အရက်ဆိုင်ဖောက်ပြီး အရက်သောက်နေတဲ့ ရဲနဲ့ ပျူစောထီး တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ မြို့မရပ်ကွက်က ပြည်သူပိုင်အရက်ဆိုင်တွေကိုဖောက်ကာ အရက်သောက်နေတဲ့ ရဲနဲ့ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲမှာ မြစ်ခြေမြို့၊  မြို့မရပ်ရဲစခန်းကနေ ထွက်လာတဲ့ ရဲနဲ့ ပျူစောထီး အင်အား ၁၅ ယောက်ဝန်းကျင်က မြို့မရပ်ကွက်၊ ဈေးဟောင်းပန်းခြံနားက တိုက်အမြင့်တွေမှာ နေရာယူထားကာ အဲဒီထဲက ၆ ဦးလောက်က ပန်းခြံအနီး အရက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကိုဖောက်ကာ အရက်သောက်နေတဲ့အချိန် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခွဲလောက်ကြာပြီးနောက် စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ရဲနဲ့ ပျူစောထီးတွေဟာ မြစ်ခြေမြို့ပေါ်က EPC ရုံးထဲကို ဝင်သွားတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးပူပေါင်းအဖွဲ့ဘက်ကတော့ အဲဒီနေ့က မိုးရွာနေတဲ့အပြင် ကျည်အင်အား၊ လက်နက်အင်အား မလုံလောက်လို့  ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြို့မရပ်ကွက်နေ ပြည်သူတွေဟာ မြို့မရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ မကြာမကြာ လာရောက်တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲချတာတွေကြောင့် ရှောင်တိမ်းနေကြတာ ကြာပြီလို့လည်း ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မြစ်ခြေ #မြို့မရဲစခန်း #စစ်အုပ်စု  #တိုက်ခိုက်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10