အမျိုးသား ၁ ဦး ထိုင်ခုံမှာ လည်ပင်းချိန်းကြိုးပတ်လျက် သေဆုံး

အမျိုးသား ၁ ဦး ထိုင်ခုံမှာ လည်ပင်းချိန်းကြိုးပတ်လျက် သေဆုံး

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာရှိ "7 star KTV" အရှေ့ ထိုင်ခုံမှာ လည်ပင်း ချိန်းကြိုးပတ်လျက် အနေအထားနဲ့ အမျိုးသား ၁ ဦးသေဆုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၇ ရက် မနက်၆ နာရီခန့်မှာ KTV အရှေ့က ထိုင်ခုံမှာ အသက် ၂၉ နှစ်အရွယ် မောင်သန်းထိုက်အောင် ဘီးလင်းမြို့နေသူကို ထိုင်ခုံမှာထိုင်လျက်အနေအထားနဲ့ လည်ပင်းမှာ ဆိုင်ကယ်ချိန်းကြိုး ပတ်ချည်ထားပြီး ချိန်းကြိုးတဖက်က အုတ်တိုင်မှာ ချည်ထားကာ သေဆုံးနေတာလို့ဆိုပါတယ်။

"သေသူက အုတ်တွင်းဒေသခံ မဟုတ်ဘူး။ သူပိုက်ဆံအိတ်ထဲမှာပါတဲ့ မှတ်ပုံတင်အရသာ ဘီးလင်းဘက်ကဆိုတာသိရတယ်။ သေဆုံးတဲ့ပုံစံကတော့ ကြိုးဆွဲချသေဆုံးအနေထားဆိုပေမယ့် လည်ပင်းဒဏ်ရာကနက်တော့ ပုံမှန်မဟုတ်ဘူးလို့ထင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားကိုတွေ့စဥ် လည်ပင်းမှာ ဆိုင်ကယ်ချိန်းကြိုးရာက တော်တော်နက်နက်အနေအထားနဲ့ တွေ့ရပြီး လျှာထွက်သေဆုံးနေတာလို့ သိရပါတယ်။

အဆိုပါ သေဆုံးသူလူငယ်ဟာ ဥယျာဥ်တော်ကျေးရွာထဲမှာလည်း နေထိုင်တာမျိုး မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေကတော့ အဆိုပါ လူငယ်ဟာ ချိန်းကြိုးနဲ့လည်ပင်းညှစ်သတ်ခံထားရပြီးမှ ကြိုးဆွဲချသေဆုံးတဲ့အနေအထား ပုံစံဖြစ်အောင် လုပ်ဆောင်ထားတာလို့ သုံးသပ်ပြောဆိုတာတွေရှိနေပါတယ်။

သေဆုံးသူရဲ့အလောင်းကို ရဲတွေကလာစစ်ဆေးပြီးနောက် ဒေသခံတွေကကောက်ယူပြီး မိသားစုဝင်တွေရဲ့ ဆန္ဒအရ အုတ်တွင်းမှာပဲ သင်္ဂြုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်မှာ အုတ်တွင်းမြို့နယ်၊ ခပေါင်းဆည်လမ်း၊  တိမ်ညွှန့်ကျေးရွာအနီးမှာ ဆိုင်ကယ်သမားတဦး လည်ပင်းဓားနဲ့ လှီးဖြတ်ခံရပြီး ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်း #ဥယျာဥ်တော် #KTV #ချိန်းကြိုးပတ် #ကြိုးဆွဲချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10