အမြန်လမ်းမှာ အိမ်စီးကား နောက်ဘီးပွင့်ပြီးမှောက်လို့ ကလေး ၂ ဦးအပါ ၆ ဦးဒဏ်ရာရ

အမြန်လမ်းမှာ အိမ်စီးကား နောက်ဘီးပွင့်ပြီးမှောက်လို့ ကလေး ၂ ဦးအပါ ၆ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၄ နဲ့ ၇၀/၅ အကြားမှာ ယာဥ်တိမ်းမှောက်လို့ ကလေး ၂ ဦးအပါ အဝင် ၆ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်ခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ SUZUKI ERTIGA အမျိုးအစား အနက်ရောင်ယာဥ်ဟာ မောင်းနှင်နေစဉ် နောက်ဘီးပွင့်ပြီး တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။

"အရှိန်ကများ နောက်ဘီးကပွင့်ထွက်တော့ ကားကလည်ပြီး အခြားယာဥ်ကြောကို ရောက်သွားတယ်။ ပြီးမှ လမ်းလယ်ကျွန်းနဲ့တိုက်ပြီး မှောက်သွားတာ"လို့ ဒိုက်ဦးဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ အသက် ၅ နှစ်နဲ့ ၁၂ နှစ်အကြား ကလေးငယ် ၂ ဦး၊ အသက် ၃၀ မှ ၆၀ ကြား အမျိုးသား ၁ ဦး၊ အမျိုး သမီး ၃ ဦးဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲကမှ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ 

ယာဥ်ပေါ်လိုက်ပါလာသူတွေဟာ ရန်ကုန်မြို့နေထိုင်သူတွေလို့ သိရပြီး နေပြည်တော်ဘက်ကို အလုပ်ကိစ္စနဲ့ သွားရောက်စဥ် တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်တာကိုတော့ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းကူညီပေးခဲ့ပြီး မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကလည်း ပဲခူးမြို့နယ်၊ ဘောနက်ကြီးအပိုင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၃၅ မှာ သံဃာ ၃ ပါး အပါအဝင် ၁၆ ဦး လိုက်ပါလာတဲ့ ဖိုဒ့်ကား မှောက်လို့ ၇ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အမြန်လမ်း  #ယာဉ်တိမ်းမှောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10