သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဇီးကုန်းနဲ့ ကံကြီးကုန်းကျေးရွာအကြား ရန်ကုန်-မန္တလေးအမြန်လမ်းဘေး တံတားအနီးမှာ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေက နေပူကုန်းကျေးရွာနေ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုမျိုးမင်းထွန်းနဲ့ ဇီးကုန်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ် ကိုဟိန်းကိုတို့ဖြစ်ပြီး နိုဝင်ဘာ ၉ ရက် မနေ့မနက် ၈ နာရီကျော်မှာ အရပ်ဝတ်နဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးက ဖမ်းဆီးသွားတာလို့ဆိုပါတယ်။
"ဟိုင်းဝေးလမ်း(အမြန်လမ်း)ဘေး တံတားနားမှာတယောက်က ကျင်စက်ထိုး(ဘက်ထရီရှော့တိုက်ငါးဖမ်း) နေတာ။ နောက်ကောင်လေးက မိုးရွာထားတော့ လယ်စောင့်ရင်းကနေ တဲလေးပေါ်မှာ အိပ်နေတာ။ အဲဒါကိုဝင်ခေါ်သွားတယ်။ လာဦးလို့ခေါ်ပြီး လက်ထိပ်ခတ်ခေါ်သွားတယ်။"လို့ တောင်ငူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ကျွန်းကုန်းရဲစခန်းက ရဲတွေပါဝင်ပြီး အဆိုပါ လူငယ် ၂ ဦးကို ကျွန်းကုန်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
၎င်းလူငယ် ၂ ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေကြပြီး မိသားစုဝင်တွေကလည်း သွားရောက်မတွေ့ရဲကြဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း အနောက်အင်တိုင်းကျေးရွာ အမြန်လမ်းဘေးအနီး စပါးလှမ်းနေတဲ့ အသက် ၂၅ နှစ်ကနေ ၃၀ ကြား လူငယ် ၃ ဦး၊ နေပူကုန်းကျေးရွာနေ အသက် ၃၀ နှစ်အရွယ် ကိုမျိုးဇော်ဦးတို့ကို စစ်ကောင်စီတပ်က အတင်းအကြပ်စစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် ၁ ပတ်အတွင်းမှာ တောင်ငူနယ်က လူငယ်အမျိုးသား ၆ ဦးအထိ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တောင်ငူမြို့နယ်အတွင်းမှာ စစ်ကောင်စီတွေဟာ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို လူနေအိမ်တွေထဲဝင်ရောက်ဖမ်းဆီးတာ၊ လမ်းမှာ အချိန်မတော်တွေ့တဲ့လူငယ်တွေကို ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ - အမြန်လမ်းမှာ စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#တောင်ငူ #အမြန်လမ်း #ပေါ်တာဆွဲ #ဖမ်းဆီး
Share Share Share