အမြန်လမ်းမှာ ကားဘီးပွင့်ပြီး လမ်းဘေးသံတန်းကို ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

အမြန်လမ်းမှာ ကားဘီးပွင့်ပြီး လမ်းဘေးသံတန်းကို ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ်၊  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၀၅/၃)နဲ့(၃၀၅/၄) အကြားမှာ ယာဉ်မတော်တဆမှုဖြစ်ပွားလို့ အမျိုးသား  ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

ဇူလိုင် ၈ ရက် ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ ပျော်ဘွယ်ဘက်ကနေ မန္တလေးဘက်ကို အမြန်လမ်းအတိုင်းမောင်းနှင်လာတဲ့  Honda ODYSSEY အဖြူရောင်ယာဉ်ဟာ နောက်ဘီးတာယာပွင့်ပြီး လမ်းဘေးသံဘားတန်းတွေကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။

 

" အရှိန်ကလည်းများတယ်။ တာယာပွင့်သွားတာကနေ ဘေးတန်းကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။  ကားပေါ် မှာက လူ ၁၀ယောက်ပါတယ်။ ထိခိုက်သေဆုံးသူတွေရှိတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

ယာဥ်တိုက်မှုကြောင့် ကားပေါ်ပါ ပျော်ဘွယ်မြို့နယ်နေ အသက် ၃၀ အရွယ်ခန့် အမျိုးသား ၁ ဦး နေရာမှာ သေဆုံးသွားပြီး အသက် ၆ နှစ် အရွယ်ကလေး ၁ ဦး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

 

သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက မိတ္ထီလာဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

ဇူလိုင် ၁ ရက်ကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၂၀/၇ နားမှာ ကားဘီးပွင့်ပြီး ယာဥ်မတော်တဆမှုဖြစ်လို့ ယာဥ်ပေါ်ပါ သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#အမြန်လမ်းမ #မြင်းခြံ #ယာဉ်မတော်တဆမှု #လူသေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10