အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားကဝင်တိုက်လို့ ၁ ဦးသေ ၈ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားကဝင်တိုက်လို့ ၁ ဦးသေ ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၇၈/၁)နဲ့ (၇၈/၂)ကြားမှာ ရပ်ထားတဲ့ကားကို အနောက်ကလာတဲ့ကားကဝင်တိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၆ ရက် မနက် ၄ နာရီကျော်ခန့်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ဘုရားဖူးလာတဲ့ လိုက်ထရပ်ကား ၂ စီးဟာ လမ်းမှာခဏရပ်နားနေချိန် နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ Nissan Condor က အနောက်ကနေဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"လိုက်ထရပ်ယာဥ်က ၂ စီးရပ်ထားတာ။ ကားလမ်းပေါ် နည်းနည်းရောက်နေတာ။ နောက်ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ဝင်တိုက်ခံရတဲ့ လိုက်ထရပ်ယာဥ်ပေါ် ပါသူတွေက အများဆုံး ထိခိုက်ကုန်တာ။ နောက်ကတိုက်တဲ့အရှိန်နဲ့ ရှေ့ကားနဲ့ ညှပ်ခံလိုက်ရတဲ့သဘောပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် တိုက်ခံရတဲ့ လိုက်ထရပ်ကားပေါ်က အသက် ၃၅ နှစ်အရွယ် ယာဥ်မောင်းဖြစ်သူ သေဆုံးပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ Nissan Condor ကားပေါ်က ယာဥ်မောင်း၊ ယာဥ်နောက်လိုက် ၂ ဦးပါ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားတဲ့နေရာကို အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေ လာရောက်ပြီး သေဆုံးဒဏ်ရာရသူတွေကို မြို့ချောင်းဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။  

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၅၈/၅)အနီးမှာ ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ယာဥ်တိုက်မှု #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10