အရာတော်က စစ်တပ်ဂိတ်စခန်းတိုက်ပွဲမှာ စစ်သား ၅ ဦးသေဆုံးပြီး ဘန်ကာတွေကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ဟုဆို

အရာတော်က စစ်တပ်ဂိတ်စခန်းတိုက်ပွဲမှာ စစ်သား ၅ ဦးသေဆုံးပြီး ဘန်ကာတွေကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အနောက်ဘက်အထွက်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို နိုဝင်ဘာ ၃ ရက် မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဘန်ကာတွေကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ Danger Force LPDF ကပြောပါတယ်။

အရာတော်-ရွှေဘိုကားလမ်းမဘေးရှိ စက်မှုလယ်ယာရုံးထဲ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အချိန် ၁ နာရီကျော်ကြာ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘန်ကာ ၂ ခုထက် မနည်းကို မီးရှို့ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဂိတ်ထိတော့ ဝင်နိုင်ခဲ့တယ်။ စခန်းကိုတော့ မဝင်နိုင်ခဲ့ဘူး"လို့ Danger Force LPDFမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်သား ၅ ဦးကတော့ တိုက်ပွဲအတွင်း ၁ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ပြီး ကျန် ၄ ဦးမှာ အရာတော်မြို့ဆေးရုံကို ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်တွေကို ကိုးကားပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဂိတ်စခန်းတိုက်ခိုက်နေချိန်အတွင်း အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ ၁၀ မှ အင်အားအများအပြားနဲ့ စစ်ကူရောက်ရှိလာခဲ့ပြီးနောက် အင်အားမမျှတော့လို့ ပြန်လည်ဆုတ်ခွာခဲ့ရာ ကာကွယ်ရေးအဖွဲ့တွေက အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အရာတော်မြို့ ဝင်၊ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်ပြီး  နိုဝင်ဘာ ၄ ရက် ဒီနေ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Danger Force LPDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့ ၁၀ ဖွဲ့လောက်ကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ - အရာတော်မြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုလုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ - Ayadaw post)

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စက်မှုလယ်ယာဂိတ် #တိုက်ခိုက်ခံရ #စစ်တပ်ဘန်ကာ #မီးရှို့ဖျက်ဆီး #Local PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10