အရပ်သားကားတွေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်သား ၄ ဦးကို လက်နက်တွေနဲ့အတူဖမ်းမိ

အရပ်သားကားတွေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်သား ၄ ဦးကို လက်နက်တွေနဲ့အတူဖမ်းမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အရပ်သားကားတွေနဲ့ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ကား ၂ စီး၊ သေနတ် ၄ လက်နဲ့အတူဖမ်းမိခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ဇွန် ၂၆ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ တိုက်ပွဲကြားကနေ အရပ်သားကားတွေနဲ့ ထွက်ပြေးလာတဲ့ အဆိုပါစစ်သားတွေကို စစ်ကောင်စီရဲ့ အင်ကြင်းမြိုင် လေကြောင်းကာကွယ်ရေးတပ်အနီးရှိ ကိုရင်လေးတောင်ခြေလမ်းခွဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

"ကပစ က ၂ ယောက်၊ လက်ရုံးတပ်က ၂ ယောက်လို့တော့ အခုသိရပါတယ်။ သက်ဆိုင်ရာက ခေါ်သွားပါပြီ"လို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။ 

ဒီဖမ်းဆီးမှုမှာ ကား ၂ စီးနဲ့  G3 ၃လက်၊ အူစီ ၁ လက် သိမ်းဆည်းမိခဲ့တာလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြန်လည်စတင်ပြီးနောက်မှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်တွေနဲ့ အရံတပ်က စစ်သားတွေကိုပါ မတ္တရာမြို့နယ်အရှေ့ခြမ်းကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။  

မန္တလေးတိုင်းနယ်စပ်နဲ့ ရှမ်းမြောက်ဒေသတို့မှာ ဇွန် ၂၅ ရက်ကတည်းက ၁၀၂၇ စစ်ဆင်ရေးကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချိုနဲ့ မန္တ‌လေးတိုင်းက မိုးကုတ်၊ မတ္တရာ စတဲ့မြို့နယ်တွေကို ထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ နယ်မြေအခြေအနေမငြိမ်သက်သေးသလို စစ်ကောင်စီကလည်း အင်အား ၅၀၀ ကျော်လောက်ကို မန္တလေးဘက်ကနေ မတ္တရာမြို့နယ်အတွင်း ဇွန် ၂၇ ရက်မနေ့က ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနဲ့  ရေစိုတောင်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီး (လကတ ၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDY PDF က ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #၁၀၂၇စစ်ဆင်ရေး #PDF #တိုက်ခိုက် #စစ်သား #ဖမ်းမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10