အမျိုးသား ၂ ဦးစကားများရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးဒဏ်ရာပြင်းထန်ရ

အမျိုးသား ၂ ဦးစကားများရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးဒဏ်ရာပြင်းထန်ရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်မှာ အမျိုးသား ၂ ဦး စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနေ့ည ၉ နာရီခန့်မှာ ကသစ်တန်းရပ်ကွက် အနောက်လမ်းနေ အသက် ၃၅ နှစ်အရွယ် ကိုဇေယံထွန်းက သူ့နေအိမ်မှာရှိနေချိန် ဘေးအိမ်နေ ယောက်ဖဖြစ်သူ အသက် ၃၀ အရွယ် နေမျိုးအောင်က ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

"သမီးယောက်ဖချင်းက အိမ်ချင်းကပ်လျက်နေတာ။ စကားများကြရာကနေ ဓားနဲ့ထိုးတာ။ စကားများတဲ့ အကြောင်းအရင်းကတော့ မသိရဘူး။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ကိုနေမျိုးအောင်က ကိုဇေယံထွန်းကို အရိုးအသွား ၆ လက်မကျော်ရှိတဲ့ ဓားမြောင်ပုံစံဓားကို အသုံးပြုထိုးသွင်းခဲ့တာလို့ ဆိုပါတယ်။

ဓားနဲ့ထိုးခံရတာကြောင့် ကိုဇေယံထွန်းရဲ့ ဘယ်ဘက်ရင်အုံထိုးသွင်း ဒဏ်ရာ ၂ ချက်၊ ဘယ်ဘက် နံစောင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဘယ်လက်မောင်း ထိုးသွင်းဒဏ်ရာ ၃ ချက်ရရှိပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။ 

ကိုဇေယံထွန်းကို ဒေသခံတွေက အုတ်တွင်းဆေးရုံကို ညတွင်းချင်းပို့ဆောင်ပေးခဲ့ပြီး အောက်တိုဘာ ၁၆ ရက်ဒီနေ့မှာ တောင်ငူဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ 

ဓားနဲ့ထိုးသူ နေမျိုးအောင်ကိုတော့ ရဲအဖွဲ့က ညတွင်းချင်းနေအိမ်ကနေ ဖမ်းဆီးပြီး အုတ်တွင်းရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ဇလုပ်ကုန်းကျေးရွာအနီး ရိုးမထဲမှာ တောအတူခုတ်နေတဲ့အမျိုးသား ၂ ဦး ဓားခုတ်မှုဖြစ်ပြီး ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဓါးထိုးမှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10