အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ဇနီး လုံခြုံရေးခေါင်းဆောင်အမျိုးသမီး ၂ ဦးကို PDF က ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာအခြေစိုက် အမှတ် ၅၀၈ အမြောက်တပ်ရင်း (အမတ ၅၀၈) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဇနီး ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာအခြေစိုက်လှုပ်ရှားနေတဲ့ Black Falcon Guerrilla Force အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်က မုံရွာမြို့ကနေ ဟိုက်ဂျက်ကားနဲ့ ရိက္ခာဝယ်ပြီးပြန်လာချိန် အမြောက်တပ်အနီးမှာပဲ ကားကိုတားဆီးကာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ တပ်နဲ့ မီတာ ၁၀၀၀ လောက်ပဲ ကွာတော့တယ် ဖမ်းမိတဲ့နေရာက။  ရဲမေ ၂ ယောက်ကိုတော့ အရှင်ရခဲ့တယ်။ စစ်မှုထမ်းဟောင်းဆိုတဲ့ တပ်ကြပ်ကတော့ တောင်းတောင်းပန်ပန်နဲ့ခေါ်နေတဲ့ကြားထဲက ထွက်ပြေးတာကြောင့် ပစ်လိုက်တော့တာ" လို့ Black Falcon Guerrilla Forces ခေါင်းဆောင်က ပြောပါတယ်။

ဟိုက်ဂျက်ကားမောင်းနှင်သူမှာ အဆိုပါအမြောက်တပ်မှ စစ်မှုထမ်းဟောင်းဖြစ်ပြီး ဖမ်းဆီးစဉ် ရဲဘော်တွေကို ထိုးကြိတ်ခုခံတဲ့အပြင် သေနတ်ကိုလုယူထွက်ပြေးဖို့ကြိုးစားတာကြောင့် နေရာမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိ စစ်ကောင်စီတပ်ဖွဲ့ဝင်ဇနီးတွေရဲ့ထွက်ဆိုချက်တွေအရ တဦးမှာ အဆိုပါအမြောက်တပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ဇနီး  တပ်ရင်းနောက်တန်းလုံခြုံရေး အမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး ကျန်တဦးမှာ တပ်သားတဦးရဲ့ဇနီး အရံတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ အမြောက်တပ်မှ အမျိုးသမီးရဲမေ ၂ ဦးကို တပ်ဖွဲ့မှ မုံရွာခရိုင်ပကဖကို လွှဲပြောင်းပေးထားပြီး ခရိုင်ပကဖမှတဆင့် တရားရေးကို အပ်လိုက်တယ်လို့ သိရပါတယ်။

၎င်းတို့ထံမှ ရိက္ခာကား ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံး၊ လစာထုတ်စာရင်းနဲ့ အသက်အာမခံကြေးစာရင်းဇယားစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

Black Falcon Guerrilla Forces ဟာ မုံရွာဆေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးသိန်း ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ အခုဖမ်းဆီးမှုကို Democratic Local Coalition တပ်ပေါင်းစုတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မုံရွာ #အမတ၅၀၈ #လုံခြုံရေးခေါင်းဆောင်အမျိုးသမီး၂ဦး #အရှင်ဖမ်းမိ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10