အရာတော်၊ ဆင်တလည်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၊ ပြည်သူ ၄ ဦးဒဏ်ရာရ

အရာတော်၊ ဆင်တလည်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၊ ပြည်သူ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရတယ်လို့ စစ်ရှောင်ကူညီရေးပြုလုပ်နေသူတဦးက ပြောပါတယ်။


မနေ့ (ဇူလိုင် ၁၇ ရက်) ညနေပိုင်းက စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ပြီးနောက် ည ၈နာရီ ကျော်လောက်မှာ ဆင်တလည်ကျေးရွာကို လက်နက်ကြီးနဲ့လှမ်းပစ်တာဖြစ်ပါတယ်။ 

"လောလောဆယ် အသက် ၈၀ ကျော်အဖွားရယ်၊ ယောကျာ်းလေး ကလေးငယ် ၁ ဦး ရယ်ကို ကျနော်တို့ ဆေးကုပေးနေတယ်။ ကျန်တဲ့ ၂ ဦးကတော့ မသိရသေးဘူး" လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ကျန်ဒဏ်ရာရ ပြည်သူ ၂ ဦးကလည်း ဆင်တလည်ရွာခံတွေဖြစ်ပြီး တခြားတနေရာမှာရှိနေတာမို့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သိရပါတယ်။

မနေ့က မူးမန္တလေးကျေးရွာမီးရှို့ခံရမှုမှာတော့ နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းက မူးမန္တလေး၊ ရွှေကျောင်းကန်နဲ့ ဆင်တလည်ကျေးရွာတွေ အနီးမှာရှိ နေပြီး ဒေသခံအများထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဆင်တလည်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၁၃ ရက်ကလည်း စစ်ကောင်စီတပ်တွေက ကျေးရွာကိုမီးဝင်ရှို့ခဲ့တာ ကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #ဆင်တလည်ကျေးရွာ #လက်နက်ကြီးပစ် #မီးလောင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10