အမြန်လမ်းမှာ ခရီးတင်ယာဥ်တိမ်းမှောက်လို့ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ခရီးတင်ယာဥ်တိမ်းမှောက်လို့ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

 

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၂ ရက် ဒီမနက် ၅ နာရီ ၄၀ မိနစ်ခန့်မှာ ရန်ကုန်ဘက်နေ မန္တ‌လေးဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်တစီးဟာ  ကားလမ်းမိုင် တိုင်အမှတ် ၃၁၁/၆ အရောက်မှာ တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။

" ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျရာကနေ တိမ်းမှောက်သွားတာလို့တော့သိရတယ်။ အရှိန်လည်းပါတာဆိုတော့ ကားပေါ်ကပါတဲ့သူတွေ ထိခိုက်တာများသွားတယ်" လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်ပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ခရီးသည် စုစုပေါင်း၂၅ ဦးလိုက်ပါလာပြီး ယာဉ်တိမ်းမှောက်တာကြောင့် အသက် ၃၀ အရွယ် ယာဥ်နောက်လိုက်အမျိုးသားသေဆုံးခဲ့ကာ အသက် ၂၀ မှ ၅၀ အကြား ခရီးသည်အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၂ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ပြီး မိတ္တီလာဆေးရုံကိုပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၉ ရက် မနက်ပိုင်းကလည်းကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတိုက်မိလို့ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရန်ကုန်မန္တလေး #အမြန်လမ်း #ကားမှောက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10