အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခုကို  PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့စျေးအနီးမှာ စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့နေရာတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီအချိန်ခန့်မှာ ဆေးရုံအနီးမှာ ဘန်ကာတွေနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ၁၀ ဦးခန့်ရှိနေရာနဲ့ မြို့မစျေးအနီး အင်အား ၅ ဦးခန့်နဲ့ တပ်စွဲထားတဲ့နေရာတွေကို ၄၀ မမ အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်ရွှေမန်းက ပြောပါတယ်။

ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က ၄၀ မမ တွေနဲ့ ပစ်ခတ်နေစဥ် စစ်ကောင်စီအဖွဲ့က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် နှစ်ဖက်ပစ်ခတ်မှု ၁ နာရီကျော်ကြာခဲ့တယ်လို့ ရဲဘော်ရွှေမန်းက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်စွဲနေရာတွေကို သွားရောက်တိုက်ခိုက်တာခဲ့တာဟာ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်နဲ့ အင်အားအနည်းငယ်လောက်နဲ့သာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေရှိတဲ့အတွက် အဝေးကသာတိုက်ခိုက်ခဲ့ရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့ဆေးရုံဝင်းနဲ့ စျေးအနီးက နေရာတွေဟာ လွန်ခဲ့တဲ့ ၇ လခန့်က တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် ဘန်ကာတွေထိ မီးရှို့ခဲ့တဲ့နေရာတွေဖြစ်ပြီး အဲဒီအချိန်က တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

နိုဝင်ဘာာ ၂၁ ရက်နေ့ကလည်း ဆားလင်းကြီးမြို့၊ ညောင်ဂျစ်ပင်ရပ်ကွက်နဲ့ မြို့မစျေး အနီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနေရာ ၂ ခုတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

# မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #PDF #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10