အရာတော်က ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတချို့ ပြန်မလွတ်သေး

အရာတော်က ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတချို့ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အချိန် ဖမ်းဆီးသွားတဲ့ဒေသခံတွေထဲက တဦးကိုသတ်ဖြတ်ခဲ့ပြီး ဒေသခံတချို့ကို ဒီနေ့အထိဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၄ ရက်က နောင်ကြီးအိုင်ရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တွေဟာ ကြာပင်လှကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးကျဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ GZ Special Task Force(အရာတော်တပ်ခွဲ)တာဝန်ခံ ကိုနတ်ဆိုးက ပြောပါတယ်။

အဲဒီနောက် စစ်တပ်ဟာ မကျီးကန်ကျေးရွာမှ ကွမ်းခူးပြီးပြန်လာတဲ့အမျိုးသမီးနဲ့ ကျောင်းကပြန်လာသူ ၈နှစ် အရွယ်ကလေးငယ်အပါအဝင် လမ်းမှာတွေ့ရှိသူတွေကို ဖမ်းဆီးခဲ့ပြီး နောင်ကြီးအိုင်ရဲစခန်းထဲကို ပြန်ဝင်သွား တယ်လို့ သိရပါတယ်။

"ကလေးနဲ့အမျိုးသမီးကြီးကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်။ အမျိုးသားတွေက ဘယ်ရွာတွေက ဖမ်းလာလဲ မသိဘူး။ ၁၄ ရက်နေ့ တိုက်ပွဲဖြစ်တော့လည်း ဓားစာခံတချို့ပါတယ်" လို့ ကိုနတ်ဆိုးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက် တယ်လို့ကြားသိရပြီး ဖမ်းဆီးခံထားရသူ ဓားစာခံ အမျိုးသား ၅ ဦးခန့်ဟာလည်း ဒီနေ့ညနေပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ သူက ဆိုပါတယ်။ 

နောင်ကြီးအိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နောက်ထပ် တပ်အင်အားတွေ ထပ်ဖြည့်တင်းထား တယ်လို့လည်း သိရပါတယ်။

"သူတို့က စစ်ကြောင်းထိုးတဲ့သဘောတော့ မဟုတ်ဘူး။ စခန်းသိမ်းခံရမှာစိုးလို့ ခံစစ်ကို တော်တော်ပြင်ဆင် နေတယ်လို့ထင်တယ်။ ဒါပေမဲ့ ဘာကြံနေလဲတော့မသိဘူး။ အခုက စစ်ကြောင်းမထိုးဘဲ ဘေးရွာတွေကို ကင်းပတ်တဲ့သဘော အထွက်ပြနေတာ" လို့ ကိုနတ်ဆိုးက ဆက်ပြောပါတယ်။

သြဂုတ် ၁ ရက်ကနေ ၁၅ ရက်အတွင်း အရာတော်မြို့နယ်မှာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး အထိကျဆုံးထားပြီး စစ်ကောင်စီဘက်ကလည်း အနည်းဆုံး ၂၀ ကျော်ကျဆုံးထားတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့ #နောင်ကြီးအိုင်ရဲစခန်း #စစ်ကောင်စီ #PDF #ဓားစာခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10