အရပ်ဝတ်နဲ့စစ်ဆေးနေတဲ့PDFတွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းကဖြစ်ကြောင်းပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ မိသားစုဝင် ၆ ဦးကို ဖမ်းမိ

အရပ်ဝတ်နဲ့စစ်ဆေးနေတဲ့PDFတွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းကဖြစ်ကြောင်းပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ မိသားစုဝင် ၆ ဦးကို ဖမ်းမိ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်အကြား ရန်ကုန်-မန္တလေးအမြန်လမ်းမှာ  မီးသတ်လက်ထောက်ညွှန်ကြားရေးမှူးအပါ စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၆ ဦးကို ဖမ်းဆီးရမိထားတယ်လို့  Aung San’s Land Natmauk အဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ နဲ့ ၃၁ ရက်တွေမှာ အမြန်လမ်းမိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်အနီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းသွားလမ်းလာကားတွေကို အရပ်ဝတ်နဲ့စစ်ဆေးရေးလုပ်ဆောင်စဉ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

" ကျနော်တို့ရဲဘော်တွေကို စခထင်ပြီး သူတို့ကိုယ်တိုင်ဝန်ထမ်းဖြစ်ကြောင်း၊ စခဘက်တော်သားဖြစ်ကြောင်းထုတ်ဖော်ပြောပြီး မှတ်ပုံတင်နဲ့ဖုန်းတွေ တိုက်ဆိုင်စစ်ဆေးတဲ့အခါ သေချာလို့ဖမ်းဆီးခဲ့တာပါ။"လို့ Aung San's Land မှ ဘဏ္ဍာရေးနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Oxygen ကပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီလက်အောက် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဘနဲ့ဇနီး၊  ဒီဇင်ဘာ ၃၁ ရက်မှာ အိမ်စီးကားနဲ့အတူလာတဲ့ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီးအဖွဲ့ဝင် ၁ ဦး၊  ကပစတပ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ စစ်တပ်အရာရှိရဲ့ဇနီး ဒေါ်ယုယုခိုင် စုစုပေါင်း ၆ ဦးကို အသီးသီးဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အမြန်လမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုသာများပြားတာကြောင့် ဖမ်းဆီးခံရသူတွေဟာ  ဒေသကာကွယ်ရေးတပ်တွေဘက်က စစ်ဆေးမှုကို စစ်ကောင်စီတပ်အဖြစ်ထင်မှတ်ကာ ၎င်းတို့မှာတပ်အသိုင်းအဝိုင်းမှဖြစ်ကြောင်း ပြောဆိုလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ဖမ်းဆီးရမိထားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအခြေအနေတွေအရ လတ်တလော ထုတ်ဖော်ပြောဆိုနိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

၎င်းတို့ကို ဖမ်းဆီးရမိပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာမြို့နယ်ပကဖအဖွဲ့တွေထံ လွှဲပြောင်းပေးလိုက်ပြီး နောက်ဆက်တွဲ အရေးယူမှုအပိုင်းကို ပကဖဘက်က ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားသူတွေထဲက မီးသတ်လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဘရဲ့ မိုဘိုင်းဖုန်းကို စစ်ဆေးရာမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံ ပေးပို့ထားတာနဲ့ လာဘ်ငွေယူထားတဲ့ သက်သေအထောက်အထားအချို့ကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။

Aung San’s Land Natmauk အဖွဲ့က မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းမှာ စစ်ရေး လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပေမယ့် စစ်ရေးလိုအပ်ချက်အရ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေလည်းရှိနေတယ်လို့ အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်အပိုင် အမြန်လမ်းမိုင်တိုင်အမှတ် ၃၁၈ အနီးမှာ မြင်းခြံခရိုင်တပ်ရင်း ၄ က ဦးဆောင်ပြီး ခရီးသွားကားတွေကိုစစ်ဆေးတာ၊ စစ်ရေးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေလည်းရှိခဲ့ပါသေးတယ်။

ပုံစာ - အမြန်လမ်းမှာ ဖမ်းမိထားတဲ့ မီးသတ်လက်ထောက်ညွှန်ကြားရေးမှူးနဲ့ဇနီး၊ စစ်ကောင်စီတပ်အရာရှိကတော်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အမြန်လမ်း #ပျော်ဘွယ် #ရမည်းသင်း #PDF #စစ်ဆေးရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10