အမြန်လမ်းမှာ လမ်းလယ်ကျွန်းကို အိမ်စီးကားကဝင်တိုက်လို့ ယာဉ်မောင်းသေဆုံး၊ ၂ ဦးဒဏ်ရာရ

အမြန်လမ်းမှာ လမ်းလယ်ကျွန်းကို အိမ်စီးကားကဝင်တိုက်လို့ ယာဉ်မောင်းသေဆုံး၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၁၁၃/၄)နဲ့ (၁၁၃/၅) ကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂ ရက် ဒီနေ့ မနက် ၈ နာရီခွဲခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ TOYOTA CROWN အိမ်စီးကာဟာ အခင်းဖြစ်ပွားတဲ့နေရာအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

"အရှိန်များပြီး လမ်းလယ်ကျွန်းမှာရှိနေတဲ့ ခရေပင်နဲ့ထန်းပင်တွေကို ဝင်တိုက်ခဲ့တာ။ ကားကတော့ တခြမ်းစုတ်ပြတ်သွားတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ၃ ဦးအနက် ယာဥ်မောင်းအမျိုး သားမှာ နေရာမှာပဲ သေဆုံးသွားပြီး ကျန်အမျိုးသား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့ကာ သူတို့ဟာ ရန်ကုန်မြို့မှာ နေထိုင်သူတွေလို့ သိရပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရသွားသူတွေကို အမြန်လမ်းမီးသတ်နဲ့ကြက်ခြေနီအဖွဲ့တွေက ကောက်ယူပြီး ဖြူး မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၁ ရက်ကလည်း ရန်ကုန်ကနေ နေပြည်တော်ကိုထွက်ခွာလာတဲ့ မိုးကောင်းကင်ခရီးသည်တင်ယာဥ်ဟာ ဒိုက်ဦးမြို့နယ်၊ အမြန်လမ်း မိုင်တိုင်အမှတ် ၇၇/၅ နဲ့ ၇၇/၆ မိုင်ကြားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတိမ်းမှောက်လို့ ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ဖြူး #အမြန်လမ်း #ယာဉ်တိုက်မှု #လူသေဆုံး #လမ်းလယ်ကျွန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10