတဲ့ အသိပညာပေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ကိုမင်းခန့်ကျော်လင်းက ဆိုပါတယ်။
ကမ်ပိန်းကရလာတဲ့ တန်ပွန်တွေကိုတော့ အညာဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုက အမျိုးသမီးရဲဘော်တွေကို ၆ လစာ ဒါမှမဟုတ် ၁ နှစ်စာ ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အသုံးပြုတဲ့နည်းတွေကိုပါ တခါထဲ ဝေမျှသွားမှာဖြစ်တယ်လို့ တန်ပွန်ကမ်ပိန်းအိုင်ဒီယာကို စထုတ်ပေးခဲ့တဲ့ မပန်ပန်က ပြောပါတယ်။
အညာဒေသမှာ တန်ပွန်အသုံးပြုတဲ့ အလေ့အထ ကျယ်ပြန့်လာဖို့၊ တန်ပွန်ကို သုံးရဲလာဖို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးရဲဘော်တွေကို အခွင့်ကြုံရင် ကြုံသလို ပြောပြတာ၊ ပစ္စည်းမျှဝေပေးပြီး စမ်းသုံးကြည့်ခိုင်းတာ စတဲ့နည်းလမ်းတွေနဲ့ပဲ လတ်တလော အသိပညာပေးလေ့ရှိတယ်လို့ သူက ပြောပါတယ်။
တန်ပွန်ကို အမျိုးသမီးတွေအနေနဲ့ ပိုမိုရင်းနှီးလာဖို့ကတော့ အမျိုးသမီးအချင်းချင်း လက်ဆင့်ကမ်း ပြောပြသွားတာမျိုးတွေ လုပ်ဖို့လိုအပ်ပြီး အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ စစ်ရှောင်ကူညီရေး လုပ်ကိုင်နေတဲ့ အဖွဲ့တွေရဲ့ အကူအညီတွေလည်း လိုအပ်တယ်လို့ တန်ပွန်ကမ်ပိန်း လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
တန်ပွန်တွေဟာ ပြည်တွင်းမှာဆို City Mart တွေ နဲ့ ဆေးဆိုင်တွေမှာသာ ရနိုင်တာကြောင့် အလွယ်တကူဝယ်ဖို့ ခက်ခဲသလို ဈေးနှုန်းကလည်း Pad တွေထက် များတာကြောင့် အများစုသုံးစွဲနိုင်ဖို့က မလွယ်ကူနိုင်သေးပါဘူး။
တန်ပွန်အရေအတွက် ၈ ခု၊ ၁၀ ခု၊ ၁၂ ခု ပါတဲ့ ဘူး ၁ ဘူးကို မြန်မာငွေ ကျပ် ၁ သောင်း ကနေ ၂ သောင်းကြားမှာ ရှိပါတယ်။ Cup တွေကတော့ ၁ ခုကို ကျပ် ၂ သောင်းခွဲကနေ ကျပ် ၅ သောင်းကျော်ထိရှိပြီး Underwear ကတော့ ၁ ထည်ကို ကျပ် ၄ သောင်းဝန်းကျင် ဈေးပေါက်တယ်လို့ သိရပါတယ်။
အခုလို ဈေးနှုန်းများတဲ့အတွက်လည်း ကိုမင်းခန့်ကျော်လင်းက ပြည်တွင်း ပြည်ပက အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ကြိုးစားနေပြီး လွတ်မြောက်နယ်မြေမှာရှိတဲ့ ဈေးဆိုင်တွေမှာသာ တန်ပွန်ကို တင်သွင်းရောင်းချလာကြမယ်ဆိုရင် ဝယ်ယူရန် ခက်ခဲနေတဲ့ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။
ပထမတကြိမ်အသုံးပြုရာမှာ အဆင်မပြေခဲ့တဲ့ မနွေပန်းချီကတော့ အမျိုးသမီးလစဉ်သုံး တန်ပွန်ကို နောက်ထပ် ထပ်မံကြိုးစားကြည့်ချင်သေးတာကြောင့် တန်ပွန်ဖြန့်ဝေပေးနေတဲ့သူတွေကို အခုလို စကားဆိုပါတယ်။
“ကြိုးစားပြီးတော့ သုံးကြည့်ပါဦးမယ်။ ညီမတို့ဘက်တွေကိုရော ရောက်အောင်လို့ ပို့ပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။”
#မြေလတ်အသံ
#အမျိုးသမီးရဲဘော် #တန်ပွန် #ဓမ္မတာ #ကျန်းမာရေး #ဆောင်းပါး
Share Share Share