အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည်

အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည်

ရန်ကုန်-နေပြည်တော်-မန္တလေး ဆက်သွယ်ထားတဲ့ အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။ 

စစ်ကောင်စီရဲ့လည်ပတ်နေတဲ့ ယန္တရားကို ဖြိုချနိုင်ဖို့ စစ်ရေးအရအသုံးပြုနေတဲ့ လမ်းပိုင်း ၂ ခုစလုံးကို ဖြတ်တောက်ထိန်းချုပ်နိုင်ဖို့ ယခုလမှစတင်ပြီး စစ်ဆင်ရေးတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။

"အရင်ကြေညာချက်ထုတ်ထားသလိုပဲ စစ်တောင်းမြှစ်ဝှမ်းကို စစ်ဆင်ရေးအရှိန်တိုးမြှင့်သွားဖို့ဆိုတော့ ဒီလမ်းပိုင်း ၂ ခုဆိုတာကလည်း အကျုံးဝင်ပါတယ်။ ဒီလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီဘက်က တော်တော်အထိနာမှာ သေချာပါပဲ" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

လမ်းပိုင်း ၂ ခုကို စစ်ဆင်ရေးတိုးမြှင့်လုပ်ဆောင်မယ့်နေရာမှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာနဲ့ လမ်းပိုင်းဖြတ်တောက် ထိန်းချုပ်တာတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ လမ်းသစ်အသုံးပြုသွားလာမယ်ဆိုပါက စစ်ရေးသတင်းတွေကို နားစွင့်ပြီးမှ သွားလာကြဖို့လိုမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းအကြား ရန်ကုန်-မော်လမြိုင်လမ်းဟောင်းပေါ်က စစ်ကောင်စီကင်းစခန်း ၈ ခုကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တံတားတစင်းကို မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးပြီး ဒဏ်ရာရသူများကာ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ PDF တွေဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်က စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးကို စစ်ဆင်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက စာထုတ်ပြန်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့အနောက်ဒေသအားလုံးရှိ မြို့နယ်တွေက စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီယန္တရားလည်ပတ်စေရန် ဆောင်ရွက်နေသူတွေ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းကြဖို့ အသိပေးထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရန်ကုန် #နေပြည်တော် #မန္တလေး #အမြန်လမ်း #စစ်ရေးအရှိန်မြှင့် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #စစ်ဒေသခွဲ #ဒုစစ်ဒေသခွဲမှူး #ရဲဘော်တင်ဦး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10