အမြန်လမ်းမှာ ငါး၊ပုဇွန်ပုံးတွေတင်လာတဲ့ကုန်ကား လမ်းလယ်ကျွန်းကထန်းပင်ကို ဝင်တိုက်ပြီး မီးလောင်

အမြန်လမ်းမှာ ငါး၊ပုဇွန်ပုံးတွေတင်လာတဲ့ကုန်ကား လမ်းလယ်ကျွန်းကထန်းပင်ကို ဝင်တိုက်ပြီး မီးလောင်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၂၉/၇ အနီးမှာ ရေထွက်ပစ္စည်း ငါး၊ပုဇွန်ပုံးတွေ တင်လာတဲ့ကုန်တင်ကား ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်အစော ၁ နာရီကျော်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို ယာဥ်မောင်း ကိုအောင်အောင် မောင်းနှင်လာတဲ့ ၁၀ ဘီးကုန်တင်ယာဉ်ဟာ ဖြစ်စဥ်နေရာအရောက်မှာ လမ်းလယ်ကျွန်းက ထန်းပင်ကိုဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

" ငါးစျေးကနေ ငါးတွေ ပုဇွန်တွေပါတဲ့ ပုံးတွေတင်ပြီးမောင်းလာတာ။ အိပ်ငိုက်ပြီး ထန်းပင်ကို တိုက်တယ်။ ပြီးမှ ကားခေါင်းထဲက ရှော့ဖြစ်ပြီး မီးထလောင်တာ"လို့ အုတ်တွင်းနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ယာဥ်တစီးလုံး မီးလောင်ပျက်စီးသွားပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ဆုံးရှုံးခဲ့ကာ ယာဥ်မောင်းကို အုတ်တွင်းရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကားမီးလောင်မှုကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီးနဲ့ ၁ နာရီ နီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၂ နာရီခွဲခန့်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၉၇/၂ မိုင်မှာ ယာဥ်တိုက်မှုဖြစ်လို့ သံဃာ ၁ ပါး ပျံလွန်ပြီး လူ ၄ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အမြန်လမ်း #အုတ်တွင်း #ယာဉ်တိုက်မှု #ကားမီးလောင် #လမ်းလယ်ကျွန်း #၁၀ဘီးကား #ကုန်တင်ယာဉ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10