အမြန်လမ်းမှာ လမ်းလယ်ကျွန်းကိုဝင်တိုက်တဲ့ အိမ်စီးကားပေါ်ပါ အမျိုးသမီး ၁ ဦးသေဆုံး

အမြန်လမ်းမှာ လမ်းလယ်ကျွန်းကိုဝင်တိုက်တဲ့ အိမ်စီးကားပေါ်ပါ အမျိုးသမီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကား ၁ စီးလမ်းလယ်ကျွန်းကို ဝင်တိုက်မိရာက ကားပေါ်ပါအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်မှာ မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ Chevrolet MALIBU အမျိုးအစားကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၂၉၀/၇ အနီးအရောက်မှာ လမ်းလယ်ကျွန်းကိုဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ ယူဆတာကတော့ အိပ်ငိုက်တယ်လို့ ယူဆမိပါတယ်။ လမ်းလယ်ကွန်ကရစ်တုံးကို ဝင်တိုက်ပြီး တပတ်လည်သွားတာ။ မိသားစု ၁ စု ပါတဲ့ကားပါ။"လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတဦးကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာနေထိုင်သူ အသက် ၄၂ နှစ်အရွယ် မသန်းသန်းအေး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူယာဥ်မောင်းအမျိုးသားက စိုးရိမ်ရဒဏ်ရာရကာ ၁၃ နှစ်အရွယ်သားဖြစ်သူနဲ့ ၁၀ နှစ်အရွယ်သမီးဖြစ်သူတို့ကတော့ ပွန်းပဲ့ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသူတွေကို မိတ္ထီလာပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူကပြောပါတယ်။

ခေါင်းပိုင်းပျက်စီးသွားတဲ့ကားကိုတော့ ကရိန်းကားနဲ့ဆွဲသွားပြီး သီးကုန်းအမြန်လမ်းရဲစခန်းမှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁ ရက်မနက်အစောပိုင်းကလည်း ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီး ၁ ဦးသေဆုံးပြီး  ၃၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မိတ္တီလာ #ယာဉ်တိုက်မှု #အမျိုးသမီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10