အမြန်လမ်းမှာ ကားမောင်းရင်း ဖုန်းလှည့်ယူရာမှ ကားမှောက်လို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ကားမောင်းရင်း ဖုန်းလှည့်ယူရာမှ ကားမှောက်လို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၄ အနီးမှာ အောက်တိုဘာ ၂၈ ရက် ဒီကနေ့ မနက်အစော ၁ နာရီဝန်းကျင်က ယာဉ်တိမ်းမှောက်မှုဖြစ်တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားမှယာဉ်မောင်းက ဖြစ်စဥ်နေရာအရောက်မှာ  ဖုန်းလှမ်းယူရာကနေ လမ်းဘေး အကာအရံကို ဝင်တိုက်ပြီး ယာဉ်တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

" သိရသလောက်က ယာဥ်မောင်းက ကားမောင်းနေရင်းကနေ သူ့ဖုန်းလာလို့ ကားပေါ်ပါတဲ့ သူ့အဖော်က ဖုန်းလှမ်းပေးတာကို လှည့်ယူလိုက်တာမှာ ဘေးအကာကိုတိုက်ပြီး မှောက်သွားတာ" လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်လိုက်ပါလာသူ တာမွေမြို့နယ်နေ  အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနေရာမှာပဲ သေဆုံးသွားပြီး ယာဥ်မောင်းဖြစ်သူ ကိုစိုးနိုင် ၄၀ နှစ်ခန့် နဲ့ ကိုကျော်သူအောင် ၄၀ နှစ်ခန့်တို့ဟာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်ကပဲ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၅ အနီးမှာ  အိမ်စီးကား ၁ စီး မြောင်းထဲကျလို့ လူ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အမြန်လမ်း #ယာဉ်တိမ်းမှောက်မှု #လူသေဆုံး #ဒဏ်ရာရရှိ #ရန်ကုန်မန္တလေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10