အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရ

အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနေ့က မနက် ၁၀ နာရီခန့်က လက်ပံချောင်းရွာရဲ့အရှေ့ဘက် စခန်းကြီးရွာနားမှာရှိတဲ့ နန်းဗဟိုရ်အမြောက်တပ်ကနေ ၁၂၂ မမ ၂ ချက် ပစ်ခတ်ခဲ့ပြီး လက်ပံချောင်းရွာရဲ့ B Group ကို လက်နက်ကြီးကျည် တလုံးကျရောက်ပေါက်ကွဲခဲ့ကာ တလုံးကတော့ လယ်ကွင်းထဲကို ကျခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံချောင်းရွာဟာ အိမ်ခြေ ၂၃၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတရွာဖြစ်ကာ Group A ကနေ E အထိ အုပ်စု ၅ စု သတ်မှတ်ထားပြီး အခုလက်နက်ကြီးကျတာကတော့ Group B ဖြစ်ပါတယ်။

"တဦးက ဦးလာရိုခုမ်ပါ။ သူ့ခြေထောက် ညာဘက်ကိုထိတာ။ အရိုးဖြတ်ရမှာထင်တယ်။ မဖြတ်ရင်တောင်မှ ဆေးထည့်ရတော့မှာ ထင်တယ်။ ပြီးရင် သူ့ခေါင်းမှာလည်း ထိသေးတယ်ဗျ။ ဒူးအောက်လောက်ကနေ သူ့အရိုးကို လက်နက်ကြီး ထိသွားသလို ဖြစ်သွားတာပေါ့။" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်လို့ အသက် ၄၀ ကျော်အရွယ် ဦးလာရိုခုမ်ကတော့ ခြေထောက်နဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးကတော့ နှာခေါင်းကို လက်နက်ကြီးစ ထိမှန်ခဲ့ကာ လက်ရှိမှာတော့ ‌ဆေးကုသမှု ခံယူနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း နတ်မြောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၆,၀၈၇ ဦး သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - သက်ဝေ၊စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #လက်နက်ကြီး #အမျိုးသား #ထိခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10