သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတခုမှာ သင်္ချာဘာသာရပ်သင်ပေးနေတဲ့ ဆရာမ ဒေါ်မာလာစိုးဟာ တချိန်က မူလတန်းကျောင်းအုပ်တယောက်ပါ။
၂၀၂၁ စစ်အာဏာသိမ်းတဲ့အခါ အကြမ်းမဖက်အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုမှာ ကျောင်းဆရာမတယောက်အနေနဲ့ သူပါဝင်ခဲ့ပါတယ်။
အဲဒီနောက် သူဟာ နွေဦးတော်လှန်ရေးမှာ တစိုက်မက်မက်ပါဝင်ရင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းကလေးတွေနဲ့ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးလျက်ရှိပါတယ်။
သူဟာ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကနေ ရန်ကုန်ကို အလယ်တန်းကျောင်းသူဘဝမှာ ပြောင်းရွှေ့ခဲ့ပါတယ်။
ပညာရေးကောလိပ်တက်ပြီးနောက် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အနောက်ဘက်ခြမ်းက ကျုံဖာကျေးရွာ မူလတန်းကျောင်းမှာ ၂၀၀၅ ကစ တာဝန်ထမ်းဆောင်ရာကနေ ကျောင်းဆရာမအလုပ်ကို သူဟာ ရေရှည်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။
အဲဒီကျောင်းတခုတည်းမှာပဲ တာဝန်ထမ်းဆောင်ရင်း ၅ နှစ်အကြာ ၂၀၁၀ မှာ သူဟာ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။
သူရဲ့လုပ်သက် ၁၆ နှစ်ကာလအတွင်းမှာ ရွေးကောက်ပွဲ မဲရုံ ၅ ကြိမ်စောင့်ခဲ့ရပြီး ၄ ကြိမ်က မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တာဝန်ကျရာကျေးရွာမှာ သူမဲရုံမှူးလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံဘဲ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာသိမ်းရပါတယ်ဆိုတဲ့ စစ်တပ်ရဲ့ နိုင်ငံရေးဗိုလ်ကျမှုကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သူကြုံလိုက်ရပါတယ်။
အဲဒီနောက် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့သူဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်တဲ့အနေနဲ့ အလုပ်ဆက်မလုပ်တော့ဘဲ သူ့လိုပဲ ပညာရေးဝန်ထမ်းတွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ကြားကပဲ သူဟာ အခွင့်ရရင် ရသလို လမ်းပေါ်ပြောက်ကျားဆန္ဒပြပွဲတွေမှာ ၁ လကျော်ကြာတဲ့အထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က သူတို့ကို ဆန့်ကျင်သူမှန်သမျှကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးတာ၊ စစ်ကြောရေးမှာ သတ်ပစ်တာတွေလုပ်လာတာကြောင့် သူဟာ နီးစပ်ရာနေရာတွေမှာ ရှောင်တိမ်းနေခဲ့ရပါတယ်။
အဲဒီနောက် ဖမ်းဝရမ်းစာရင်းထဲမှာ သူ့နာမည်ပါနေတာကို သိလိုက်ရတဲ့အခါ ဒေါ်မာလာစိုးဟာ သူ့နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ စာသင်ကျောင်းနဲ့ ဝေးရာကို ထွက်ပြေးဖို့ ဖြစ်လာပါတော့တယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကိုရောက်တဲ့အခါ ကရင်ပညာရေးကျောင်းတွေမှာ စာဆက်သင်ဖို့ကို အစက သူစိတ်ကူးခဲ့ပါတယ်။
ဒါပေမဲ့ သူ့လိုပဲ အာဏာသိမ်းစစ်တပ်ရဲ့ အန္တရာယ်ကနေ ထွက်ပြေးတိမ်းရှောင်တဲ့ လူငယ်တွေ တယောက်ပြီး တယောက် ကော့ကရိတ်ကိုရောက်လာပြီး အဲဒိလူငယ်တွေ လက်နက်ကိုင်တော်လှန်ရေးအတွက် စစ်သင်တန်းသွားချိန်မှာ သူလည်းလိုက်သွားရာကနေ ဆေးတပ်သားတယောက် ဖြစ်သွားခဲ့ပါတယ်။
အသက်အရွယ်တခုရောက်သည့်တိုင် ဘဝတလျှောက်လုံး ကျောင်းဆရာမအလုပ်တခုပဲ လုပ်လာဖူးတဲ့သူဟာ တောထဲမှာ လူငယ်လူရွယ်တွေလောက် အပင်ပန်းမခံနိုင်တဲ့အခါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းအသက်စွန့်သွားသူတွေအကြောင်း ပြန်တွေးကာ အားတင်းရှေ့ဆက်ခဲ့တယ်လို့ သူကပြောပါတယ်။
တောထဲမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သူ့လိုအမျိုးသမီးတွေကို တွေ့ခဲ့ရပြီး အဲဒီအမျိုးသမီးတွေရဲ့ပါဝင်မှုကြောင့်လည်း လက်ရှိနွေဦးတော်လှန်ရေးဟာ ရှေ့ကိုပိုရောက်လာခဲ့တယ်လို့ သူကဆိုပါတယ်။
တောထဲမှာ တနှစ်ကျော်ကြာ PDF ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ မိုးကုတ်ကနေ ငယ်စဉ်ကတည်းကသူနဲ့အတူလာနေရင်း ကော့မှူးမှာကျန်နေခဲ့တဲ့ ကျောင်းနေအရွယ် သူ့တူလေးရဲ့ ပညာရေးနဲ့ လုံခြုံရေးအတွက်စဉ်စားပြီး တူလေးကိုလှမ်းခေါ်ကာ တဖက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရားမဝင်လမ်းကြောင်းကနေ ကူးလာခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုရောက်စမှာ သူ့တပ်ဖွဲ့ကို ပြန်လည်ထောက်ပံ့ရေးလုပ်ဖို့ စိတ်ကူး သူ့မှာရှိနေပေမဲ့လည်း တူအရီးနှစ်ယောက် ရပ်တည်ရေးအတွက် အရင်ရုန်းကန်ခဲ့ရပြီး တောင်ယာလုပ်ငန်းလည်း ဝင်လုပ်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
သူမကျွမ်းကျင် အသားမကျနိုင်တဲ့ တောင်ယာအလုပ်ဟာ သူ့အတွက်ပင်ပန်းလွန်းတာကြောင့် လပိုင်းလောက်သာ လုပ်နိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
နောက်တော့ သူနေထိုင်ရာ အနီးဝန်းကျင်က မဲဆောက်မြို့က ရွှေ့ပြောင်းနဲ့ စစ်ရှောင်ကလေးတွေကို စာသင်ရင်းကနေ လက်တလောလုပ်နေတဲ့ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းနဲ့ ချိတ်မိပြီး သူရဲ့မူလဘူတ ကျောင်းဆရာမအလုပ်ကို ပြန်လုပ်ဖြစ်ပါတော့တယ်။
ဒီစာသင်ကျောင်းမှာ သူ့လိုပဲ ခံယူချက်တူ၊ ဘဝတူ တခြားသော ဆရာ၊ ဆရာမတွေလည်းရှိရာ တိုင်တိုင်ပင်ပင်နဲ့ ကလေးတွေ ပညာရေးကို စနစ်တကျဖြစ်အောင် စေတနာထားပြီး အတတ်နိုင်ဆုံး ကြိုးစားသင်ကြားပေးနေကြတယ်လို့ သူကဆိုပါတယ်။
ဆရာမဒေါ်မာလာစိုးဟာ လက်တလောမှာ ထိုင်းနိုင်ငံ၊ မဲဆောက်က မြန်မာကလေးတွေကို စာသင်ပေးနေရင်း သူနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းက ကလေးတွေကိုလည်း သံယောဇဉ်မပြတ်ပါဘူး။
ဒါကြောင့် သူ့မူလတန်းကျောင်းက ကလေးတွေရဲ့ အခြေအနေတွေကိုလည်း သူအမြဲမပြတ် နားစွင့်လျက်ရှိပါတယ်။
သူရဲ့ဖြတ်သန်းမှုအတွေ့အကြုံအရ မြန်မာနိုင်ငံမှာ ဒေသပေါ်မူတည်ပြီး ပညာသင်ကြားခွင့်တန်းတူမရတာကို သိခဲ့ရတာကြောင့် အနာဂတ်မှာ ဒီမညီမျှမှုကိုလျှော့ချပေးဖို့ သူ့မှာစိတ်ကူးနဲ့ ဆုံးဖြတ်ချက်လည်း ရှိနေပါတယ်။
#မြေလတ်အသံ
#ရုပ်သံဆောင်းပါး #အမျိုးသမီးကဏ္ဍ #ဆရာမ #ရွှေ့ပြောင်းစစ်ရှောင် #ပညာရေး
Share Share Share