အရာတော်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

အရာတော်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ် ဇန်နဝါရီလ ၂၁ ရက်မနေ့ကနေ့လယ် ၁၂ နာရီခန့်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၅ ဦးခန့်ရှိတဲ့ အရာတော်မြို့အနောက်ဘက် ကားလမ်းမပေါ်က စက်မှုလယ်ယာစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်း ၁ စီးနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Danger Force LPDFမှ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

"သေစေလောက်တဲ့အထိ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ စကစသုံးကောင်ကို ကား ၁ စီးနဲ့ ဆေးရုံကို ပို့ခဲ့ရတယ်လို့ မြေပြင်ကင်းထောက်တွေက ပြောလာတယ်" လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးနောက် ဂိတ်မှာကျန်ရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ဘေးပတ်ဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ ယမ်းသမ်းပစ်ခတ်တဲ့အပြင် ဂိတ်ကိုလည်း ပိတ်ပြီးတော့ လမ်းသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့တယ်လို့ ကိုမာန်ဟုန်က ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)၊ MRTF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်မှာလည်း အဆိုပါဂိတ်ကို Danger Force LPDF အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10