အမြန်လမ်းက စစ်တပ်စစ်ဆေးရေးဂိတ်အနီး ကား ၅ စီးဆင့်တိုက်လို့ ၃ ဦးသေ ၅ ဦးဒဏ်ရာရ

အမြန်လမ်းက စစ်တပ်စစ်ဆေးရေးဂိတ်အနီး ကား ၅ စီးဆင့်တိုက်လို့ ၃ ဦးသေ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်အနီး မိုင်တိုင် ၁၅၈ မှာ ကား ၅ စီးဆင့်တိုက်ပြီး ၃ ဦးသေ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် ဒီမနက် ၁ နာရီဝန်းကျင်က စမိုးစစ်ဆေးရေးဂိတ်မှာ ယာဥ်တွေကို စစ်ဆေးနေချိန် ရန်ကုန်ဘက်နေ နေပြည်တော်ဘက်ကို အသက် ၄၀ အရွယ် ယာဥ်မောင်း အာကာမျိုးထက် မောင်းလာတဲ့ “သစ်ဆန်း”ခရီးသည်တင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ ယာဥ်စစ်ဆေးခံဖို့ ရပ်ထားတဲ့ Toyota RAV 4(အဖြူရောင်) ကား၊ Super Custom(အဖြူရောင်)၊ Toyota Caldina (လိမ္မော်ရောင်) ကားနဲ့ “ခိုင်မန္တလေး”ခရီးသည်တင်ယာဥ်တို့ကို ဆင့်တိုက်မှုဖြစ်ခဲ့ပါတယ်။

"ရှေ့ဆုံးက ခရီးသည်တင်ကားက ခံနေတယ်။ ခရီးသည်တင်ကားနောက်မှာ အိမ်စီးကား ၃ စီးက ရှိနေတယ်။ နောက်ဆုံးလာတဲ့ ခရီးသည်တင်ကားက ဝင်တိုက်တော့ ကြားက ကားငယ် ၃ စီးက အခြေနေ တော်တော်ဆိုးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီယာဉ်တိုက်မှုကြောင့် Super Custom ယာဥ်မောင်း အမျိုးသား ၁ ဦးသေဆုံးပြီး ယာဥ်ပေါ်ပါ အမျိုးသမီး ၂ ဦးဒဏ်ရာရကာ Toyota RAV 4 ယာဥ်မောင်း အမျိုးသား ၁ ဦးနဲ့ ယာဥ်ပေါ်ပါ အမျိုးသမီး ၁ ဦး သေဆုံးပြီး  နောက်ထပ်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ “သစ်ဆန်း” ခရီးသည်ယာဥ်မောင်း ထွက်ပြေးနေပြီး ဖမ်းမိတာမရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကား ၅ စီးစလုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်စီးကား ၃ စီးကတော့ ပျက်စီးမှုများကာ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ သာဂရမီးသတ်နဲ့ နီးစပ်ရာလူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းကလည်း ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၀/၄)နဲ့(၇၀/၅) အကြားမှာ ကားတစီးတိမ်းမှောက်ပြီး ကလေး ၂ ဦးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #အမြန်လမ်း #ကားတိုက်မှု #၅စီးဆင့်တိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10